Author's Profile Photo

မောရိသျှ

18/02/2025

ဟိုတစ်ဖက်ကမ်းရောက်တဲ့အထိ ပါးနပ်လိုက်စမ်းပါ

2 mins read
Personal Development
Book Review
General Knowledge
ဟိုတစ်ဖက်ကမ်းရောက်တဲ့အထိ ပါးနပ်လိုက်စမ်းပါ's photo

လူ့ထက်ကလူတွေကို ကြည့်လိုက်ရင် - အကြည့်ကအစ သူများနဲ့ မတူဘူး။ ပြောတိုင်းဆိုတိုင်းမှာ လှုပ်ရှားသွားတဲ့ ကိုယ်အမူအရာ၊ နုတ်အမူအရာ၊ မျက်နှာအနေအထား၊ လက်အနေအထား အားလုံးက အဓိပ္ပါယ်တွေနဲ့ ပြည့်နှက်နေတတ်တယ်။ နေရာတိုင်းမှာ တွေ့ရတတ်ပြီး၊ လူတိုင်းနဲ့ သိတဲ့သူတွေ ဖြစ်တယ်။ နယ်ပယ်စုံမှာ နှံ့စပ်သူဖြစ်သလို၊ အခရာကျတဲ့ ရာထူးဂုဏ်ရှင်တွေနဲ့လည်း ရင်းနှီးကျွမ်းဝင်ကြတယ်။

ရန်သူနဲ့ ဖြစ်စေ၊ မိတ်ဆွေနဲ့ဖြစ်စေ၊ ဘယ်သူနဲ့ပဲ ပေါင်းသင်းဆက်ဆံရပါစေ၊ အပြုံးမပျက်၊ နွေးထွေးတဲ့ လေသံနဲ့၊ စကားမမှားအောင် အထူးသတိထားပြောဆိုတတ်ကြတယ်။ အပြောင်းအလဲမရှိတဲ့ မျက်နှာအနေအထား၊ အသွားအလာ၊ အနေအထိုင်တွေကြောင့် သူတို့ရဲ့ စိတ်နေစိတ်ခံကို ခန့်မှန်းရ အင်မတန်ခက်တယ်။ သူတို့ခံစားချက်တွေကို ဖုံးကွယ်ထားပြီး၊ လူအလိုက် ဆက်ဆံတတ်ကြတာကြောင့်၊ ပေါင်းရသင်းရ လွယ်ကူသလောက်၊ အတော် အန္တရာယ်များတဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်။ 

မော်ကြွားခြင်းကို အထူးရှောင်ပါ။

လူသိရှင်ကြားဖြစ်ရတာတွေ၊ နာမည်ကျော်၊ နာမည်ရတာတွေက မက်လောက်စရာပါ။ အထူးသဖြင့် ကိုယ်နဲ ပတ်သက်ပြီး လူပုံအလယ်မှာ ပြောစမှတ်တွင်သွားရင် သိပ်ပြီး စိတ်ကျေနပ်စရာ ကောင်းပါတယ်။ လူတွေရဲ့ အထင်ကြီးလေးစားမှုကို ရတာက၊ ရွေအိုးကြီးကို ပိုက်ရသလိုမျိုး အင်မတန် စိတ်ချမ်းသာစရာ ကောင်းပါတယ်။ 
ဒါပေမယ့် လူအများရဲ့ ပါးစပ်မှာ ကြိုက်ကြောင်း၊ နှစ်လိုကြောင်း ပြောကောင်း ပြောနေပေမယ့်၊ ကိုယ့်ကို အမြဲတစေ အကဲခတ်နေတဲ့ လူ့ပေါ်ကလူတွေကတော့ ကြိုက်ချင်မှ ကြိုက်မှာပါ။ အထူးသဖြင့် လူ့ပေါ်ကလူတွေက အဲဒီလိုမျိုး မော်ကြွားတာတွေကို ရွံ့မုန်းတတ်ကြပါတယ်။ အောက်ကျို့ နှိမ့်ချပြီး၊ တည်တည်တံ့တံ့ နေတတ်၊ ထိုင်တတ်တဲ့သူတွေကို ပိုပြီး ပေါင်းသင်းဆက်ဆံလိုကြပါတယ်။ ဒါကြောင့် မလိုအပ်ဘဲ၊ မကြွားမဝါပါနဲ့။ အနေအထိုင်ကောင်းအောင် ဆင်ခြင်ပြီး နေပါ။ 

အတင်းလုပ်မပြနဲ့။

ဘာပဲလုပ်လုပ် ကိုယ်လုပ်နိုင်ကြောင်း ပြချင်ရုံသက်သက်နဲ့ အတင်း လုပ်မပြပါနဲ့။ သဘာဝအတိုင်း ပုံမှန်လေးပဲ လုပ်ပါ။ ပါရမီရှိကြောင်းမှန်ရင် လုပ်ပြစရာ မလိုပါဘူး။ တန်ဖိုးရှိတဲ့ အရာကို တန်ဖိုးသိသူတွေ မြင်ပါတယ်။ တန်ဖိုးရှိမှန်း မသိသူတွေကသာ တန်ဖိုးရှိတဲ့ အရာကို မြင်နေလျက်နဲ့ မျက်ကွယ်ပြုသွားတတ်ကြတာ ဖြစ်ပါတယ်။ 

အလုပ်ကို အားကြိုးမာန်တက် လုပ်နိုင်တာက သက်လုံကောင်းသလို ထင်ရပေမယ့်၊ လူတွေ အမြင်မှာ လောဘကြီးသလို၊ အစွဲကြီးသလိုမျိုး အထင်အမြင်လွဲချင်စရာ ဖြစ်သွားနိုင်ပြီး၊ မလုပ်နိုင်ဘဲ မလုံစိတ်နဲ့ အတင်းလုပ်ပြသလို ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ဘယ်တော့မှ လိုတာထက် ပိုမလုပ်ပါနဲ့။ ပုံမှန်လေးပဲ လုပ်ပြပါ။ လုပ်တတ်ရိုးမှန်ရင် လုပ်နိုင်တဲ့သူတွေကို အခွင့်ကောင်းယူတတ်သူတွေက ခိုင်းစားတတ်ပါတယ်။ ဒါကြောင့် လိုတာထက် ပိုပြီး စွမ်းရည် ထုတ်မပြပါနဲ့။ ခိုင်းကောင်းရင် ပိုခိုင်းခံရတယ်။ 

အစွမ်းအစရှိရင်၊ အစွမ်းအစကို တန်ဖိုးထားနိုင်သူတွေကိုပဲ ထုတ်ပြပါ။ နားမလည်သူတွေရှေ့မှာ အတင်း ရှင်းပြလည်း ဘာမှ မထူးပါဘူး။ နေရာမှန်ကို သိပါစေ။

ဖားတတ်ပါစေ။

မြှောက်ခံရတာကို လူတိုင်း ကြိုက်ပါတယ်။ ဒါပေမယ့် လူတိုင်း မမက်ပါဘူး။ အခြေအနေကို ကြည့်ပြီး ပါးနပ်စွာ မြောက်ပြောပါ။ မြောက်တတ်တိုင်း နေရာတကာမှာ မြောက်ပြောနေစရာ မလိုပါဘူး။ မြောက်ပြောဖို့ လိုအပ်လာရင် တိုက်ရိုက်ကြီး မြောက်ပြောတာမျိုးထက် တဖက်လှည့်ပြီး သွယ်ဝိုက်ပြောဆိုတတ်အောင် လေ့ကျင့်ထားပါ။ ဒါမှ မြောက်ခံရတဲ့လူရဲ့ စိတ်ထဲ စွဲသွားမှာ ဖြစ်ပါတယ်။ ကိုယ့်နည်းတူ လူတိုင်းလိုလို မြောက်ပြောကြမှာပါပဲ။ ကိုယ်ပြောတဲ့ စကား မှတ်သွားနိုင်အောင် အထာကျကျ ပြောတတ်ဖို့ လိုအပ်ပါတယ်။ 

သိခံရအောင်ဖန်တတ်ပါစေ။

ဘယ်လောက်ပဲ ထူးချွန်တဲ့သူနေပါစေ၊ တဖက်ကမ်းမြောက် ပါရမီရှင်ပဲ ဖြစ်နေပါစေ၊ လူတွေသိအောင် ကိုယ့်ကိုယ်ကို မချပြနိုင်သရွေ့ ရွက်ပုန်းသီးလိုပဲ၊ လူမြင်ကွင်းထဲကနေ ပျောက်ကွယ်နေမှာပါ။ အဲဒီလို ပြောလို့ လူတွေသိအောင်ဆိုပြီး လူပုံအလယ်မှာ ဘယ်သူဘယ်ဝါပါ၊ ဘာလုပ်တတ်၊ ညာလုပ်တတ်ပါတယ်ရယ်လို့ တဲ့တိုးကြီး ကြော်ငြာလို့တော့ မဖြစ်ပါဘူး။ 

ပညာသားပါပါ၊ အထာကျကျ ခွင်ဖန်ပြီး သိအောင် လုပ်တတ်ရမယ်။ ကိုယ့်အစွမ်းအစကို ပြသခွင့်ရအောင် ကြံတတ်ဖန်တတ်ရမယ်။ လိုအပ်ရင် အရင်းအမြစ်တွေ၊ အချိတ်အဆက်တွေနဲ့ ပူးပေါင်းပြီး ခွင်ဖန်ရမယ်။ သိခံရ အောင် မလုပ်ဘဲနဲ့၊ ထိုင်ညည်းနေလို့ မရတာကို သိပါ။ တိုးတက်ကောင်းမွန်တဲ့ အရည်အချင်း ရှိလျက်နဲ့ လူသိအောင် မလုပ်ဘဲ၊ ပုန်းကွယ်နေရင်တော့ လူဖြစ်ရကျိုး မနပ်တာကို နားလည်ထားပါ။ တန်ဖိုးရှိရိုးမှန်ရင် တန်ဖိုးထားနိုင်မယ့်သူတွေနဲ့ ရင်းနှီးကျွမ်းဝင်ခွင့် ရအောင် ကြိုးစားပါ။ 

#မောရိသျှ
အာဏာစက် နည်းဥပဒေသ (၄၈) ရပ် - ရောဘတ်ဂရင်း

Keep Reading

အချိန်ဆွဲတာကိုကုစားမယ် စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအချိန်ဆွဲတဲ့အကျင့်ဆိုးအင်တာနက်နဲ့ လူနေမှုဘဝ "တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း