Author's Profile Photo

Myat Thein Khaing

16/11/2024

ကိုတင့်ဌေးအကြောင်းပြောဖြစ်တဲ့နေ့က

5 mins read
Creative
ကိုတင့်ဌေးအကြောင်းပြောဖြစ်တဲ့နေ့က's photo



သာမန်လူတစ်ယောက်အကြောင်းကိုတော့ ကျွန်တော်တို့ အထူးတလည် ပြောဖြစ်ကြမည်မထင်ပါ။ ထူးခြားကောင်းမွန်သောစရိုက်၊သို့မဟုတ် ထူးခြားယုတ်မာလွန်းသော စရိုက်ရှိသူတို့ကိုတော့ စကားကြုံတိုင်း ပြောဖြစ်ကြလိမ့်မည်ဟုထင်ပါသည်။

လူတစ်ယောက်အကြောင်းကို အများဆုံးကြားရသည်က ထိုလူတစ်ယောက်ကွယ်လွန်သွားသည့်အချိန်မှာပင်ဖြစ်သည်။ ဝိဉာဉ်မဲ့ခန္ဓာကိုယ်ကြီးရဲ့ဘေးမှာ ပဲကြီးလှော်ဝါးရင်း၊ ကွမ်းဝါးရင်း၊ သကြားလုံးကို ငုံရင်း သူရှိတုန်းကပေါ့။ သူကွယ်လွန်ခါနီးတုန်းကလေ၊ သူကလေ သည်လို အစချီသည့် စကားတွေနှင့် ကွယ်လူသူ၏ ကောင်းနိုးနိုးရာရာ အကြောင်းအရာလေးတွေကို ပြောပြနေတတ်ကြသည်။ သည်စကားတွေကိုတော့ ကျွန်တော့်အနေဖြင့်အယုံအကြည် ကင်းမဲ့နေတတ်၏။ ကမ္ဘာကြီးကနေ ကိုယ်နှင့်အရင်းနှီးဆုံး လူတစ်ယောက် စွန့်ခွာသွားတိုင်း ကျွန်တော်ဝမ်းမနည်းမိတာကတော့အမှန်ပါ။ တချို့ဘဝတွေ လူ့အဖြစ်ရရှိလာတာက ဒုက္ခတွေ ခံဖို့သက်သက်ပါပဲ။ သည်တော့ နောက်ဘဝတစ်ခုမှာ သူ့ဘဝလေး အဆင်ပြေပြေ အေးအေးလူလူ ရှိ‌ပါစေတော့ ဆိုပြီးတိုးတိုးတိတ်တိတ် ဆုတောင်းပေးမိယုံကလွဲ၍ တခြား မယ်မယ်ရရ ပြောစရာ ကျွန်တော့်မှာ မရှိပါ။

ယခုလို မိုးတွေအစပ်မပြတ်ရွာသည့်နေ့မှာ ကိုတင့်ဌေးက သူ့ခန္ဓာကိုယ်အဟောင်းကြီးကို ထားရစ်ပစ်ခဲ့သည်။ ကျွန်တော့် လူပျိုဘဝကို ပထမဆုံးခြေလှမ်း စတင်ဝင်ရောက်သည့်အချိန်မှာ ကိုတင့်ဌေးက လူပျိုကြီးဖြစ်နေပြီ။သည်တုန်းက ယခုလို ကိစ္စတစ်ခုရှိလျှင် ဟဲလိုဆိုပြီး လုပ်လို့ရသည့်ခေတ် မဟုတ်သလို တစ်ခုခုသိစရာရှိသည့်အခါ အင်တာနက်ပေါ်မှာ တက်ရှာလိုရသည့်ခေတ်လည်းမဟုတ်ပါ။ အဖြူအမဲနှင့်ပြသည့် ဗီဒီယိုရုံမှာ ဝင်ကြေးက ငါးကျပ်။ ကာလနှင့်ဆို နှစ်ဆယ်။ နေ့တိုင်းဘယ်သူမှမကြည့်နိုင်။ ကိုတင့်ဌေးပဲနယ်သည့် ညဆို ကျွန်တော်တို့က သူနှင့်အတူတူလှည်းစီးရင်း သူပြောပြသည့် ပုံပြင်တွေ၊ ဟာသတွေ၊ လိင်အကြောင်းတွေကို နားထောင်းရင်း ပျင်းစရာကောင်းသည့် ညတွေကို ကုန်လွန်စေခဲ့၏။ ကိုတင့်ဌေးက စာဖတ်ဝါသနာပါသည်။ သည်တော့ သူ့မှာပြောစရာတွေက များသည်။ ကျောင်းစာတစ်ဖက်နှင့်ဆိုတော့ ကျွန်တော်က ကိုတင့်ဌေးဆီကို မရောက်ဖြစ်တာက များသည်။ တစ်ခါတစ်လေ ဘယ်ကို လျှောက်လည်ရင်ကောင်းမလဲ စဉ်းစားလိုက်တိုင်း အဦးဆုံးပေါ်လာတာက ကိုတင့်ဌေးပဲ။ ကိုတင့်ဌေးက မယ်ဒလင်လည်းတီးတတ်သည်။ မယ်ဒလင်အသံကို နှစ်ခြိုက်သော်လည်း ကိုတင့်ဌေးဆိုသည့် သီးချင်းတွေကိုတော့ မခံစားတတ်ခဲ့ပါ။

တောသူတောင်သား ကိုင်းသမားဆိုတော့ စိတ်တွေက ရိုးသား ဖြူစင်လွန်းသည်။ သူ့ရင်ထဲရှိသမျှ ခံစားချက်တွေကို ပဲနယ်သည့်ည၊ အလုပ်အားသည့် လပြည့်ည၊ မြန့်မာ့ ပွဲလမ်းသဘင်တွေရှိသည့်အခါမျိုးဆို ကျွန်တော်တို့ကြားရတတ်သည်။
"ကောင်လေးတို့ရာ လူ့ဘဝဖြစ်ရတာ မလွယ်ပါဘူးကွာ။ ဘုရားသခင်ဟာ ဒီခံစားတတ်တဲ့ နှလုံးသားကို ဘာကြောင့်ထည့်ပေးရလဲဆိုတာ ငါမစဉ်းစားတတ်ဘူး"
သူက ဤသို့ပြောပြောပြီး သက်ပြင်းချလေ့ရှိသည်။ သူဘာတွေ ခံစားနေရသည်လဲဆိုတာ ကျွန်တော်တို့နားလည်မခံစားတတ်ခဲ့ပါ။ ကိုတင့်ဌေးဆီမှာ မကောင်းတာဆို၍ တစ်ခါတစ်လေ အရက်ကလေး သောက်တတ်တာပါပဲ။သို့သော် ကျွန်တော်တို့ရှေ့မှာ သူတစ်ခါမှမသောက်။ အရက်သောက်ရအောင်လည်း ကျွန်တော်တို့ကို ဘယ်တော့မှ မဲမဆွယ်။ ကိုတင့်ဌေး မူးလာလျှင် တစ်ရွာလုံးသိသည်။ ရွာထိပ်ကနေ သီချင်းတွေ တစ်ပုဒ်ပြီး တစ်ပုဒ် အော်ဆို လာတတ်သည်။ အဆိုတော် ဟင်္သာတထွန်းရင်ရဲ့ သီချင်းကို ဖြတ်ဖြတ်ဆိုတတ်သည်။
"အမေ့ အသဲနှလုံးလွင့်ကာကျတယ်။ အသဲနှလုံးက စကားပြောလာပြီကွယ်"
"သား လူလေး။ မောင်တင့်ဌေး ဘယ်နာနာသွားလဲ"
"ဟား ဟား"
သူ့ဘာသူဆို သူ့ဘာသာ ရယ်နေတတ်သည်။ သူ့အိမ်ရှေ့ရောက်လျှင်
"အမေ ဒေါ်သိန်း။ အမေ သိန်း။ အမေ့ကို ချစ်တယ်နော်"
ဟူ၍ အကျယ်ကြီး သုံးခါလောက် အော်ပြောတတ်သည်။

အမေတစ်ခု သားတစ်ခုမို့ ကို‌တင့်ဌေးက သူ့အမေကို တော်တော်လေးချစ်သည်။ သူ့အမေကို ဘာမျှမခိုင်း။ ရှိသမျှ အလုပ်တွေကို သူအကုန်လုပ်သည်။ ထမင်းချက်၊ ရေခပ်၊ ထင်းခွဲ၊ ကိုင်းထဲဆင်း၊ နွားကြည့် သူပဲလုပ်သည်။ သူ့အမေကလည်း သူ့သား ကိုတင့်ဌေးကို တော်တော်လေး ချစ်သည်။
"လူလေး လူလေး "ဆိုတာက နှုတ်ဖျားကမချ။ တစ်ရွာလုံးမှာ ကိုတင့်ဌေးတို့သားအမိကို အားကျကြသည်။

တဖြည်းဖြည်း အရွယ်ရင့်လာသော ကိုတင့်ဌေးကို
"ဘယ်လိုလဲဗျ အဖေခါးကုန်း သားစားတုန်း ဖြစ်နေဦးမယ်"
ကျွန်တော်တို့နောက်သည့်အခါ ကိုတင့်ဌေးက
"အသက် ဆယ့်ခြောက်နှစ်လောက်မှာ ငါ့ပွင့်ဦးပန်းကလေး အိမ်ထောင်ပြုသွားတဲ့အချိန်ကစပြီး နှလုံးသားက သွေးဆုံးသွားခဲ့ပါပြီကွာ"ဟု ရယ်ရယ်မောမော ပြောပြတတ်သည်။ သူရယ်နေသော်လည်း သူ့ဝိဉာဉ်မှာ ပင်ပမ်းမောဟိုက် နေပေလိမ့်မည်။ နှလုံးခုန်တက်စအရွယ်၊ စိတ်ကူးယဉ်တတ်သည့် အရွယ် ကျွန်တော်တို့မှာ ကိုတင်ဌေးရဲ့ခံစားမူကို ကိုင်းကူး ခံစားတတ်ခဲ့ပြီ။ ဒဏ်ရာက နာကျင်မှုကိုတော့ သတိရစေမှာပဲလေ။

ကြာပန်းတွေပွင့်သည့်လမှာ ကျွန်တော်အဝေးသင်တက္ကသိုလ်သွားတတ်သည်။ စာမေးပွဲဖြေပြီးပြန်လာတော့ ကိုတင့်ဌေး မိန်းမယူသွားပြီဟု သူငယ်ချင်းတချို့ ပြောပြ၍ သိခဲ့ရသည်။ ကျွန်တော်တို့ရွာရဲ့ နှစ်ရွာကျော် ကျောင်းကုန်းဆိုသည့်ရွာက မိန်းမနှင့်ဖြစ်သည်။ သူ့အမေး အတင်းတိုက်တွန်းသဖြင့် အမေစိတ်ချမ်းသာအောင် အိမ်ထောင်ပြုလိုက်ခြင်းဖြစ်သည်။ ဤသည်ကိုတော့ ကျွန်တော်တို့ယုံပါသည်။ သူ့အားလပ်သည့်အချိန်များသည် ကျွန်တော်တို့နှင့်အတူ တောပြောတောင်ပြော ပြောခြင်းဖြင့် ကုန်ဆုံးသွားတတ်သောကြောင့်ဖြစ်ပါသည်။

ယခုဆို ကိုတင့်ဌေးပခုံးပေါ်သို့ တာဝန်တစ်ခု ထပ်တိုးလာသည်။ ဟိုယခင်တုန်းက မွေးမေဒေါ်သိန်း၏ တာဝန်တစ်ခုသာ ရှိခဲ့သော ကိုတင့်ဌေးသည် ယခုတော့ ဇနီးတာဝန်၊ ယောက္ခမတာဝန်တွေပိုတိုးလာသည်။ ချစ်ရသည့် ဇနီးက ယောင်နောက်ဆံထုံးမပါချင်သဖြင့် ယောင်ကဆံထုံးနောက်သို့ လိုက်သွားခဲ့ရသည်။ ကိုတင့်ဌေးမရှိတော့ ဒေါ်သိန်းက သူ့ဘာသာ ချက်ပြုတ်စားသောက်ရသည်။ ညဘက်ဆိုလည်း တစ်ယောက်တည်း အိပ်ရသည်။ အဝေးရောက်သားအကြောင်းကို ညစဉ်ညတိုင်း တွေးမိနေသလို အဝေးနေသားကလည်း ညစဉ်ညတိုင်း တွေးနေမိမှာမလွဲပါ။ မိန်းမရပြီးနောက်ပိုင်း တစ်ရွာသားဖြစ်သွားသော ကိုတင့်ဌေးနှင့်ကျွန်တော်တို့ သိပ်မဆုံဖြစ်ကြတော့။ ကျွန်တော်တို့ကတော့ သတိရတိုင်း သူ့အကြောင်းပြောဖြစ်သေးသည်။

တစ်နေ့ ကိုတင့်ဌေး သူ့အမေအိမ်မှာ လေးငါးညပြန်အိပ်သည်။ ကျွန်တော်တို့ကတော့ သူ့အမေကို သတိရ၍ အလည်လာသည်ဟု ထင်နေသည်။ သူကလည်း ဘာမျှမပြော။ အလည်လာသည်ဟုပဲပြောသည်။ သို့သော် သူ့ရုပ်ရည်က ဟိုအလျင်တုန်းက ကိုတင့်ဌေးမျက်နှာလိုမဟုတ်တော့။ ရည်ရွမ်းပတ်ရွမ်းမပြောတတ်တော့။ မပြုံးတတ်တော့။ တဟားဟားနှင့်အော်မရယ်တတ်တော့။ ဝိဉာဉ်နှင့်ခန္ဓာကိုယ်ပူးတွဲရှိနေသော်လည်း ဝိဉာဉ်ကသက်သက်၊ခန္ဓာကိုယ်ကသက်သက် ငါးတစ်ကောင်ကို ထက်ပိုင်းပိုင်းထားသလို ခေါင်းနှင့်ကိုယ် သက်သက်စီဖြစ်နေသည်။ မနက်ဖြန်သူပြန်မည်ဆိုတော့ ထိုညက ကျွန်တော်တို့ သူတို့အိမ်ရဲ့နွားတင်းကုပ်ထဲမှာ ကောက်ရိုးတွေခင်းပြီးထိုင်ကာ တစ်ညလုံး စကားတွေပြောကြသည်။

နောက်တစ်ခါဆုံတော့ သူ့အမေရဲ့နာရေးမှာ။ သားကိုလွမ်းသည့်စိတ်၊တစ်ယောက်တည်းနေရသည့် အထီးကျန်စိတ်များက အဘွားဒေါ်သိန်းကို ဘဝတစ်ပါးသို့ ကူးပြောင်းခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပေလိမ့်မည်။ အဘွားသိန်း၏ ခန္ဓာကိုယ်ကို အခေါင်းထဲထည့်တော့
"အမေ ဒေါ်သိန်း။ အမေ့ကို ချစ်တယ်နော်။ မကြာခင် သားလည်း လိုက်လာမှာပါအမေရယ်။ ဘာမှ အားမငယ်နဲ့နော်။ နောက်ဘဝတစ်ခုမှာ အမေနဲ့သားအရင်လိုနေကြ‌တာပေါ့"
ကိုတင့်ဌေးက တည်တည်ငြိမ်ငြိမ်ပဲ စကားတွေပြောတော့ ကျွန်တော်တို့တောင် အံ့ဩရသည်။ ကျွန်တော်တို့ တွေးထင်ထားသည်က လွဲချော်နေသည်။ ဘဝမှာ ကြီးကြီးမားမား တွယ်တာစရာဆို၍ အမေတစ်ယောက်သာရှိခဲ့သော ကိုတင့်ဌေးက ကြေကြေကွဲကွဲဆို့ဆို့နင့်နင့် ငိုကြွေးလိမ့်မည်ဟု ကျွန်တော်တို့ တွေးထင်ထားခဲ့သောကြောင့် ဖြစ်ပါသည်။

သူ့အမေကွယ်လွန်ပြီး တစ်နှင်းတင်းတင်းပြည့်သည့်နေ့မှာ ကိုတင့်ဌေးဆေးရုံတင်ထားရသည့် သတင်းက ကျွန်တော်တို့ဆီရောက်လာသည်။ကျွန်တော်တို့ ဆေးရုံရောက်တော့ သူ့ဘေးမှာ သူ့မိန်းမရှိမနေ။ သူ့ယောက်ဖဟု ထင်ရသည့် လူငယ်တစ်ယောက်သာရှိသည်။ အလုပ်များလို့နေမှာပါဟု ကျွန်တော်တို့ ဖော့တွေးသော်လည်း နောက်နေ့လည်း ရောက်မလာ။ ကိုတင့်ဌေးကတော့ သတိလစ်မြဲလစ်နေသည်။ ဆရာဝန်ကတော့ ဦးနှောက်ထဲမှာ အကြိတ်ဖြစ်နေသည်ဟုဆိုသည်။ ကိုတင့်ဌေး သတိရသည့်နေ့မှာ သူအမေကို အရင်ဆုံးတမ်းတသည်။
"ကိုတင်ဌေး ကျွန်တော့်ကို မှတ်မိလား"ဆိုတော့
သူ့မျက်လုံးတွေက ချာချာလည်နေသည်။ ဘယ်တော့မှ မမှတ်မိခဲ့သည့် သူစိမ်းတွေလို။ သူ့အမေကလွဲ၍ သူဘာကိုမျှမမှတ်မိတော့။ နှစ်ရက်နှင့်တစ်ည သူ့ဝေဒေနာတွေကို ခံစားရင်း ကျွန်တော်တို့ကို ထားပြီးထွက်ခွာသွားခဲ့သည်။

သူ့နာရေးပြီးသည့်အထိ ကျွန်တော်တို့တွေ ဝိုင်းဝန်းဆောင်ရွက်ကြရင်း သူ့အကြောင်းတွေကို ဘေးအိမ်မှ အဒေါ်ကြီးပြောပြ၍ လမ်းအစမှလမ်းဆုံးအထိသိရတော့သည်။ သူ့အိမ်ထောင်ကျပြီး ခြောက်လလောက်နေတော့ လူတစ်ယောက် ရောက်လာသည်။ တစ်ည၊နှစ်ည အိပ်ပြီး ပြန်သွားတတ်သည်။သူ့မိန်းမရဲ့ ဟိုအလျင်က ချစ်သူဟု ဆိုသည်။ တစ်နေ့ ကိုတင့်ဌေး ကိုင်းထဲကအပြန် သူတို့ဖောက်ပြန်နေသည်ကို တွေ့သွားသည်။ ထိုလူက သူအိမ့်သို့ လာတစ်လှည့်ပြန်တစ်လှည့်လုပ်နေသည်။ သူ့မိန်းမကလည်း ထိုလူလာလျှင် ပျော်နေတတ်သည်။ ထိုလူနှင့်အတူတူ‌ ဈေးသွားသည်။ ဟင်းချက်စရာ ကောင်းကောင်းမွန်မွန် ဝယ်ချက်သည်။ ထိုလူပြန်သွားလျှင် သူ့မိန်းမမှာ မမြင်ရသော ရောဂါဖြစ်နေတတ်သည်။ မျက်နှာမကြည်မလင် ဖြစ်နေတတ်သည်။ ယောက်ျားအတွက် ထမင်းဟင်းချက်ပြုတ်ပေးရမှန်းမသိ။ ပြုံးပြုံးရွှင်ရွှင်ဆက်ဆံရမှန်းမသိ။ သူစိမ်းတစ်ယောက်လို။ ဘယ်တော့မှ မချစ်ခဲ့သည့်လူတစ်ယောက်လို။ ကိုတင့်ဌေးက ကိုင်းထဲလည်းဆင်းရသည်။ ထမင်း၊ဟင်းချက်ရသည်။ နွားကြည့်ရသည်။ ညနေပြန်လာလျှင် မိန်းမအဝတ်အစားတွေပါ လျှော်ရသည်။ နောက်ပိုင်း ကိုတင့်ဌေး ညဘက်တွေ မအိပ်။ ကြာလာတော့ အခုလို ကိုင်းထွန်ရင်း ကိုင်းထဲမှာ လဲသွားသည်ဟု ကန်စင်းတင် ကိုင်းသမားတစ်ယောက်ကပြောမှ လှည်းနှင့်သယ်ယူပြီး ဆေးရုံသို့ တင်လိုက်ရခြင်းဖြစ်သည်။ ပတ်ဝန်းကျင်တောင် သည်လောက်အသံတွေပြန့်နှံ့နေမှတော့ ကိုတင့်ဌေး တစ်ယောက်ဘယ်လောက် ခံစားသွားရမည်ကို အခုလိုအရွယ်မှာ ကျွန်တော် ခံစားတတ်နေခဲ့ပြီ။ သူ့ဝေဒနာတွေကို ဘယ်သူ့ကိုမှပေးမသွား။ သူ့အမေနှင့်သူငယ်ချင်းတွေကို စိတ်ချမ်းသာအောင်ထားသွားသည်။ သူ့မိန်းမရဲ့ချစ်သူ သူ့အိမ်သို့ရောက်လာတိုင်း သူ့အမေအိမ်ကို ပြန်ပြန်အိပ်တတ်သည့်အကြောင်း တွေးမိတော့ ကျွန်တော်တို့မှာ ကြေကွဲလို့ဆုံးဖြစ်တော့သည်။

စိတ်ဝိဉာဉ်ကင်းမဲ့နေသည့် သူ့ကိုယ်ခန္ဓာဘေးမှာ သူ့မိန်းမက
"ကိုတင်ဌေးရယ် ရှင်ကျွန်မကို တစ်ယောက်ထဲ ထားခဲ့ပြီလား"ဟု ရှိုက်ရှိုက်ငိုနေသည်ကို မြင်ရတော့ ကမ္ဘာပေါ်မှာ အရယ်ရဆုံး ဟာသတစ်ပုဒ်ဖတ်နေရသလိုပါပဲ။ အာသုဘရှုလာကြသူ အားလုံးရဲ့ မျက်နှာတွေကတော့ ကိုတင့်ဌေး အသက် ၄၄နှစ် ဆိုသော စာကိုဖတ်ရင်း သူ့ဘဝရဲ့ နာကျည်းစရာအကြောင်းတွေကို ပြန်ပြောင်းတွေးရင်း တိတ်ဆိတ်ညှိုးလျော်နေကြသည်။တချို့ကတော့ ညှိုးငယ်သော မျက်နှာလေးတွေနှင့် ကိုတင့်ဌေးအကြောင်းကို တိုးတိုးတိတ်တိတ် သတင်းဖြန့်နေကြသည်။ ကိုတင့်ဌေးသာ ဝိဉာဉ်အနေဖြင့် ဘေးမှာရှိနေခဲ့မည်ဆိုလျှင် သူ့မိန်းမငိုသံကို ကြားပြီး သူတစ်ခါတုန်းက လသာည လှည်းပေါ်မှာ ရွက်ပြတတ်သည့်
"အမာရွတ်ဟာ ဒဏ်ရာကိုသတိရ
ဒဏ်ရာက နာကျင်မှုကိုသတိရ
မင်း နောက်တစ်ခါ ငိုနေပြီပဲ"ဆိုသည့် ကဗျာစာသားကို ရွတ်ရင်း ငိုနေမည်လားဆိုတာကိုတော့ ကျွန်တော်မပြောတတ်ပါ။

ယခုလည်း လက်ဖက်ရည်သောက်ရင်း လူငယ်တစ်ယောက်က ရင်ဖွင့်သဖြင့် အကြောင်းတိုက်ဆိုင်သောကြောင့် လွန်ခဲ့သော ဆယ်နှစ်ကျော်က အကြောင်းကို အသစ်တစ်ဖန် ပြန်လည်ပြောပြနေခြင်းဖြစ်သည်။ အချိန် ဘယ်လောက်ကြာသွားသည်မသိ အဖြူရောင်ခွက်ထဲက နီညိုရောင် လက်ဖက်ရည်တွေတောင် အေးစက်နေကြပြီ။
"ရောက်ရာ ဘုံဘဝမှာ သားအမိနှစ်ယောက်ငြိမ်းအေးပါစေ။ကိုတင့်ဌေးရေ"ဟုသာ စိတ်ထဲက တိုးတိုးလေးဆုတောင်းနေမိသည်။ကျွန်တော့်မျက်ဝန်းမှ မျက်ရည်ကျလားမကျလား မပြောတတ်ပါ။



မြတ်သိမ်းခိုင်

Keep Reading

အမည်မရှိ ကမ္ဘာတက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးနှင့်အမေ့ရဲ့ယတြာတနေ့တာတုန်ခါမှု ထ​ရော်မာ လောကအလှဆင်သူများ~Beautifiers of the World~"Pronunciation ကို စနစ်တကျ လေ့ကျင့်ကြမယ်"ပျောက်ကွယ်မသွားအမွေနှစ်များ....Book Reviewချစ်ရက်ရှည်ရှည် ကံ့ကော်မြေ 19ရှုပ်နေတာရှင်းဖို့ Journaling ရေးပါ