မောရိသျှ
ပါးနပ်စွာအခွင့်တောင်းဆိုပါ။
တောင်းဆိုလာမှတော့ ဘယ်သူမှ မငြင်းဆန်ချင်ပါဘူး။ အထူးသဖြင့် အထက်လူကြီးတွေဆီကို တောင်းတောင်း ပန်ပန်နဲ့ တောင်းခံလာတဲ့အခါမျိုးတွေမှာ အထက်လူကြီးတွေ အနေနဲ့ မငြင်းချင်ပေမယ့်၊ အခြေအနေအရ ငြင်းရတာမျိုးတွေ ရှိပါတယ်။ ဒါမှမဟုတ် မလိုက်လျောချင်ဘဲ လိုက်လျောရတာမျိုးတွေ ရှိတတ်ပါတယ်။ ဒါကြောင့် မဖြစ်မနေ အကြောင်းရှိမှသာ တောင်းဆိုပါ။ မလိုအပ်ဘဲ တောင်းဆိုတာမျိုး လုံးဝ မလုပ်ပါနဲ့။ တောင်းဆိုစရာမလိုဘဲ လူကြီးတွေ သိအောင် ခွင်ဖန်ပြီး လမ်းကြောင်းဆင်တတ်ပါစေ။ ပါးနပ်မှုက အင်မတန် အရေးပါတဲ့ ကိုယ်ရည်ကိုယ်သွေးဖြစ်ပါတယ်။ ဘယ်တော့မှ တစ်ပါးလူအတွက် တောင်းဆိုတာမျိုး လုံးဝ မလုပ်ပါနဲ့။ အထူးသဖြင့် မိတ်ဆွေ အပေါင်းအသင်းတွေအတွက် တောင်းဆိုတာမျိုး မလုပ်ပါနဲ့။ ကိုယ်နဲ့ဆိုင်တာ ကိုယ်တိုင် လုပ်တာပဲ ကောင်းပါတယ်။
မလိုအပ်ဘဲ ပြက်ရယ်မပြုနဲ့။
ဟာသဉာဏ်ရွှင်မှုဆိုတာက ပေါင်းသင်းဆက်ဆံရေးကောင်းသူတွေမှာ ရှိကို ရှိသင့်တဲ့ အရည်အသွေးတစ်ခုပါ။ သို့သော် နေရာတိုင်းမှာ ဟာသလုပ်တာမျိုးက အမြင်ကတ်စရာ ကောင်းပါတယ်။ ပေါ့ပြတ်ပြတ်ဆန်တာကြောင့်၊ မလိုအပ်ဘဲ ပြက်ရယ် မပြုမိပါစေနဲ့။ လူတွေရဲ့ ဝတ်စားဆင်ယင်မှု၊ ပြောပုံ ဆိုပုံ၊ စားပုံသောက်ပုံ စသဖြင့် ပုဂ္ဂိုလ်ရေးဆန်တဲ့ ဟာသတွေ မလုပ်ပါနဲ့။
ပြက်ရယ်ပြုစရာ အကြောင်းအရာတွေ အများကြီးရှိပါတယ်။ လူတွေရဲ့ အသွင်အပြင်၊ ပုံပန်းသဏ္ဍာန်ကိုပဲ ကြည့်ပြီး ဝေဖန်သလိုနဲ့ ဟာသလုပ်တာက၊ ဉာဏ်ရွှင်တာ မဟုတ်တော့ဘဲ၊ စော်ကားသလို ဖြစ်သွားနိုင်ပါတယ်။
အဆိုးမြင်သူမဖြစ်စေနဲ့။
လူတိုင်း မကောင်းပြောတတ်ကြပါတယ်။ ပြောလည်း ပြောချင်ကြပါတယ်။ ဒါပေမယ့် လူတွေအမြင်မှာ ကိုယ်က မကောင်းမြင်လွန်းသူ မဖြစ်ပါစေနဲ့။ ဖြစ်နိုင်ရင် မကောင်းစကား မပြောမိအောင် အထူးရှောင်ပါ။ မကောင်းပြောမယ်ဆိုရင်တောင် အကောင်းပြောတာလေးတွေနဲ့ အခံပြုပြီး၊ ထောက်ပြချင်တဲ့ အချက်ကို ထုတ်ပြပါ။ လူမုန်းအောင် မနေပါနဲ့။ လူထဲကလူ လုပ်မှတော့ လူတွေကြိုက်တာကိုပဲ ဦးစားပေးလိုက်တာ ကောင်းပါတယ်။ နေရာတကာ အပြစ်ပြောတတ်တဲ့ အကျင့်ရှိရင်၊ ကောင်းကွက်ရှာတတ်အောင် အရင် ကျင့်ထားပါ။
ကိုယ့်ကိုယ်ကိုအမြဲဆန်းစစ်ဝေဖန်ပါ။
သူများပြောမှ ကိုယ့်အပြစ်မြင်နိုင်တဲ့သူ လုံးဝ မဖြစ်ပါစေနဲ့။ ကိုယ့်အမှားကို ကိုယ်တိုင်မြင်ပြီး၊ ပြုပြင်နိုင်သူ ဖြစ်ပါစေ။ ဘာပဲလုပ်လုပ် မလုပ်ခင်က ကြိုတွေးပါ။ ဘာပဲလုပ်လုပ် လုပ်ပြီးတိုင်းမှာ အမှားအမှန် ဆန်းစစ်ပါ။ ဘာပဲ ပြောပြော မပြောခင်ကတည်းက စကားကြိုတွေးပါ။ ဘာပဲ ပြောပြော ပြောပြီးတိုင်းမှာ ပြောထားသမျှ ပြန်တွေးပြီးတော့ ဆန်းစစ်ပါ။ ကိုယ့်ကိုယ်ကို အမြဲဆန်းစစ်ဝေဖန်သူဟာ ဉာဏ်အမြော်အမြင်ကြီးအောင် လေ့ကျင့်နေပြီးသား ဖြစ်သွားပြီး၊ ကိုယ့်အပြစ်အနာအဆာတွေကို မြင်နိုင်သလို၊ ပြုပြင်နိုင်တဲ့အလျောက်၊ တစ်ပါးသူရဲ့ အပြစ်တွေကို ကြည့်ပြီး၊ ကိုယ်မမှားအောင် ကြိုပြုပြင်နိုင်တဲ့ အကျိုးကျေးဇူး ရှိပါတယ်။
ကြိုမတွေးထားဘဲ ဘာမှ မလုပ်မပြောမိပါစေနဲ့။
စိတ်ခံစားချက်တွေကိုချုပ်တည်းတတ်ပါစေ။
လူဘဝဆိုတာက ဟန်ဆောင်မှုတွေနဲ့ ပြဇာတ်ကနေရသလိုပါပဲ။ သရုပ်ဆောင်ကောင်းမှ လူပီသနိုင်တာပါ။ အခြေအနေအလိုက် ငိုစရာရှိရင်လည်း ငိုပြတတ်ရမှာဖြစ်သလို၊ ရယ်စရာရှိရင်လည်း အကြောင်းမရှိဘဲ ရယ်ပြနိုင်သူ ဖြစ်နိုင်ရပါမယ်။ ဒေါသကို မြိုသိပ်ပြီ၊ ကျေနပ်ပြနိုင်ရမှာဖြစ်သလို၊ ဝမ်းနည်းမှုတွေကို ချုပ်တည်းထားပြီး၊ ကျေနပ်တဲ့ ရုပ်အသွင်နဲ့ လူတွေအကြား ရှင်သန်နိုင်သူ ဖြစ်ရပါမယ်။ မတူညီတဲ့ မျက်နှာဖုံးများစွာနဲ့ ပိရိသေသပ်အောင် သရုပ်ဆောင်တတ်ရင် လူထက်ကလူ ဖြစ်သွားပါပြီ။
အချိန်အခါအလိုက်ပြောင်းလဲလွယ်ပါစေ။
အစွဲကြီးသူလည်း မဖြစ်ပါစေနဲ့။ ခေတ်နောက်ပြန်သမားလည်း မဖြစ်ပါစေနဲ့။ အချိန်အခါအလိုက် ခေတ်မှီသူ ဖြစ်ပါစေ။ သူများထက် ရှေ့ရောက်တဲ့ တွေးခေါ်သူ၊ သူများထက် လွတ်လပ်ပွင့်လင်းတဲ့ အတွေးအမြင်ရှိသူ၊ အများနည်းတူ လက်သင့်ခံနိုင်တဲ့ အသိအမြင်ရှိသူမျိုး ဖြစ်ပါစေ။
ပြောင်းလဲနိုင်ခြင်းက တိုးတက်ခြင်းဖြစ်တယ်။ အပြောင်းအလဲမရှိခြင်းဟာ ဆုတ်ယုတ်နေခြင်း ဖြစ်တယ်။
ပျော်ရွှင်မှုတွေပေးနိုင်းစွမ်းရှိသူဖြစ်ပါစေ။
အရေးကြီးဆုံးသော ကိုယ်ရည်ကိုယ်သွေးဖြစ်ပါတယ်။ ဘယ်သူမှ အပူသည်နား မသွားချင်ပါဘူး။ စိတ်ဆင်းရဲစရာတွေ ဝေးရာမှာပဲ နေချင်ကြတာပါ။ ပေါင်းသင်းဆက်ဆံမယ်ဆိုရင်လည်း ပျော်ပျော်နေတတ်သူတွေကို မက်မောကြတာပါ။ ဒါကြောင့် ကိုယ့်အနား ရောက်လာမယ့် လူတိုင်းကို ပျော်ရွှင်မှုတွေ၊ ကျေနပ်မှုတွေ၊ စိတ်ချမ်းသာမှုတွေကို ပေးနိုင်တဲ့သူပဲ ဖြစ်ပါစေ။ လူ့ချဉ်ဖတ် အဖြစ်မခံပါနဲ့။
အပြစ်နဲ့ကင်းလွတ်နိုင်တဲ့သူ မရှိပါဘူး။ ဒါပေမယ့် အပြစ်အနည်းဆုံးသော လူတော့ ဖြစ်အောင် ကြိုးစားလို့ ရနိုင်ပါတယ်။ လူမှန်ရင် ပူပန်မှုသောကတွေ ကိုယ်ဆီ ရှိကြမှာပါ။ ဒါပေမယ့် သောကနည်းအောင် နေတတ်တဲ့သူတွေဆီကို လူတွေ ပိုပြီး ချဉ်းကပ်ချင်ကြပါတယ်။ ပျော်ရွှင်မှုတွေကို မပေးနိုင်ရင်တောင်၊ သောကတွေနဲ့ စိတ်ဆင်းရဲမှုတွေ မဝေမျှမိပါစေနဲ့။
လူထဲကလူဖြစ်နေခဲ့မှတော့၊ လူတွေနဲ့ အဆင်ပြေတဲ့သူပဲ ဖြစ်ပါစေ။ လူ့ခွစာအဖြစ် နေမယ့်အစား၊ လူတွေနဲ့ အဆင်ပြေတဲ့ သာမှန်လူဖြစ်တာကမှ ပိုကောင်းပါသေးတယ်။ အပူသည် အဖြစ်မခံပါနဲ့။ အပျော်သည်သာ ဖြစ်ပါတယ်။
#မောရိသျှ
အာဏာစက် နည်းဥပဒေသ (၄၈) ရပ် - ရောဘတ်ဂရင်း
Keep Reading