Author's Profile Photo

Noble

11/05/2025

ကိုယ့်ပျော်ရွှင်မှုတွေကို တခြားသူဆီကနေ မျှော်လင့်မိတဲ့အခါ

2 mins read
Life Style
Psychology
Self Improvement

လူတစ်ယောက်ကြောင့် ကိုယ်ပျော်ရွှင်ရတယ်…. သူ့ကြောင့် ကိုယ် ပြုံးမိ၊ ရယ်မိသွားတယ် …   သူပေးရတဲ့ အချစ်တွေကြောင့် စိတ်ထဲ ကြည်နူးမိတယ်။ သူ့ကိုယ့်ကို အချိန်ပေးပြီး အလေးပေးတဲ့အခါ ကိုယ်စိတ်ချမ်းသာမိတယ်။ ဒီလိုမျိုး တစုံတယောက်က ကိုယ့်ကို ပျော်ရွှင်စေတဲ့ အခိုက်အတန့်တွေကို ကြုံဖူးကြမှာပါ။ 

တခါတရံကျတော့လည်း ကိုယ် မျှော်လင့်ထားသလို တစုံတယောက်က ကိုယ့်အပေါ် ပျော်ရွှင်မှုတွေ မပေးနိုင်တော့တဲ့အခါ ဝမ်းနည်းမိတယ်၊  ကြေကွဲမိတယ်၊  အားမလိုအားမရ ဖြစ်တဲ့အပြင် သူ့အပေါ် အပြစ်တင်စိတ်တွေပါ စုပုံလာပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ များစွာ ဖြစ်လာနိုင်ပါတယ်။ စဥ်းစားကြည့်လိုက်ရင် သိပ်ကို ထူးဆန်းပါတယ်… ကိုယ့်ရဲ့ ပျော်ရွှင်မှုကို တခြားသူဆီကနေ မရလို့ ပူလောင်နေရတာမျိုးပေါ့။ 

ဒီလိုမျိုး သူများဆီက ရတဲ့ ကိုယ့်ရဲ့ ပျော်ရွင်မှုကို အလေးပေးမိတဲ့အခါမှာ ကိုယ်တိုင် ဖန်တီးနိုင်တဲ့ ပျော်ရွှင်မှုတွေကို မေ့လျော့နေတတ်ကြတယ်။ ဒီအချိန်မှာ ပျော်ရွှင်မှုတွေက အကန့်အသတ်တွေ ဖြစ်လာတော့တာပါပဲ….။ ဘာလို့လဲဆိုရင် တခြားသူက ကိုယ့်ကို ပေးသလောက်ပဲ ကိုယ့်မှာ ပျော်ရွှင်ရတော့တာလေ…။ သူနည်းနည်းပဲ ပျော်ရွှင်မှုပေးရင် ကိုယ်နည်းနည်းပဲ ပျော်ရမယ်၊ သူများများ ပေးတဲ့ ပျော်ရွှင်မှုတွေ ဆိုရင် ကိုယ်များများ ပျော်ရွှင်မိမယ်၊ သူ့ဆီက ကိုယ်မျှော်လင့်ထားတဲ့ ပျော်ရွှင်မှုတွေ  လုံးဝ မရတော့ဘူးဆိုရင်တော့ ကိုယ်ရဲ့ ပျော်ရွှင်မှုတွေက ပျောက်ဆုံး လာတော့တာပါပဲ…. 

ကိုယ်ဟာ ကိုယ်ပိုင်ဖန်တီးတဲ့ ပျော်ရွှင်မှုထက် တခြားသူဆီကနေ ရလာမယ့် ပျော်ရွှင်မှုကို မက်မော တတ်တဲ့ သူတစ်ယောက်ဖြစ်ကြောင်း ဘယ်လို လက္ခဏာတွေကနေ သိနိုင်မလဲ? 

(၁)  ခံစားလွယ်တယ် 
တဖက်သူက ကိုယ်ထင်ထားသလို ကိုယ့်အပေါ် ပျော်ရွှင်မှု မပေးတဲ့အခါမှာ အရမ်းခံစားရတယ်၊ အပြစ်တင်စိတ်တွေနဲ့ ထူပူနေတတ်တယ်၊ ဒီစိတ်နဲ့ပဲ အိပ်ချိန် စားချိန်နဲ့ ကိုယ့်ကိုယ့်ကိုတောင် ဂရုမစိုက်အားလောက်အောင် စိတ်ခံစားချက် ပြင်းထန်နေတယ် ဆိုရင်တော့ သေချာတယ်၊ သင်ဟာ သင့်ရဲ့ ပျော်ရွှင်မှုကို တခြားသူဆီမှာ ပုံအပ်ထားနေမိပါပြီ။ 

(၂) သူ့ကြောင့် ကိုယ်ပျော်ရွှင်ရမယ်လို့ တထစ်ချ ယုံကြည်ထားတယ် 
သူရှိနေရင် ငါပျော်ရပြီ။ သူမရှိတဲ့ နေ့ကို ငါမတွေးလောက်အောင် ကြောက်နေတယ်။ ငါသူနဲ့ပဲ အတူဖြတ်သန်းချင်တယ်။ ဒီလို စိတ်ခံစားချက်တွေကြောင့် သူ့ကို ဆုံးရှုံးရမှာ ကြောက်နေတယ် ။ သူပေးတဲ့ ပျော်ရွှင်မှုကိုပဲ အချိန်ပြည့် လိုလားတောင့်တနေပြီ ဆိုရင်တော့ သင်ဟာ ကိုယ်ပိုင် ပျော်ရွှင်မှုကို ဖန်တီးဖို့ အတွက် မေ့လျော့နေသူ တစ်ဦး ဖြစ်နေပြီလို့ ပြောနိုင်ပါတယ်။ 
(၃) ကိုယ့်ခံစားချက်တွေကို သူသိလာစေဖို့ အားထုတ်နေမိတယ် 
သူ့ဆီက ပျော်ရွှင်မှုနဲ့ အလေးပေးမှုကို လိုချင်တယ်၊ ဒါပေမယ့် သူ့ဘက်က သိပုံမရလို့ ဒါကို ဖော်ပြဖို့ နည်းလမ်းပေါင်းစုံနဲ့ အားထုတ်နေမိတယ်၊ ဒီလို အားထုတ်နေရတာနဲ့ပဲ ကိုယ့်ရဲ့ အချိန်တွေ ကုန်ပြီး ကိုယ့်ရဲ့ အားအင်တွေ ကုန်ခမ်းနေရာကနေ ကိုယ့်ရဲ့ ပျော်ရွှင်မှုဟာ ဘာမှန်းမသိ ဖြစ်လာရပြီ ဆိုရင် သင်ဟာ ပျော်ရွှင်မှုကို မလိုအပ်ပဲ ခက်ခက်ခဲခဲ ရယူနေရသူ တစ်ဦးလို့ ပြောရမှာပါပဲ။ 

(၄) ငြင်းပယ်ခံရမှာကို ကြောက်တယ် 
သူပေးတဲ့ ပျော်ရွှင်မှုတွေကိုပဲ အတိုင်းမသိ သာယာပြီးနောက်မှာ သူ့ဆီက ငြင်းပယ်ခံရမှာ ကြောက်လာတယ်၊ သူ့ဆီက အရင်လို ပျော်ရွှင်မှုတွေ မရတော့မှာကို စိုးထိတ်လာတယ်၊ ဒီလိုမျိုး ခံစားချက်တွေကြောင့် ရေရှည် ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေ လုံးပါးပါးလာမှာကို တွေးပူနေရတယ် ဆိုရင်တော့ တခြားသူတစ်ယောက်ပေးတဲ့ ပျော်ရွှင်မှုအပေါ်မှာ လိုတာထက်ပိုပြီး တပ်မက်မိနေပြီ ဖြစ်ပါတယ်။ 

(၅) လိုက်လျောဖို့ ကြိုးစားတယ် 
သူပေးတဲ့ ပျော်ရွှင်မှုတွေ ကို မရမှာကြောက်တဲ့ စိတ်နဲ့ သူ့အလို ဆန္ဒကို လိုက်လျောမိဖို့ ကြိုးစားတယ်၊ သူနဲ့ အဆင်ပြေစေချင်တဲ့ စိတ်ကြောင့် အရာရာမှာ ညှိနှိုင်းပြီး အတင်းလုပ်ယူရတဲ့ အပိုင်းတွေ ရှိလာတယ်၊ ဒီအချိန်မှာ စိတ်ပင်ပန်းစရာတွေ ဖြစ်လာတယ်ဆိုရင် ဒါဟာ ပျော်ရွှင်မှုကို တဖက်လူဆီက အတင်းအကြပ် ဖန်တီးမိနေတဲ့ လက္ခဏာတစ်ခုပဲ ဖြစ်ပါတယ်။  
ဒီလို လက္ခဏာတွေ သင့်မှာ ရှိနေရင် သင်ဟာ သင်ကိုယ်ပိုင် ပျော်ရွှင်မှုကို တခြားသူတစ်ယောက်ဆီမှာ မှီခိုနေသူလို့ ပြောနိုင်ပါတယ်။ ဒီတော့ ဒီပျော်ရွှင်မှုတွေအစား ကိုယ့်ပျော်ရွှင်မှုကို ကိုယ်တိုင် ရှာနိုင်တဲ့ နည်းလမ်းတွေကို ကြိုးစားကြည့်ရအောင်။  ဒီတော့ ပျော်ရွှင်မှုကို ကိုယ်တိုင် ဘယ်လို ရှာကြမလဲ? 

ကိုယ့်ကို ပျော်ရွှင်စေတဲ့ အရာကို အသိဆုံးသူက ကိုယ်ကိုယ်တိုင်ပါပဲ။ တယောက်ချင်းစီအတွက် ပျော်ရွှင်မှု ရနိုင်တဲ့ နေရာတွေက မတူညီနိုင်ဘူးလေ။  တချို့က အပင်လေးတွေ ကြည့်နေရရင် ပျော်တယ်၊ စိတ်ကြည်နူးတယ်။ တချို့ကလည်း ကိုယ်ရဲ့ အနာဂတ် ရည်မှန်းချက်အတွက် ကြိုးစားနေရရင် ပျော်တယ်။ တချို့က ခရီးသွားရတာ ကြိုက်သလို တချို့ကတော့ အစားမြင်ရရင် ပျော်တယ်ဆိုတာလည်း ရှိသေးတာကိုး။ 

တခါတလေကျတော့ ကိုယ့်ကို အဆိပ်အတောက် ဖြစ်စေတဲ့ လူမှု အသိုင်းအဝိုင်းကနေ ရှောင်တိမ်းနိုင်ခြင်းကလည်း ပျော်ရွှင်လွတ်လပ်ခြင်းရဲ့ အစဖြစ်နိုင်သေးတာပါပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် လူတိုင်းက ကိုယ်ပိုင် ပျော်ရွှင်မှုကို ရှာနိုင်တဲ့ အစွမ်းအစ ရှိကြပါတယ်။ ဒါကို Emotional Independence (စိတ်ပိုင်းဆိုင်ရာ မှီခိုမှု ကင်းခြင်း) လို့ ပြောကြပါတယ်။ ဒါကို ဖြေးဖြေးချင်း တည်ဆောက်နိုင်မယ်ဆိုရင် ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေကို ကိုယ်တိုင် ဖန်တီး လာနိုင်မှာ ဖြစ်ပါတယ်။ 

ပျော်ရွှင်မှုတွေဆိုတာ အတူမျှဝေခံစားဖို့ ထိုက်တန်သလို သင်ဟာလည်း ပျော်ရွှင်ဖို့ ထိုက်တန်တဲ့ သူတစ်ယောက်ပါ။ ဒါပေမယ့်  ပျော်ရွှင်မှုတွေဟာ အမြဲတမ်း တခြားသူပေးမှ ရနိုင်တာတော့ မဟုတ်ပါဘူး။ ကိုယ်တိုင်လည်း ဖန်တီးနိုင်တာ ဖြစ်လို့ အကန့်အသတ်မရှိတဲ့ ပျော်ရွှင်မှုတွေကို ကိုယ်တိုင် ဖန်တီးယူတတ်အောင် လေကျင့်ထားဖို့ လိုကြောင်း မျှဝေလိုက်ရပါတယ်။ 

Noble 
(11.5.2025) 

#Noble’sWellnessCorner 

#EmotionalIndependence 

#Happiness 

#ကိုယ့်ပျော်ရွှင်မှုတွေကိုတခြားသူဆီကနေမျှော်လင့်မိတဲ့အခါ

#Sharing

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)