Author's Profile Photo

Hsu Wai Wai Aung (Sue Sha May)

16/01/2025

ကျေးဇူးတင်စိတ်နှင့် အသိအမှတ်ပြုခြင်း (Gratitude & Appreciation)

2 mins read
Psychology
ကျေးဇူးတင်စိတ်နှင့် အသိအမှတ်ပြုခြင်း (Gratitude & Appreciation)'s photo

"လူဆိုတာကိုယ့်ကို အသိအမှတ်ပြုတဲ့ ပတ်ဝန်းကျင်မှာပဲ ရှင်သန်နိုင်မှာပဲ"

ကျွန်မတို့အိမ်မှာ ငယ်ငယ်လေးကတည်းက ကိုယ့်အတွက် ထမင်းပွဲလေးပြင်ပေးတာ၊ မီးပူတိုက်ပြီးသား အထည်လေးတွေ ကိုယ့်အခန်းထဲ လာပို့ပေးတာကအစ တစ်ယောက်ကို တစ်ယောက် ကျေးဇူးတင်ပါတယ်လို့ ပြောရတဲ့ အလေ့အကျင့်လေးရှိပါတယ်။ အမေ တစ်ခုခုချက်ကျွေး လုပ်ကျွေးတဲ့အခါမျိုးတွေမှာလည်း "မေမေရေ စားကောင်းတယ် ကျေးဇူးတင်ပါတယ်" လို့ ပြောလေ့ရှိပါတယ်။ ထို့နည်းတူပါပဲ ကျွန်မတို့ သားသမီးတွေက မိဘတွေအတွက် ဘာပဲလုပ်ပေးလုပ်ပေး သူတို့ကလည်း "Thank u သမီးရေ" လို့ အမြဲ ပြန်ပြောလေ့ရှိပါတယ်။ 

ကျေးဇူးတင်စိတ် Gratitude ဆိုတာ တစ်ယောက်ကို တစ်ယောက် အသိအမှတ်ပြုပေးခြင်းပါပဲ။ တစ်ယောက်ကို တစ်ယောက် အသိအမှတ်ပြုကြတော့ ဘာဖြစ်လဲ နေရတာ စိတ်ချမ်းသာရတယ်၊ positive energyလေးတွေ ရတယ်ပေါ့။

အဲ့လိုမှမဟုတ်ဘဲ ထမင်းပွဲပြင်ပေးရတာနဲ့ မီးပူတိုက်ပေးရတဲ့အလုပ်က အိမ်ကလူတွေရဲ့ တာဝန်ပဲ ဘာအသိအမှတ်ပြုစရာ လိုလဲလို့ လုပ်ကြည့်ပါလား။ ပြင်ပေးတဲ့ ထမင်းပွဲကိုလည်း ဘာဖြစ်လို့ ညာဖြစ်လို့ အပြစ်တွေရှာ၊ မီးပူတိုက်ပြီး လာပို့တာကိုလည်း "ထားခဲ့" ဆိုပြီး လေသံမာမာနဲ့ ပြောကြည့်ပါလား။ တစ်ဖက်သူရဲ့ စိတ်ထဲမှာ ဘယ်လိုခံစားသွားရမလဲ။ စေတနာပါပါနဲ့ သူလုပ်ပေးထားရတဲ့ အရာတစ်ခုကို ကိုယ်က အသိအမှတ်မပြုတဲ့အပြင် စကားကိုတောင် လေသံမာမာနဲ့ ပြန်ပြောတဲ့အခါ သူစိတ်မကောင်းဖြစ်မှာပဲ။ ကြာလာရင် လုပ်ပေးချင်စိတ်ကုန်ပြီး အလုပ်တောင် ထွက်ချင်ထွက်သွားလိမ့်မယ်။ 

အဲဒီအစားကိုယ်က အသိအမှတ်ပြုပေး၊ ကျေးဇူးတင်စိတ်လေးနဲ့ ပြန်ပြီး တုန့်ပြန်တဲ့အခါ တစ်ဖက်သူမှာလည်း အမောပြေတယ်။ "ဪ သူ ငါ့စေတနာလေးကို အလေးထားပါလား" ဆိုတဲ့ စိတ်ကလေးနဲ့ သူလည်းကြည်နူးရတယ်။ ကိုယ်လည်း ကြည်နူးရတယ်။ ဒါပဲ။ လူ့ပတ်ဝန်းကျင်မှာ တစ်ယောက်နဲ့တစ်ယောက် ပေါင်းသင်းဆက်ဆံရေး အဆင်ပြေဖို့ဆိုတာက တစ်ယောက်ကို တစ်ယောက် Appreciate လုပ်ရင်း ကျေးဇူးတင်စိတ်လေးနဲ့ နေသွားဖို့ပဲ။ 

ငယ်ငယ်ကတည်းက ကျေးဇူးတင်ပါတယ် ပြောတတ်တဲ့အကျင့်က ကြီးတဲ့အထိ စွဲမြဲလာခဲ့တယ်။ ဒါကိုလည်း ကျေးဇူးတင်မိတယ်။ 

အပြင်သွားလို့ Taxiစီးဖြစ်တဲ့အခါ ကားဆရာကို ကျေးဇူးတင်ပါတယ် အမြဲပြောတယ်။ အမြဲတမ်း ကျသင့်ငွေထက် ပိုက်ဆံကို အနည်းငယ် ပိုပေးလေ့ရှိတယ်။ 

စျေးဝယ်တဲ့အခါ ဆိုင်ရှင်ကို ကျေးဇူးတင်ပါတယ် အမြဲပြောပြီးမှ ဆိုင်ထဲက ထွက်တယ်။ 

စားသောက်ဆိုင်မှာ ကိုယ်မှာထားတဲ့ အစားအသောက်တွေလာချပေးတဲ့ Waiterကိုလည်း ကျေးဇူးတင်ပါတယ်အမြဲပြောတယ်။

သူငယ်ချင်းတွေ၊ မိတ်ဆွေတွေက ကိုယ့်အတွက် တစ်ခုခုလုပ်ပေးတာ၊ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ အကူညီတွေပေးတဲ့အခါတွေမှာလည်း သူတို့ကို ကျေးဇူးတင်ကြောင်း လေးလေးနက်နက်ပြောလေ့ရှိတယ်။

ဒါတွေက ကြည့်လိုက်ရင်တော့ သာမန်အရာတွေပါပဲ။ ဘာမှမကြီးကျယ်ဘူးလို့ ထင်ရပေမဲ့ ကြီးကျယ်တဲ့အရာတွေဖြစ်ပါတယ်။ ကိုယ်ကစလို့ တစ်စုံတစ်ယောက်ရဲ့ တစ်နေ့တာဟာ Positive vibeရပြီး ပြောင်းလဲသွားနိုင်ပါတယ်။ 

Taxi ကားဆရာကို ပိုက်ဆံပြန်မအမ်းနဲ့တော့နော်ဆိုပြီး ပေးလိုက်တဲ့ ကျသင့်ငွေထက် အနည်းငယ်ပိုတဲ့ ပိုက်ဆံဟာ ကိုယ့်အတွက် ဘာမှထူးထူးခြားခြားမဟုတ်ပေမဲ့ တစ်ဖက်သူအတွက်တော့ ဝမ်းသာစရာလေး ဖြစ်သွားနိုင်ပါတယ်။ သူနဲ့ဆက်စပ်တဲ့ နောက်တခြားသော ခရီးသည်တွေကိုလည်း သူဝန်ဆောင်မှု ကောင်းကောင်း ပေးသွားနိုင်ပါလိမ့်မယ်။ ဒါကို Positive Ripple Effectလို့ ခေါ်ပါတယ်။ ကောင်းသော စိတ်ခံစားချက်တွေကို လက်ဆင့်ကမ်းတယ်လို့ ခေါ်ပါတယ်။

ကျွန်မတို့ရဲ့ နေ့စဉ်ဘဝမှာလည်း ကျွန်မတို့အနီးနားမှာ ကျွန်မတို့ကို ချစ်ခင်စွာနဲ့၊ စေတနာမပျက်၊ မေတ္တာမပျက် ကူညီလုပ်ကိုင်ပေးနေကြတဲ့သူတွေကိုလည်း ကျေးဇူးတင်တတ်ရပါမယ်။ အသိအမှတ်ပြု တန်ဖိုးထားပေးတတ်ရပါမယ်။ အခွင့်အခါကြုံတဲ့အခါ ကျေးဇူးတုံ့ပြန်ရပါမယ်။ ကျေးဇူးမတုံ့ပြန်နိုင်ရင်တောင် အပြုအမူအားဖြင့်ဖြစ်စေ၊ စကားလုံးအားဖြင့်ဖြစ်စေ ထိခိုက်နာကျင်အောင် မလုပ်ရပါဘူး။ စေတနာကို တန်ဖိုးမထားရင်တောင်မှ မစော်ကားရဘူး။ ဒါဟာ ကျွန်မတို့ လူမှုတာဝန်တစ်ခုလည်းဖြစ်ပါတယ်။

နေ့စဉ်ဘဝမှာ ကျေးဇူးတရားတွေနဲ့နေပါ။ တစ်ယောက်ကို တစ်ယောက်အသိအမှတ်ပြုပြီး နေရတာ ဘယ်လောက်တောင်မှ စိတ်ချမ်းသာစရာကောင်းလိုက်သလဲ။ မေတ္တာကို သန့်ရှင်းစွာပေးပြီး သန့်ရှင်းစွာ ပြန်လက်ခံရတဲ့ မေတ္တာတွေဟာ သိပ်ကို အေးချမ်းပြီး လှပပါတယ်။

စူးရှမေ

Keep Reading

ပြည်ထောင်စုနှင့်စာပေအချိန်က အရာရာကို မကုစားပါUniverse’s Energy and Frequencyကိုယ့်ပျော်ရွှင်မှုတွေကို တခြားသူဆီကနေ မျှော်လင့်မိတဲ့အခါကျေးဇူးတင်စိတ်နှင့် အသိအမှတ်ပြုခြင်း (Gratitude & Appreciation)ပူဆွေးသောကများကို ရင်ဆိုင်ခြင်းသူ့ဖိနပ်လေး ကျွန်တော်စီးကြည့်တဲ့အခါသနားကြင်နာခြင်းသည် နေရာရွေးသလောကွယ်ဝှက်ထားသော စိတ်ဒဏ်ရာများGaslighting ဆိုတာ?