ဖြိုးအာကာ
အခန်း (၁)
ဖျော့တော့တော့ လရောင်အောက်ရှိ တဲအိမ်ငယ်အတွင်းမှ ဝင်ထွန်းတစ်ယောက် ထွက်လာပုံမှာ ခပ်ကုတ်ကုတ် ခပ်လျှိုလျှိုနိုင်လွန်းလှသည်။ ခြံဝင်းဝရောက်သည်အထိ မလုံမလဲသောစိတ်ဖြင့် တဲသို့ခနခနပြန်၍ လှည့်ကြည့်မိသေး၏။ ဝင်းတံခါးကို ဖြည်းညင်းစွာဖွင့်ပြီးနောက် ကိုယ်တစ်ခြမ်းစောင်း၍ ခြံပြင်သို့ထွက်နိုင်သည့်အချိန်မှသာ သက်ပြင်းချမိလိုက်သည်။ ထို့နောက်စီစဉ်ချိန်းချက်ထားသည့်အတိုင်း ရွာလယ်လမ်းမမှတစ်ဆင့် ရွာတောင်ဖျားဆီသို့ ခပ်သုတ်သုတ်လျှောက်လှမ်းလာခဲ့လိုက်၏။
" ကိုအေးစိုး ဗျို့ ကိုအေးစိုး"
" ကျွန်တော် ဝင်းထွန်းပါဗျ"
ချိန်းထားသည့် ခြံရှေ့အရောက်တွင် မိမိရောက်ရှိနေသည်ကို သိစေနိုင်ရန် ခပ်အုပ်အုပ်လှမ်း၍ အသံပေးလိုက်၏။ တဲအတွင်းမှ အကြောင်းပြန်သည့်အသံမကြားရ။ နောက်တစ်ကြိမ်ထပ်ခေါ်မည်အပြုတွင် တဲအတွင်းမှတုန့်ပြန်သံပေး၍ ဆေးပေါ့လိပ်တိုကိုကိုင်လျက် ကိုအေးစိုးဆင်းလာခဲ့သည်။
" အေး လာပြီ ငါ့ကောင်ရေ"
" မင်းကို ထိုင်စောင့်နေတာဟ"
ခြံဝသို့ရောက်လာသည့် ကိုအေးစိုးမှ ဆေးပေါ့လိပ်တိုကိုခဲလျက် ခြံဝင်းတံခါးကိုဖွင့်ပေးပြီးနောက် အထဲသို့ဝင်စေလိုသည့်သဘောဖြင့် အိမ်ဘက်သို့ မေးထိုးပြလေသည်။
" ငါမလိုက်ဖြစ်တော့ဘူးဟ၊ မင်းယောက္ခမကြီး နေမကောင်းထဖြစ်တော့ အတော်ကသီသွားတယ်၊ ညနေထဲကလာပြောဖို့ပဲ၊ တော်ကြာ ညီမလေးသိသွားမှာစိုးတာနဲ့ ငါလည်းမလာလိုက်တော့တာ"
ယောက်ဖဖြစ်သူ ကိုအေးစိုး၏ မလိုက်နိုင်သည့်အကြောင်းကြားရသည့်အခါ ဝင်းထွန်းအတော်စိတ်ပျက်သွားပြီး တဲရှေ့ကွပ်ပျစ်၌ ထိုင်ချလိုက်၏။
" ဒီလိုဆို ကျွန်တော်တစ်ယောက်ထဲ သွားရတော့မှာပေါ့၊ ခင်များကိုအားကိုးထားတာ ခင်များကမလိုက်နိုင်ဘူးဆိုတော့ "
" ငါလည်းတကယ်လိုက်မရလို့ပါဟ၊ မင်းအရမ်းအရေးကြီးနေရင်လည်း ငါ့ပစ္စည်းတွေယူသွားလေ၊ လှေကတော့ နောက်ဖေးကလောခင်းအစပ်မှာ ကပ်ထားတယ်"
" အေးဗျာ ကျွန်တော်လည်း တကယ်အရေးကြီးနေတာ၊ ပိုက်တော့ယူမသွားတော့ဘူး၊ မျှားပဲမှမျှားလိုက်တော့မယ်"
" အေး ဒါဆိုလည်း တီဘူးရော၊မျှားတံရော လှေဝမ်းထဲမှာ ရှိတယ်၊ မင်းမျှားမယ်ဆိုရင်တော့ ဖိုးသာအောင်တို့ ခြံနောက်မှာမျှား လူလည်းရှင်းတယ် ငါးလည်းပေါ့တယ်ကွ"
" ဟုတ်ကဲ့ ဒါဆိုကျွန်တော်သွားပြီနော် လှေကိုတော့ မနက်မှပဲ လာပို့လိုက်မယ်"
ကိုအေးစိုးကို နှုတ်ဆက်လိုက်ပြီးနောက် အိမ်နောက်မှပတ်၍ ကလောခြံအတွင်းသို့ ဆင်းလိုက်သည်။ ခြံစောင်းသို့ရောက်သည်နှင့် ဦးခေါင်းထက်ရှိ တရုတ်လုပ် ဖားရိုက်မီးခေါင်းလေးအားထွန်းလိုက်၏။ ထိုမီး၏ အကူအညီဖြင့် ကပ်ထားသောလှေကို ရှာသည်။ ခပ်ကြာကြာမရှာလိုက်ရ။ ခြံစောင်း၌ မေးတင်းထားသည့် လှေကိုသူတွေ့လိုက်၏။ လှေဝမ်းအတွင်းသို့ တစ်ချက်မွှေကြည့်လိုက်ပြီးနောက် ယနေ့ညအတွက် သူအသုံးပြုရမည့်ပစ္စည်းများကို နှုတ်မှအသံထွက်၍ တစ်ခုချင်းစီ စစ်ဆေးလိုက်သည်။
" လှော်တက်ကဒီမှာ၊ မျှားတံနဲ့တီဘူးကဟိုမှာ ဟုတ်ပြီ အားလုံးစုံပြီ"
သရက်ပင်၌ ချည်ထားသည့်လှေကြိုးကို သူဖြုတ်လိုက်သည်။ လှေပေါ်သို့တက်လိုက်ပြီးနောက် လှော်တက်ကို အားပြင်းပြင်းတစ်ချက်ခတ်၍ စတင်လှုပ်ရှားလိုက်၏။ ထို့နောက် ရေလယ်လည်းမကျ ကမ်းနှင့်လည်း မနီးလွန်းသည့်လမ်းကြောင်းမှတစ်ဆင့် ဖိုးသာအောင်တို့ ခြံဘက်သို့ ဦးတည်လိုက်တော့၏။
အခန်း ၂
စင်စစ်အားဖြင့် ယခုည ငါးရှာမည့်ကိစ္စနှင့်ပတ်သက်၍ လွန်ခဲ့သည့် ငါးရက်လောက်ကပင် သူနှင့်ကိုအေးစိုးတို့ တိုင်ပင်ထားပြီးဖြစ်သည်။ ကိုအေးစိုးသည် သူ့မိန်းမ၏အကိုဖြစ်ပြီး သူ့ကဲ့သို့လယ်ယာလုပ်သားတစ်ဦးတော့မဟုတ်ချေ။ အင်းအတွင်း၌ တစ်ပတ်တစ်ခါ ငါးရှာ၍ရသည့်ငွေဖြင့် သားအမိနှစ်ယောက်ထဲ ရပ်တည်နေကြသူများဖြစ်သည်။ ထို့ကြောင့် ငါးအကြောင်း၊ အင်းအကြောင်း၌ ကျွမ်းကျင်လှသည့် ကိုအေးစိုးပါမလာခြင်းမှာ သူ့အတွက် အားတစ်ခုလျော့သကဲ့သို့ဖြစ်နေ၏။
လူမပါသော်လည်း အထောက်အမအဖြစ် ငါးဖမ်းကိရိယာများနှင့် ငါရနိုင်မည့်နေရာကိုပါ လမ်းညွှန်ပေးလိုက်သည့်အတွက် တော်သေးသည်ဟု ဆိုရပေမည်။ လှေသွားအပ်ချိန်၌ ရသည့်ငါးများအထဲမှ ဟင်းစားလေးခွဲဝေပေးလိုက်အုံးမည်ဟု စိတ်ကူးကာ လှေကို ခပ်သုတ်သုတ်လှော်ပစ်လိုက်၏။
"ဒါက ဦးအေးသိန်းတို့ကုန်း၊ ရှေ့ဆို ဖိုးသာအောင်တို့ခြံ ရောက်ခါနီးပြီ"
သူ့စိတ်အတွင်းမှ ရေရွတ်လျက် တက်ကို တစ်ချက်ခတ်လိုက်သည်။ တတ်နှင့်ရေပြင် ရိုက်ခတ်ရာမှ ထွက်ပေါ်လာသည့် ခပ်တိုးတိုးအသံနှင့် ခြံများအတွင်းရှိ ပိုးမွှားတို့ထံမှထွက်ပေါ်လာသော ခပ်စူးစူးအသံကလေးများသည် ဝန်ကျင်တစ်ခုလုံးကို လွှမ်းမိုးလျက် ရှိနေ၏။
အခန်း ၃
လရောင်အောက်ရှိ အင်းရေပြင်ကျယ်ကြီးကို သူခနခနမြင်ဖူးသည်။ သီတင်းကျွတ်၊တန်ဆောင်မုန်းလို ပွဲတော်ရက်များ၌ ဆွေမျိုးများရှိရာ အင်းတစ်လျှောက်ရှိ ရွာများသို့လည်း ရေလမ်းမှတစ်ဆင့် သွားရောက်လည်ပတ်ခဲ့ကြ၏။ အဖေအတူလိုက်၍လည်း ဟင်စားရှာခဲ့ကြ၏။ သူသာမက အင်းကြီးပတ်လည်ရှိ လူတိုင်းလိုလိုပင် အင်းကြီးနှင့် တစ်နည်းမဟုတ် တစ်နည်းတော့ ပတ်သက်ခဲ့ကြဖူးသူချည်းပင်။
" ဒီအင်းကြီးပြန်ချဲ့တာမှာ တို့ရွာတွေက လုပ်အားတွေ အတော်ပါတယ်ကွ။ ငါရယ်မင်းအဖိုးရယ်ဆို အဲဒီနှစ်က ပဲကိုတောင်ဖြောင့်ဖြောင့်မလုပ်အားပါဘူးကွာ"
အဖေခနခနပြောပြတတ်သည့် အင်းကြီးနှင့် သူတို့မိသားစုအကြား ပတ်သက်ခဲ့ရာရာ အကြောင်းတို့သည် ခေါင်းထဲသို့ ဝင်ရောက်လာပြန်သည်။ အဖိုးရော အဖေပါ မရှိရှာတော့။ အဖေဆုံးသည်မှာ သုံးနှစ်ပင် ပြည့်တော့မည်။
" အရင်တုန်းကဆို ဒီအင်းကြီးက ဘုံအင်းကြီးကွ၊ ငါတွေလည်း ပေါလိုက်တာမှ လွန်ပါရော၊ လူတွေကလည်း ဟင်းစားသဘောလောက်နဲ့ ရှာကြတာ ရောင်းကြချကြတာဆိုတာ ဘယ်ရှိမှာတုံး"
မှန်တော့လည်း မှန်ပေသည်။ ဘုံအင်းဆိုတာကြီးကို ကလေးဘဝက သူကြုံဖူးလိုက်သေး၏။ ထိုစဉ်က အင်းကြီးအတွင်း ဗေဒါဆယ်သည့်ကိစ္စမှစ၍ အင်းဖော်၊ ငါးထည့်သည့် ကိစ္စများအဆုံး အင်းကြီးနှင့်ပတ်သက်သည့်ကိစ္စကြီးငယ်အားလုံးလိုလိုကိုပင် အင်းပတ်လည်ရှိရွာများမှ လူကြီး၊လူငယ်များသာစုပေါင်းလုပ်ကိုင်ခဲ့ကြရသည်။ ကလေးများအဖို့ အင်းဖော်ရာသီများရောက်လျှင် ဖခင်များ၏ လုပ်ငန်းခွင်သို့ တပျော်တပါး လိုက်ပါသွားတတ်ကြသည်။ ဖခင်များရလာသည့် ငါးများအထဲမှ တစ်ကောင်စ၊နှစ်ကောင်စယူ၍ အင်းစောင်း၌ပင် ကင်၍စားကြရသည်မှာ အရသာရှိလွန်းလှသည်။
အင်းဖော်၍ ငါးများ ရောင်းချရာမှ ရရှိလာသော ငွေများကိုလည်း ရွာများ၏ဖွံ့ဖြိုးရေးကိစ္စများနှင့် ဘာသာရေးကိစ္စများ၌သာ အသုံးပြုခဲ့ကြသည်။ အင်းပတ်ဝန်းကျင်ရှိရွာများမှ ကလေးများ၏အားကိုးရာ အလယ်တန်းကျောင်းကလေးမှာလည်း ဤငွေများအထဲကပင် ရုပ်လုံးပေါ်လာခဲ့ခြင်းပင်ဖြစ်သည်။ ထိုကဲ့သို့ အင်းကြီးနှင့်ပတ်သက်၍ ပျော်စရာကောင်းသည့်အချိန်များကို သူမှတ်မိသေးသည်။
ဘုံအင်းမှ ကြေးတိုင်အင်းအဖြစ်သို့ ကူးပြောင်းသွားသည့်နောက်ပိုင်းတွင် အင်းကြီးနှင့် သူတို့ရွာများအကြား ဆက်ဆံရေးမှာ ကျဲပါးသွားတော့သည်။ ကြေးတိုင်အင်းဖြစ်လာသည့် အင်းကြီးကို သူတို့ရွာမှ ဦးသိန်းဝင်းကပင် လေလံဆွဲ၍ လုပ်ကိုင်ခဲ့သည်။ အများနှင့်ဆိုင်ရာမှ ပုဂ္ဂလိကပိုင်အဖြစ်သို့ ရောက်ခဲ့ရသော်လည်း အင်းကြီးနှင့်နှီးနွယ်ကာ အနီးနားပတ်ချာလည်ရှိရွာများမှ လူငယ်များ၏ အလုပ်အကိုင်များမှာ အဆင်ပြေခဲ့ကြ၏။ ခရုစမ်းချင်သူ၊မျှင်တိုက်ချင်သူများအတွက် အဖိုးနှုန်းသက်သက်သာသာနှင့် လုပ်ကိုင်ခွင့်ရခဲ့ကြသလို အင်းဖော်ခြင်း၊ ငါးထည့်ခြင်း ကိစ္စများ၌လည်း ရွာသားများ၏ လုပ်အားကိုသာ အသုံးပြုခဲ့ကြသဖြင့် အလုပ်အကိုင်များအတွက် အဆင်ပြေခဲ့ကြသည်။
ဦးသိန်းဝင်းလက်ထက်၌ အနည်းငယ်ကျဲပါးစပြုလာသော အင်းကြီးနှင့်သူတို့ရွာသားများ၏ ဆက်ဆံရေးသည် ကိုအေးခင်ဆိုသည့် အင်းသူကြီးအသစ် ပြောင်းသွားချိန်တွင် လုံးဝပျက်တောက်ခဲ့ရတော့သည်။ အင်းသူကြီးအသစ်၏ ကြမ်းတမ်းသည်၊ လောဘကြီးသည်ဟူသော သတင်းသည် လူမရောက်ခင်ကပင် ရွာ၌ ဦးစွာပြန့်၍နေခဲ့သည်။ အင်းသူကြီးအသစ် ရောက်ရှိလာသောအခါ အင်း၊ အင်းသူကြီးနှင့် ရွာသားများအကြားတွင် သုံးပွင့်ဆိုင်ဇာတ်လမ်းများပေါ်ပေါက်လာခဲ့တော့၏။
ပထမဦးစွာ ပေါ်ပေါက်လာသည့်ပြဿနာမှာ လူစားထိုးခြင်းပင်ဖြစ်သည်။ ယခင်က ငါးထည့်၊အင်းဖော်ရာ၌ အသုံးပြုခဲ့သည့် ရွားသားများကို ဖြုတ်ပစ်လိုက်ပြီးနောက် မြို့မှပါလာသည့် အင်းသူကြီး၏ တပည့်များနှင့် အစားထိုးလိုက်သည့်အခါ ရွာသားများ မကျေမနပ်ဖြစ်လာကြသည်။ ထို့အပြင် မျှင်တိုက်သူ၊ခရုစမ်းသူများနှင့် အကွက်လိုက်လုပ်ကိုင်သူများထံမှ ငွေများအဆမတန်တောင်းလာသည့်အခါ ငွေအင်အားမတောင့်တင်းသူ ရွာသားများအဖို့ ထိုအခွင့်အရေးများကို လက်လွှတ်ခဲ့ကြပြီးနောက် ၎င်းတို့၏ဒေါသများမှာလည်း ဂိတ်ဆုံးသို့ ရောက်ခဲ့ကြရတော့၏။ အဆိုးဆုံးကိစ္စမှာ မိဘစဉ်ဆက် လုပ်ကိုင်ခွင့်ရခဲ့ကြသည့် ဟင်းစားရှာဖွေခွင့်ကိုပင် လုံးဝခွင့်မပြုတော့ခြင်းဖြစ်သည်။
ထိုအခါ အင်းကြီးနှင့်ပတ်သက်၍ ရွာသားများအကြားတွင် အုပ်စုနှစ်စု ကွဲသွားတော့သည်။ တစ်စုမှာ ကိုအေးစိုးတို့ကဲ့သို့ အင်းသူကြီးအားအရွဲ့တိုက်၍ ပိုက်ခိုးချခြင်း၊ ငါးခိုးမျှားပြုလုပ်ကြသည့် အင်းလုပ်သားဟောင်းများဖြစ်ကြသည်။ အင်းသူကြီးအနေဖြင့် ငါးခိုးသူများကို အတော်ပင်မျက်မုန်းကျိုးသည်။ ထို့ကြောင့် အင်းပတ်လည်၌ ကင်းချခြင်းနှင့် အင်းရေပြင်တစ်လျှောက် ကင်းလှည့်စေခြင်း စသည့်နည်းလမ်းများဖြင့် ထိုငါးခိုးသူများကို မရမကဖမ်းတက်၏။ မိခဲ့ပါကလည်း ဒဏ်ငွေဆောင်ယုံလောက်နှင့်မပြီး မြို့အချုပ်မှတစ်ဆင့် ထောင်ကျသည့်အထိ အရေးယူတက်သည်။ အချုပ်ထဲမရောက်မှီ အင်းသူကြီးတပည့်များ၏ ဆုံးမလက်သီးဒဏ်နှင့်ပင် အတော်မသက်သာလှ။ ထိုကိစ္စနှင့်ပတ်သက်၍ ရွာသားများနှင့် ခနခနအချေအတင်ဖြစ်ရသည်။ မြို့ပေါ်ရှိ သက်ဆိုင်ရာလူကြီးများက ဖမ်းဆီးရာ၌ ရိုက်နှက်ခြင်းမပြုလုပ်ရန် တားသော်လည်းမရ။ ရွာသားများကလည်း ခိုးမြဲအတိုင်းဆက်ခိုး၍ အင်းသူကြီးနှင့်တပည့်များကလည်း ဖမ်းမြဲအတိုင်းဆက်ဖမ်း၊ ရိုက်မြဲအတိုင်း ဆက်ရိုက်၏။
ဒုတိယတစ်စုမှာ ဝင်းထွန်းကဲ့သို့ ခပ်အေးအေးနေချင်ကြသူများဖြစ်သည်။ ထိုကဲ့သို့ ပြဿနာတက်နေကြသည့် အင်းကြီးနှင့် မည်သို့မျှ မပတ်သက်ချင်တော့သည့် လူများဖြစ်ကြ၏။ ယုတ်စွအဆုံး အင်းအနီးသို့ပင် ခြေဦးမလှည့်ကြတော့ပဲ ရွာရှိ လယ်များ၊ခြံများ၌သာ အားစိုက်လုပ်ကိုင်နေတော့သည်။
အခန်း ၄
ဝင်းထွန်းတစ်ယောက် မိမိ၏ ပျံ့လွင့်နေသော အတွေးများကို စုစည်းပြီး လက်ထဲ၌ ကိုင်ထားသည့် လှော်တက်ကို လှေဝမ်းအတွင်းသို့ အသာချလိုက်၏။ ထို့နောက် မျှားတံကို စမ်းယူလိုက်၍ ခေါင်းအထက်မှ ဖာရိုက်ဓာတ်မီးကို ဖွင့်လိုက်သည်။ တီဘူးအတွင်းမှ တီတစ်ကောင်ကို လျင်မြန်စွာ ထုတ်ယူ၍ မျှားချိတ်၌သေချာတပ်ဆင်ပြီးနောက် အားကုန်လွှဲ၍ ကြိုးကိုပစ်လိုက်၏။ ပြည့်ခါနီး၃ရက်အလိုသာရှိတော့သည့် လရောင်၏ အလင်းအားကိုးဖြင့် ဖွင့်ထားသောဖားရိုက်ဓာတ်မီးကို ပြန်၍ပိတ်လိုက်၏။
မျှားတံထိပ်၌ ရောက်ရှိနေသော ဝင်းထွန်း၏ အကြည့်သည် ရေအတွင်း၌ကျနေသည့်ကြိုးထံသို့ရောက်ရှိသွားပြီး ကြိုအစွန်းမျှားချိတ်ရှိ တီကို လာဟပ်မည့် ငါးများကိုပါမြင်ယောင်မိလာသည်။ ငါးကြင်းများ၊ ငါးပတ်များနှင့် သူ့မိန်းမအလွန်ကြိုက်တတ်သည့် ငါးရံများအကြောင်းတွေးမိရာမှ ငါးရံ့အစာသွပ်ဟင်းရည်ကို မြိန်ယှက်စွာ သောက်သုံးနေသည့် မိန်းမ၏ မျက်နှာသည် သူ့စိတ်အတွင်း၌ တဖြည်းဖြည်းပေါ်လာခဲ့၏။
" ဟဲ့ ဝင်းထွန်း နင်အဲဒီအင်းကြီးဘက် လုံးဝမသွားနဲ့နော်၊ အင်းသူကြီးလူတွေကအတော်ဆိုးတယ်ပြောတယ်၊ အဲ့ဒီကရတဲ့ပိုက်ဆံဆို ငါလုံးဝမလိုချင်ဘူး"
မိန်းမ၏ ဝမ်းအတွင်းမှ တိုးလာသောလူဦးရေနှင့် ယိုင်နဲ့နဲ့ အိမ်စီးပွားရေးအတွက် အင်းထဲဆင်းရန် သူစကားစလိုက်ချိန်တွင် မိန်းမဖြစ်သူထံမှ ကန့်ကွက်လိုက်သော စကားများဖြစ်သည်။ တောသူတောင် သားများဖြစ်ကြသည့်အလျောက် ရုံးရောက်ဂတ်ရောက်ရသော ရှုပ်ရှုပ်ယှက်ယှက်အလုပ်မျိုး၌ မိန်းမနည်းတူ ဝင်ထွန်းလည်းမပါချင်။ သို့သော်လည်း ကိုယ်ပိုင်လယ်နှင့်ခြံမရှိသဖြင့် လယ်ရာသီ၌ လယ်ကူလီ၊ ခြံရာသီ၌ ခြံကူလီအဖြစ် လုပ်ကိုင်ရာမှ ရရှိသော ငွေကြေးကလည်း စုနိုင်ဆောင်းနိုင်သည်ဟူ၍မရှိ။ ယခုလို လယ်ရောခြံပါ အလုပ်နားရသည်အချိန်၌ ငုတ်တုတ်ထိုင်၍ နေရသည်မှ လွဲ၍ အခြားလုပ်စရာလည်းမရှိပေ။
မိဘများမှာ လယ်အနည်းအကျဉ်းပိုင်ကြသည့် သူများဖြစ်ကြသော်လည်း မွေးချင်းများသည့် သားသမီးများအားလုံးကို လုံလောက်အောင် ခွဲဝေပေးနိုင်သည့်အထိတော့ မရှိရှာကြပေ။ ထို့ကြောင့် အိမ်ထောင်ကျသည့်အချိန်မှစ၍ လင်မယားနှစ်ယောက်စလုံး လယ်ကူလီ၊ ခြံကူလီများအဖြစ် လုပ်ကိုင်ခဲ့ကြသည်မှာ သမီးကလေးတစ်သက်ပင် ရှိတော့မည်။ သမီးကလေးကလည်း စကားတတ်လှသည်။ ကျောင်းမှသင်ပေးလိုက်သည့် ကဗျာကလေးကလေးများကို တီတီတာတာနှင့် ရွတ်၍ဆိုပြလျှင် သူ့အဖို့အမောဟူသမျှ ပြေရပြန်၏။
ယခုဆိုလျှင် သမီးကလေးနှင့် အတူကစားမည့် အဖော်တစ်ဦး တိုးလာတော့မည်။ သားကလေးလား၊ သမီးကလေးလားတော့သူမသိ။ ကလေးလေး အဆင်ပြေပြေချောချောမွေ့မွေ့ဖြင့် လူ့လောကအတွင်း ရောက်လာစေဖို့သာသူသိသည်။ ထို့ကြောင့်လည်း မိန်းမဖြစ်သူ အတန်တန်တားနေသည့်ကြားမှ အရဲစွန့်၍ အင်းကြီးအတွင်းသို့ သူဆင်းလာခဲ့ခြင်းဖြစ်သည်။
အခန်း ၅
လွင့်မျောနေသော ဝင်းထွန်း၏ စိတ်တို့သည် မျှားတံကို ဇတ်ခနဲ ဆွဲယူခံလိုက်ရချိန်တွင် ပြေပျောက်ကုန်သည်။ ငါးမိသည်ကို သူသိလိုက်၏။ မျှားတံကို ဆွဲကြည့်သော်လည်း မရ။ သူ့ကဲ့သို့သော ယောက်ျားသား လူငယ်တစ်ယောက်၏ အားနှင့်ပင် အတော်လေးဆွဲနေရသည်မို့ သေးသေးမွှားမွှားငါးတော့ ဖြစ်ရန်မထင်။ သူ့မျက်နှာ၌ အပြုံးရိပ်များသန်းလာ၏။ မိနေသည့်ငါး လက်ပန်းကျလောက်သည့်အချိန်အထိ သူခနစောင့်လိုက်ပြီးနောက် အားကုန်သုံး၍ တစ်ချက်ဆောင့်ဆွဲလိုက်၏။
" အားပါးပါး နည်းနည်းနောနော ငါးကြီးပါလား"
ဝမ်းသာလွန်းသဖြင့် သူ့ပါးစပ်မှ အသံထွက်၍ ရေရွတ်မိလိုက်၏။ သူ့မိန်းမကြိုက်တတ်သည့် ငါးရံ့တော့မဟုတ်။ သို့သော်လည်း ပိဿချိန်မည်မျှရှိမည်ကိုပင် မခန့်မှန်းသော ငါးပတ်ကြီးမိသဖြင့် သူအလွန်ပျော်၏။ ငါးပတ်ကြီးကို ရောင်း၍ရသည့်ငွေဖြင့် သူ့မိန်းမကြိုက်တတ်သည့် ငါးရံ့ဟင်းကို ဝယ်ကျွေးနိုင်သည်။ တစ်ကောင်နှင့်မဝလျှင် နှစ်ကောင် ၊ သုံးကောင်အထိ သူဝယ်ကျွေးနိုင်တော့မည်။ သမီးကလေးအတွက်လည်း သီတင်းကျွတ်ပွဲတော်ရက်အတွင်း ဝတ်ဆင်နိုင်ရန် ဂါဝန်လှလှကလေးတစ်စုံ ဝယ်ပေးလိုက်မည်ဟု စိတ်ကူရင်း မျှာချိတ်၌ လှုပ်ခါနေသည့် ငါးပတ်ကြီးကို ဖြုတ်ရန် သူပြင်လိုက်၏။
"ဖောက် - - - ဒေါက် - - -"
ရုတ်တရက် ထွက်ပေါ်လာသည့် အသံကြောင့် ဝင်းထွန်း ခေတ္တတွေသွားသည်။ တစ်ဆက်တည်းမှာပင် လှေဦးသို့ တစ်စုံတစ်ခု လာရောက်ထိမှန်သည့်အသံဖြစ်ကြောင်းကိုလည်း သူချက်ချင်းသိလိုက်၏။ ဖြစ်ပေါ်လျက်ရှိသော ဝမ်းသာကြည်နူးစိတ်များသည် ဘယ်ပျောက်ကုန်သည်မသိ။ စူးစမ်းလိုသည့်စိတ်ဖြင့် ဘေးဘီသို့ တစ်ချက်ကြည့်လိုက်၏။
" ဖောက် ဖောက် ဖောက် - - - ဒေါက် ဒေါက် ဒေါက်"
ကြည့်နေစဉ်အတွင်းမှာပင် လှေ၏နေရာအနှံ့သို့ အဆက်မပျက်လာ၍ ထိမှန်သောအသံများ ပေါ်ထွက်လာပြန်သည်။ တစ်ဆက်တည်းမှာပင် မိမိ၏ လက်မောင်းကို တစ်စုံတစ်ခုလာရောက်ထိမှန်သဖြင့် အောင့်သက်သက်ဝေဒနာကိုလည်းခံစားလိုက်ရ၏။ ခပ်လှမ်းလှမ်းအကွာမှ သူ့ဘက်သို့ လှမ်း၍ထိုးလိုက်သော ဓာတ်မီးရောင်ကို တွေ့လိုက်ရချိန်တွင် ကင်းလှည့်လာသည့် အင်းလုပ်သားများ၏ လောက်လေးဂွများ ပစ်လွှတ်ခြင်းဖြစ်ကြောင်းကို သူသိလိုက်၏။
မိထားသောငါးပတ်ကြီးနှင်တကွ လက်မောင်းရင်းရှိ အောင့်သက်သက်ဝေဒနာကို သူသတိမရတော့။ ကြောက်ဇောလန့်ဇောများဖြင့် ရှိသမျှအားကုန်ထုတ်၍ ကမ်းသို့လှော်ပစ်လိုက်၏။ ကမ်းသို့ကပ်သည်နှင့်တစ်ပြိုင်နက် ခြံကုန်းပေါ်သို့ ပြေတက်ရန်ပြင်ဆင်လိုက်ချိန်တွင်
"ခွပ်"
သူ၏မျက်လုံးများ ပြာသွားပြီးနောက် မျက်နှာပြင်တစ်ခုလုံး ပူထူသွားသည်ကို ခံစားလိုက်ရ၏။ မျက်နှာမှ နာကျင်မှုမဆုံးမီ ဝမ်းဗိုက်သို့ ဝင်ရောက်လာသည့် လက်သီးဒဏ်ကြောင့် သူလဲကျသွားသည်။ ခြံကုန်းပေါ်ရှိ ကင်းစောင့်အင်းသား၏ အလစ်အငိုက် လက်သီးဒဏ်များအောက်မှ သူရုန်းထွက်၍ မရတော့ပေ။
"ငါးခိုးတွေ ဒီဘက်မှာ သောင်းကျန်းနေတာကြာပြီ"
" ဟေ့ကောင် သူခိုး ခိုးချင်အုံးကွာ"
" တော်သေးတယ်ဟ မင်းကုန်းပေါ်မှာ ရှိလို့ ခုမှမိ
တော့တယ် သူခိုး"
ပြာဝေနေသည့် မျက်လုံးများပေါ်သို့ စူးစိုက်ကျရောက်လာသည့် ဓာတ်မီးရောင်များကို ဝေဝါးစွာ သူမြင်နေရသည်။ တစ်ယောက်တစ်ပေါက် ထွက်ပေါ်လာသည့် ညစ်ညစ်ညမ်းညမ်းအော်ဟစ်ဆဲဆိုသံများနှင့် ကြိမ်းမောင်းသံများကိုလည်း သူကြားနေရ၏။ သူ၏မျက်လုံးများသည် ဝေးဝါရာမှတဆင့် တဖြည်းဖြည်း မှိန်၍လာပြီးနောက် ဓာတ်မီးရောင်များ၊ ညစ်ညမ်းသောကြိမ်းမောင်းသံများနှင့် ဝေးကွာလာသည်ဟု ခံစားလိုက်ရ၏။ ထိုအချိန်တွင် သူ၏ မျက်လုံးထဲ၌ သီတင်းကျွတ်လပြည့်ည ဆွေးမျိုးများအိမ်သို့ သွားရောက်လည်ပတ်နေသည့် မိသားစုပုံရိပ်သည် တဖြည်းဖြည်းပေါ်လာပြီးနောက် သူနှင့်သူ့မိန်းမအကြား လမ်းလျှောက်လျက်ပါသော သမီးကလေး၏ ကဗျာရွတ်သံ စူးစူးကလေးကိုလည်း ကြားလိုက်ရပေသည်။
"ငါးကလေးတစ်ကောင် ဖမ်းမိတယ်
ဘာဖြစ်လို့ လွှတ်လိုက်တယ်
ကျွန်တော့်လက်ကို သူကိုက်တယ်
အာလောက်လောက် အာလောက်လောက်"
ဖြိုးအာကာ
Keep Reading