Author's Profile Photo

ဂုဏ်ရည်ကျော်

2/04/2025

နှလုံးသားပြာအိုး (အပိုင်း ၁)

1 min read
Entertainment
Creative

ဥသြငှက်ငယ်တို့၏ လွမ်းတေးသီဆိုသံများနှင့် နီးစပ်လာခဲ့သည်မှာ နွေဦး၏ နိမိတ်ပုံသင်္ကေတများဖြစ်ကြောင်း နားလည်သဘောပေါက်လာခဲ့ရပါသည်။ တက္ကသိုလ်ကျောင်းသားဆောင်များ၏ တိတ်ဆိတ်ခြောက်ကပ်မှုကို ဆောင်ကြဥ်းလာကြောင်းလည်း ပြောသူက ပြောကြသည်။ သို့သော် အဆောင်ကို ချစ်ခင်မြတ်နိုးတွယ်တာလှလွန်း၍ သံယောဇဥ်အမျှင်မပြတ်နိုင်သော ကိုရွှေယောက်ဖတို့မှာ ငြိမ်သက်သောကန်ရေပြင်၏ အကျည်းတန်မှုကို မလိုလားသော ကျောက်စရစ်ကလေးများပမာ အဆောင်၌ ခိုကပ်ကျန်နေခဲ့ကြသည်။

ဘေးချင်းကပ်လျက်တည်ရှိနေသော အဖော်မလိုဘဲ တစ်ကိုယ်တည်းရပ်တည်နိုင်သည့် အဆောင်များရှေ့ကို ကိုရွှေယောက်ဖတစ်သိုက် မကြာခဏ သွားလည်တတ်ကြသည်။ သူတို့အုပ်စုတွင် ဂီတာပါလေ့ရှိသည်။ မီးမှောင်မိုက်ကြီးထဲတွင် ငြိမ်ဝပ်ပိပြားစွာ တရားရှုမှတ်နေသည့် အဆောင်ကြီးထဲမှာ မိန်းကလေးများရှိနေကြလိမ့်မည်ဟု သူတို့ယုံကြည်ကြသည်။ ယုံကြည်သူတို့ကိုးကွယ်ဆည်းကပ်ပူဇော်သည်မှာ ဘာသာရေးဆိုင်ရာ သင်္ကေတများ မဟုတ်ပါပေ။ မိန်းမသားတို့၏ ကောင်းခြင်းငါးဖြာနှင့်တကွသော ဖြားယောင်းမြူဆွယ်မှု၊ ကျီစယ်ကစားမှုတို့ပင်ဖြစ်လေသည်။ စင်စစ်မှန်ကန်သော အမျိုးသမီးကောင်းတို့မှာ ထိုအပြုအမူတို့ကို ပြုလုပ်ကျူးလွန်ကြလိမ့်မည်မဟုတ်သော်လည်း အယောင်ဆောင်မိန်းမသားတို့မှာ မိမိကိုယ်ကို မိမိ ယုံကြည်မှု မရှိစွာ အဖော်အချွတ်ဖြင့် မြူဆွယ်ခြင်းကို အားကိုးအားထားပြုနေကြရလေသည်။ ထို့ကြောင့် ရံဖန်ရံခါ မှိတ်တုတ်မှိတ်တုတ် ဖန်မီးသီးများကို မြင်ရသည်။ အရိပ်ပမာ ပေါ်လိုက်ပျောက်လိုက်ဖြင့် အသံပေးနေသော အခိုက်ကို ကိုရွှေယောက်ဖတို့ ကြုံခဲ့ရသည်။

ထိုအဆောင်၌ အဆောင်မှူးမရှိလား။ ရှိလျှင် တွေ့ခွင့်ပေးပါ။ ထိုမိန်းမတုများ၏ ကိုယ်ကို ထိတွေ့ဖူးချင်ပါသည်။ ရနံ့မရှိသော ပန်းများအဖြစ် ခံစားရမည်လား။ ကိုယ်မရှိသော လေ၏ အသိဖြင့် သူတို့၏ဖြစ်တည်မှုကို အတည်ပြုရမည်လား။ သူတို့၏ စကားသံသည် ပဲ့တင်ထပ်မှု၏ သံစဥ်များကဲ့သို့ ပျံ့လွင့်နေပါမည်လား။ အကယ်၍ ဤသို့ကြုံရမည်ဆိုပါလျှင် သူတို့ကို ကိုရွှေယောက်ဖတို့က နတ်၏ အသွင်ဖြင့် အရှက်ဣန္ဒြေကြီးမားလှစွာသော ချောနှမပျိုများဟု အမည်ပေးကြပါလိမ့်မည်။ အဆောင်သရဲအဖြစ်​တော့ သတ်မှတ်ကြမည်မထင်ပါ။

ဤသို့ ဆန်းကြယ်ခြင်းကို နဖူးတွေ့ဒူးတွေ့ကြုံခဲ့ရမည်ဆိုပါလျှင် ကိုရွှေယောက်ဖတို့သည် သိကြားပျိုမေတို့ကို သနားကရုဏာအပြည့်၊ စာနာမှုအပြည့်ဖြင့် ဘုရား၏တရားတော်များနှင့် မိတ်ဆက်ပေးကာ ဤမှလွန်သည့်ဘဝ၌ သူတို့နှင့် ကြုံဆုံအကျိုးပေးစေရန် ​ကြံဖန်လုပ်ဆောင်ကြပါလိမ့်မည်။ ထို့ကြောင့် သကြန်ခါတော်မီ နှစ်ဆန်းတစ်ရက်၏ မြန်မာ့ရိုးရာဓလေ့တစ်ခုကို သူတို့မျှော်လင့်နေခဲ့ကြပေသည်။ ယခုအခါမှာ ရောက်ရှိလာပေပြီ။

Keep Reading

ကမ္ဘာ့နိုင်ငံရေးဆိုင်ရာအတွေးခေါ်များ (မြင့်စိုးလှိုင်)မမေ့ချင်ဆုံးအမှတ်တရ (သို့) ဒုတိယမြောက် Grade-12 ကျောင်းသားဘဝ (Episode-4)ငွေစုနည်း (ရဲစတိုင်း)မျက်နှာကို တော်တော်တည် ထားသည်လက်ရေးတိုစာရေးမလေးရဲ့ချစ်ပုံပြင် (အောင်မိုး-မြန်မာပြန်)“အပြုံးအလှပိုင်ရှင် ” - သင်မသိသေးတဲ့ သူတို့အကြောင်း ကလေးမလေးအိပ်မက် ၁၅သက်တံ့နန်းကျဘုရင်