Okka Myint
MGI 2024 ပွဲကြီးကတော့ ဆူဆူညံညံအသံတွေနဲ့ပဲပြီးဆုံးသွားခဲ့ပါပြီ။
Miss Grand International ဆိုတဲ့အတိုင်း နိုင်ငံတကာပြိုင်ပွဲတစ်ခုမို့ နိုင်ငံအသီးသီးက လူမျိုးတွေရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ အမူအကျင့်တွေကိုသာမက စိတ်နေသဘောထားတွေကိုပါ ထင်ဟပ်တဲ့ ပွဲကြီးတစ်ခုလို့ကျနော်ကတော့ထင်ပါတယ်။ ယနေ့ခေတ်မှာ Miss ပြိုင်ပွဲတွေဆိုတာ မိန်းကလေးလှလှ လေးတွေကို စိတ်ဝင်တစားစောင့်ကြည့်တယ်ဆိုတဲ့အဆင့်ကနေ ကိုယ်စားပြုမှုတွေကို လေ့လာကြတယ်ဆိုတဲ့အနေအထားကို ကူးပြောင်းသွားပြီဖြစ်ပါတယ်။ နိုင်ငံရဲ့ အဆင့်အတန်း၊ ဂုဏ်သိက္ခာနဲ့ နိုင်ငံရဲ့အခြေအနေကို လှစ်ဟ ပြနိုင်တဲ့နေရာတစ်ခုလိုလည်း အများက ခံယူနေကြပြီဖြစ်ပါတယ်။
ဒီနှစ်ရဲ့ MGI ပွဲမှာ ကျနော် သဘောအကျဆုံးက ပြင်သစ်မယ်လေးပါပဲ။
ချောကလက်ရောင်အသားအရေ ၊ ဂတုံးစတိုင်နဲ့မို ထင်းခနဲမြင်သာစေသူတစ်ဦးပါ။
ပြင်သစ်နိုင်ငံ၏ ဆယ့်ခုနစ်ဒေသမှ ပြိုင်ပွဲဝင်များထဲမှ Miss France အဖြစ် ရွေးချယ်ခံရသူလေးကတော့ နာမည်ကျော်ဒေသတစ်ခုဖြစ်တဲ့ နော်မန်ဒီဒေသကို ကိုယ်စားပြုခဲ့သည့် အသက် (၂၆) နှစ်အရွယ် ပြင်သစ်-ဆီနီဂေါ မော်ဒယ်မလေးတစ်ဦးဖြစ်တဲ့ Safiétou Kabengele ဖြစ်ပါတယ်။ ကျနော်ကတော့ ခေါ်ရခက်တဲ့ သူ့အမည်ကို အလွယ်တကူပဲ ချောကလက်လေး လို့ပဲ ခေါ်လိုက်ပါတယ်။ ချောကလက်လေးက သူ့နိုင်ငံမှာ Miss France ဖြစ်ဖို့ ပြိုင်ဆိုင်ခဲ့ရာမှာလည်း အခြားဆုများဖြစ်သော Best in Swimsuit , Miss Social Media , Miss Popularity စတဲ့ Special Award တွေလည်း ရရှိခဲ့ပြီးတော့ ပြင်သစ်နိုင်ငံကိုယ်စားပြု အလှမယ်အဖြစ် ထိုက်ထိုက်တန်တန်ရရှိခဲ့တာဖြစ်ပါတယ်။ Miss Grand International 2024 ပွဲကြီးမှာလည်း 3rd runner-up ဆုကို ရရှိသွားသူဖြစ်ပါတယ်။ ချောကလက်ရောင်အသားအရည်နဲ့မို့ ထင်ရှားနေတဲ့သူမဟာ တပ်ထားတဲ့ ဆံပင်တု အရှည်ကြီးကိုချွတ်ပြီး ပင်ကိုယ် ကတုံးစတိုင်နဲ့ပဲ ဆက်လက်ယှဉ်ပြိုင်တဲ့အခါမှာတော့ ပရိသတ်ရဲ့ စိတ်ဝင်စားမှုကို ပိုပြီးရခဲ့ပါတယ်။ စတိုင်ကျပြီး စမတ်ကျတဲ့ နေထိုင်မှုနဲ့ ပြောဆိုတတ်မှုတွေကလည်း တမျိုးဆွဲဆောင်မှုရှိပါတယ်။ ကျနော့ရင်ကို အလှုပ်ခတ်ဆုံး သူမရဲ့စတိုင်ကတော့ ဆုပေးပွဲအပြီးမှာ ထိခိုက်ကြေကွဲနေရှာတဲ့ ကျနော်တို့ မြန်မာမလေး သဲသဲကို စိတ်ခွန်အားပေး နှစ်သိမ့်နေတဲ့ သူမရဲ့ အပြုအမူတွေပါ။ စတုတ္ထဆုရှင်က တတိယဆုရှင်ကို စိတ်ခွန်အားပေး နှစ်သိမ့်နေတဲ့အချိန်မှာ မြင်ရတဲ့ သူမရဲ့ EQ က လေးစားစရာပါ။ ဆီနီဂေါလိုမျိုး အာဖရိကသွေးနဲ့ ပြင်သစ်သူလေးဖြစ်လာရတဲ့ သူမရဲ့ စိတ်နေသဘောထားနဲ့ စိတ်အရည်အသွေးကနေ ကျနော်တို့များစွာသင်ယူခဲ့ရပါတယ်။
ပြင်သစ်မယ်လေးဆီက သင်ယူခဲ့ရပါတယ်။
အရှိတရားကို လက်ခံတတ်၍ မိမိရဲ့ အရှိတရားထက် များစွာကျော်လွန်သော လောဘတွေကို ထိန်းသိမ်းနိုင်သည့် စိတ်ထားတွေမွေးမြူနိုင်ကြပါစေ။ ***
Keep Reading