မောင်ဘုန်းမြင့်[သဘာဝ]

အခန်း (၂) သိစိတ်
“စောနက မင်းပြောတဲ့ ‘စိတ်’ ဆိုတဲ့အထဲမှာ ငါကြားဖူးတဲ့ ‘သိစိတ်’ ဆိုတာရော ပါလား၊ အဲဒီ ‘သိစိတ်’ အကြောင်းကို နည်းနည်းလေး ထပ်ရှင်းပြပါအုံး မောင်ဘုန်း”
ကျော်အောင်ရဲ့အမေးကို ဘေးနားမှာရှိတဲ့ ဝေကျော်ကပါ စိတ်ဝင်တစား နားထောင်နေတယ်။
“အေး... ခန္ဓာကိုယ်တစ်ခုတည်းမှာ လူနှစ်ယောက် ရှိတယ်လို့ ပြောကြတာ ကြားဖူးမှာပေါ့။ အဲဒါက စိတ်မှာ ‘သိစိတ်’ နဲ့ ‘မသိစိတ်’ ရှိတယ်ဆိုတာကို ပြောချင်တာ။ တကယ်တော့ ‘စိတ်’ ဆိုတဲ့အထဲမှာ မင်းပြောတဲ့ သိစိတ်တင်မကဘူး ‘မသိစိတ်’ ဆိုတာလည်း ပါသေးတယ်ကွ။ ထပ်ရှင်းရရင် ‘သိစိတ်’ ကို အင်္ဂလိပ်လို Conscious Mind လို့ ခေါ်တယ်။ ကျွန်တော်တို့ရဲ့ မျက်စိ၊ နား၊ နှာ၊ လှာ၊ ကိုယ် ဆိုတဲ့ အာရုံငါးပါးကတစ်ဆင့် ရရှိတဲ့ အမြင်၊ အကြား၊ အနံ့၊ အရသာ၊ အထိအတွေ့တွေဟာ သိစိတ်ကို ဖြစ်ပေါ်စေတာပဲ”
မောင်ဘုန်းက စက်သေနတ်ပစ်သလို မနားစတမ်း ပြောနေရင်း သိစိတ်ရဲ့ အားနည်းချက်ကိုပါ ထောက်ပြလိုက်တယ်။
“ဒါပေမဲ့ သိစိတ်မှာ အားနည်းချက် ရှိတယ်ကွ။ သူက မှတ်ဉာဏ် အားနည်းတယ်။ သိပ်ကို စိတ်ဝင်စားတဲ့ အရာကိုမှ သူက မှတ်မိလွယ်တာ။ စိတ်မဝင်စားရင် မှတ်မိဖို့ အလွန်ကြိုးစားရသလို၊ မှတ်မိပြန်ရင်လည်း အချိန်ကြာရင် မေ့တတ်ပြန်ရော။ သိစိတ်ဟာ ပြဒါးလိုမျိုး လှုပ်လှုပ်ရှားရှား ရှိနေတတ်ပြီး တည်ငြိမ်မှု မရှိဘူး။ သူက အာရုံခံစားမှုကိုပဲ အမြဲလိုလားနေတာ။ အဲဒီလို အာရုံခံစားနိုင်ဖို့အတွက် သူက စိတ်နှစ်မျိုးနှစ်စား ထပ်ခွဲထုတ်လိုက်ပြန်ရော”
ဝေကျော်နဲ့ ကျော်အောင်နှစ်ယောက်က မောင်ဘုန်းရဲ့ စကားတွေကို မှတ်စုစာအုပ်ကိုယ်စီနဲ့ အသည်းအသန် လိုက်မှတ်နေကြတယ်။
“နံပါတ် (၁) က အပြုသဘောဆောင်တဲ့စိတ် (Constructive Mind သို့မဟုတ် Positive Mind)။ နံပါတ် (၂) ကတော့ အဆိုးဖက်ကိုပဲ ကြည့်တဲ့ ‘အပျက်စိတ်’ ဒါမှမဟုတ် ‘အဖျက်စိတ်’ (Destructive Mind သို့မဟုတ် Negative Mind) ပဲ”
“သူတို့တွေက ဘယ်လိုစိတ်မျိုးတွေလဲဆိုတာ နည်းနည်း ထပ်ရှင်းပြပါအုံး မောင်ဘုန်း”
ဝေကျော်က စိတ်မရှည်သလို ဝင်မေးလိုက်တော့ မောင်ဘုန်းက ပြုံးစိစိနဲ့...
“အေးပါ... ရှင်းပြမှာပေါ့ဟ။ အခုက နည်းနည်း မောသွားလို့ ခဏနားပါရစေဦးဗျာ။ မင်းကလည်း ဇွတ်ပဲဟေ့...”
မောင်ဘုန်းရဲ့ စကားကြောင့် သုံးယောက်သား ပြိုင်တူ ရယ်မောလိုက်ကြတယ်။ အေးမြပြီး လတ်ဆတ်နေတဲ့ လေပြေအေးလေးတွေကြားမှာ ခဏတာ နားလိုက်ရလို့ မောင်ဘုန်းတစ်ယောက် အားအင်တွေ ပြန်ပြည့်လာပုံရပါတယ်။
“ခြုံပြောရရင် ငါတို့လူသားတွေဟာ အပြုစိတ် ထားတာထက် မကောင်းတဲ့ဖက်၊ ဆိုးတဲ့ဖက်ကို ရောက်သွားတဲ့ အပျက်စိတ်ကို ထားမိကြတာက ခပ်များများရယ်။ ကဲ... ဆက်ပြောမယ်။ ပထမတစ်ခုဖြစ်တဲ့ ‘အပြုစိတ်’ ဆိုတာက ငြိမ်းချမ်းတဲ့စိတ်၊ သဒ္ဓါတရားနဲ့ ယုံကြည်တဲ့စိတ်၊ မေတ္တာတရားနဲ့ သူတစ်ပါးကို ကူညီလိုတဲ့စိတ်၊ ကိုယ့်ကိုယ်ကိုယ် အားကိုးတဲ့စိတ်၊ ရဲရင့်တည်ကြည်တဲ့စိတ်၊ ရိုးသားဖြောင့်မတ်တဲ့စိတ်၊ ဝီရိယနဲ့ ဇွဲရှိတဲ့စိတ်၊ သည်းခံစိတ်၊ ကြင်နာသနားစိတ်၊ မှန်ကန်မှုအပေါ် ရပ်တည်တဲ့စိတ် စသဖြင့် အကောင်းဖက်ကို ရောက်အောင် တည်ဆောက်ပေးတဲ့စိတ်တွေ ဖြစ်တယ်”
မောင်ဘုန်းက ခဏရပ်ပြီး ကျော်အောင်နဲ့ ဝေကျော်ကို ကြည့်ကာ အသံကို နည်းနည်းနှိမ့်ပြီး ဆက်ပြောတယ်။
“ဒုတိယတစ်မျိုးဖြစ်တဲ့ ‘အပျက်စိတ်’ ဆိုတာကတော့ မနာလိုဝန်တိုစိတ်၊ ကြောက်စိတ်၊ ဒေါသစိတ်၊ မာနစိတ်၊ ပူပင်သောက ရောက်ရတဲ့စိတ်တွေပေါ့။ ‘ငါတော့ ရောဂါရတော့မှာပဲ၊ စီးပွားပျက်တော့မှာပဲ’ ဆိုပြီး မကောင်းတာတွေကို ကြိုတွေးပြီး စိုးရိမ်နေတာတွေ၊ မုန်းတီးစိတ်၊ လက်စားချေလိုစိတ်၊ သူတစ်ပါးကို ပျက်စီးစေလိုတဲ့စိတ် စသဖြင့် မကောင်းဖက်ကိုပဲ ဦးတည်နေတဲ့ စိတ်တွေပေါ့ကွာ”
မောင်ဘုန်းမြင့်[သဘာဝ]
ရေးသားပြုစုနေဆဲ "The Mind Architect [စိတ်ဗိသုကာ] စာအုပ်မှ။
#မောင်ဘုန်းမြင့်_သဘာဝ #မောင်ဘုန်းမြင့်
Keep Reading