Author's Profile Photo

YII NYAIN

23/03/2026

နိုးထခြင်း

1 min read
Fiction
Psychology
Creative
နိုးထခြင်း's photo



ကျနော် လူတစ်ယောက်ကို သတ်လိုက်မိတယ်။ ဒါက လုံးဝမဖြစ်နိုင်တဲ့ကိစ္စ။ ဒါပေမယ့် ကျနော့် အင်္ကျိ၊ ဘောင်းဘီနဲ့ ဓားကိုင်ထားတဲ့လက်နဲ့ ဓားမှာရော သွေးတွေပေနေတယ်။ ညှီစို့စို့အနံ့တွေကလည်း ကျနော့်နှာခေါင်းထဲထိကို လာပြီးစေးကပ်နေတယ်။
ကျနော် မှတ်မိတာက မနေ့က အလုပ်ထဲမှာ တော်တော် ပင်ပန်းတာနဲ့ ညက အစောကြီးအိပ်ရာဝင်ခဲ့တာပဲ။ ဒါဆိုဘာလို့ တကိုယ်လုံးမှာ ‌သွေးတွေပေနေရတာလဲ။ လက်ထဲကို ဓားကရော ဘယ်လိုရောက်နေတာလဲ။ လူသတ်လိုက်ပြီဆိုရင်ရော သေနေတဲ့လူကဘယ်မှာလဲ။ ကျနော် ဘာတစ်ခုမှစဉ်းစားလို့မရဘူးဖြစ်နေတယ်။ အိမ်ရဲ့ကြမ်းပြင်တွေနဲ့ အိပ်ရာပေါ်မှာလည်း ဘာသွေးစက်မှရှိမနေပြန်ဘူး။
သွေးတွေပေနေတဲ့ ခန္ဓာကိုယ်ပေါ်က အဝတ်အစားတွေကိုကြည့်လိုက်၊ လက်ထဲကဓားဆီကို အာရုံရောက်သွားလိုက်နဲ့။ တကယ်တော့ ဓားလို့သာပြောရတာ။ ဓားက ခဲချွန်ဓားအရွယ်လောက်ပဲရှိတာ။ ဒါနဲ့ လူတစ်ယောက်ကိုသတ်ဖို့ဆိုတာ‌ ဘယ်လိုလုပ်ဖြစ်နိုင်မလဲ။ အသတ်ခံရတဲ့လူကရော ဘာမှမခုခံ မတုံ့ပြန်ခဲ့ဘူးလား။ ဘာလို့လဲဆိုတော့ ကျနော့်မှာ ဘာဒဏ်ရာ ဒဏ်ချက်မှလည်းရှိမနေပြန်ဘူး။
ကျနော်ဘာမှမလုပ်ပဲ ထိုင်နေတာ နာရီဝက်လောက်ရှိပြီဆိုတာ သတိဝင်မှပဲ သွေးတွေပေနေတဲ့အဝတ်အစားတွေကိုလဲပြီး မျက်နှာသစ်၊ သွားတိုက်ဖို့လုပ်တယ်။ ငါလူမသတ်ခင်မှာ မျက်နှာသစ်၊ သွားတိုက်ခဲ့ရင်ရော ဆိုပြီး မှန်ရှေ့မှာ ကိုယ့်ကိုကိုယ်ပြန်ကြည့်နေမိတယ်။ ခေါင်းထဲမှာမေးခွန်းတွေပေါင်းစုံရှိနေပေမယ့်လို့ အဲ့ဒီမေးခွန်းတွေအတွက် အဖြေကို ဘယ်သူ့ဆီမှာမှ ရနိုင်မှာမဟုတ်ဘူးဆိုတာကိုလည်းသိနေတယ်။
မနက်အစောကြီးမှာ ခေါင်းခြောက်စရာတွေနဲ့ အာရုံနောက်နေရတယ်။ ဘာကိုမှတွေးမနေတော့ပဲ လုပ်စရာရှိတာတွေလုပ်ပြီး အလုပ်သွားဖို့ပြင်တယ်။
လွယ်အိတ်ကိုယူရင်း စားပွဲပေါ်က သွေးတွေပေနေတဲ့ ခဲချွန်ဓားကို လှမ်းကြည့်မိတယ်။ ဘာမှစဉ်းစားမနေတော့ပဲ ဓားကိုဘောင်းဘီအိတ်ကပ်ထဲ ကောက်ထည့်လိုက်တယ်။
အလုပ်သွားဖို့အပြင် ထွက်လိုက်တယ်။ မနက်ခင်းတစ်ခုလုံးဟာ စိတ်ရှုပ်စရာတွေပြည့်နေပေမယ့် အပြင်မှာ နွေမနက်ခင်းက သာယာနေတာ ကြည်ကြည်လင်လင်ပဲ။


26 March 23

Keep Reading

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်မေတ္တာမဏ္ဍိုင်အသစ်နှင့်အဟောင်းThe Eternal Existenceသည်းခြေကြိုက် စာအုပ် ၆ အုပ်ဒီကဗျာလေး ဖတ်ကြည့်ပါရပ်တန့်ရမယ့်အချိန်ဆုလာဘ်ဟာရူကီမူရာကာမိဆိုတာ