Rachel (အယ်ဟုန်သော်)
"ဗျောက်တွေမဖောက်ကြပါနဲ့ကွယ် မင်းတို့အဖွားကလန့်တတ်ပါဘိနဲ့"
အိမ်ရှေ့မြေကွက်လပ်မှာ မီးခြစ်ကိုယ်စီကိုင်ပြီး ဗောက်ဖောက်နေကြတဲ့ တူတော်မောင်တွေကို ကျွန်မလှမ်းအော်လိုက်တယ်။ဆူညံနေတဲ့ဗျောက်သံတွေကြောင့် ကျွန်မအသံကို ကလေးတွေကကြားဟန်မတူပါဘူး။ ကလေးတွေဆီက တုံ့ပြန်သံရယ်လို့တစ်ခွန်းတစ်ပါဒကိုမှ မကြားရ။ ကလေးတွေကို ကျွန်မအော်လို့သာအော်လိုက်ရတာပါ။ ဒီနေ့သီတင်းကျွတ်လပြည့်ညပေမို့ သူတို့ခမျာလည်းပျော်ချင်ဆော့ချင်ရှာပေမပေါ့။
ကျွန်မတို့ကလေးဘဝတုန်းကတော့ ဗျောက်ရယ်လို့အခုခေတ်လို ပေါပေါသီသီရှိလှတာမဟုတ်ဘူး။ သီတင်းကျွတ်ပြီဟေ့ ဆိုတာနဲ့ ရောင်စုံမီးပုံလေးတွေဝယ်ပေးဖို့ အမေ့ကိုပူဆာရတော့တာပဲ။မီးပုံလေးအလယ်ဝမ်းခေါင်မှာ ဖယောင်းတိုင်လေးထည့်ထွန်း၊ မီးပုံလက်ကိုင်ကြိုးလေးကို ဝါးခြမ်းပြားလေးနဲ့ထိုးပြီး လက်ကကိုင်လို့ ခြံဝန်းထဲလည်ပတ်ဆော့ကစားခဲ့ကြတာကိုး။အဲ့ဒီအချိန်ကများဆိုရင် သီတင်းကျွတ်ညဟာ အင်မတန်ပျော်စရာကောင်းပါရဲ့။ ဆီမီးတစ်ထောင်ပူဇော်ပွဲတွေ၊ မီးရှူးတိုင်ပြိုင်ပွဲတွေကို အမျိုးတစ်သိုက်နဲ့အတူ လူစုံတပ်စုံသွားကြည့်ခဲ့ကြတယ်။ဘုရားကြီးဝန်းအရှေ့ မုန့်စျေးတန်းကြီးကလည်း မုန့်ပဲသရေစာတွေများစုံလှပါဘိ။ မီးပုံပျံပြိုင်ပွဲကြီးဆီက ညမီးကျီမီးပုံပျံကြီးတွေနဲ့ စိန်နားပန်မီးပုံပျံကြီးတွေကောင်ကင်ဆီတိုးတက်သွားပုံများ အင်မတန်ကြည့်ကောင်းခဲ့ပါဘိ။ မီးပျံကြီးဆီကဖြာကျလာတဲ့ ရောင်စုံမီးပန်းကြီးတွေကို မော့ကြည့်ရင်း လက်ခုပ်လက်ဝါးတီးပြီးအားပေးခဲ့ကြတာများ အားရစရာရယ်ပါ။တစ်လမ်းလုံးရှိတဲ့ရွယ်တူကလေးတွေစုပြီး မီးပုံပျံအသေးစားလေးတွေအတူလွတ်ကြတယ်။ ရပ်ကွက်ထဲကလူကြီးသူမအိမ်တွေဆီတစ်အိမ်တက်တစ်အိမ်ဆင်းသွားကြပြီး စုပေါင်းကန်တော့ကြတယ်။ကန်တော့ခံလူကြီးသူမတွေဆီကလှိုက်လှိုက်လှဲလှဲဆုပေးသံတွေဟာ ထိုင်ကန်တော့နေတဲ့ကျွန်မတို့ရင်ထဲ ဂါရဝတရားပြုပြီးရင်းပြုချင်စိတ်တွေ တဖွးဖွားပေါ်ပေါက်လာကြတာမဟုတ်ကလား။ကျွန်မတို့သွားကန်တော့တဲ့အိမ်ကကျွေးတဲ့မုန့်ပဲသရေစာတွေကို အားပါးတရစားသောက်ခဲ့ကြတာတွေလည်း အောက်မေ့မိပါရဲ့။
ဘုရားစင်ရှေ့ ဆီမီးပူဇော်ပြီးတာနဲ့ ကျွန်မခြံတံခါးမကြီးဆီ လှမ်းလာခဲ့လိုက်တယ်။ ခြံဝန်းပတ်ပတ်လည်နဲ့ ရေအုတ်ကန်ပါမကျန် ဖယောင်းတိုင်မီးတွေလိုက်ထွန်းလိုက်တယ်။ မီးထွန်းနေရင်းက ကလေးဘဝတုန်းက သီတင်းကျွတ်ညတွေကိုသာ မြင်ယောင်နေမိရဲ့။ ဆော့ကစားနေကြတဲ့တူတော်မောင်တွေဆီ အကြည့်ရောက်မိတော့ ကျွန်မရင်ထဲသိပ်မကောင်းလှ။ ခေတ်ကာလကပ်ဘေးတွေကြောင့် သီတင်းကျွတ်ပွဲရယ်လို့ပွဲတော်ကြီးမကျင်းပလေတော့ ကလေးတွေခမျာအိမ်မှာတင် နေကြရတာမဟုတ်ကလား။ခေတ်ကာလအပြောင်းအလဲကြောင့် သီတင်းကျွတ်ညဖြတ်သန်းရပုံတွေပါမတူကြတော့ပါလားလို့ ကျွန်မတွေးမိလိုက်ရဲ့။ ကပ်ဘေးအမျိုးမျိုးရင်ဆိုင်နေရတဲ့ခေတ်ကာလဆိုးကြီးထဲ သီတင်းကျွတ်ညရဲ့အငွေ့အသက်ဟာအပြည့်အဝမရသလို ခံစားမိလိုက်တော့တာပဲ။
"ကဲလာလာ အဖွားကိုကန်တော့ကြမယ်ဟေ့"
အိမ်ထဲက အကိုကြီးရဲ့လှမ်းအော်လိုက်သံအဆုံး ကျွန်မရောကလေးတွေပါအိမ်ပေါ်ပြန်တက်လာလိုက်ကြတယ်။ သူတို့ရတဲ့မုန့်ဖိုးလေးတွေစုပြီးဝယ်ထားတဲ့ပစ္စည်းလေးတွေနဲ့အဖွားဖြစ်သူကို ထိုင်ကန်တော့ဂါရဝပြုနေတဲ့ ကလေးတွေကိုကြည့်ရင်း ကျွန်မကျေကျေကျေနပ်နပ်ကြီးပြုံးလိုက်မိပါရဲ့။ သြော်..သီတင်းကျွတ်ကိုဖြတ်သန်းပုံတွေမတူကြတော့သော်ငြား လူကြီးမိဘကိုဂါရဝပြုချင်တဲ့စိတ်လေးတွေတော့ ကိန်းဝပ်နေသေးတာမို့ ကျေနပ်ရပါဘိ။
"ဖွားဖွားအပေါ်မှာ ယာယကံ ဝစီကံ မနောကံတို့နဲ့ပြစ်မှားမိတာရှိရင် သားတို့ကိုခွင့်လွတ်ပေးပါ"
တူတော်မောင်တွေဆီက ပြိုင်တူထွက်လာတဲ့အသံလေးကြားလိုက်တော့ငယ်ဘဝတွေဆီကသီတင်းကျွတ်အငွေ့အသက်လေးကို အပြည့်အဝ ကျွန်မခံစားမိလိုက်ရလေပြီ။
အယ်ဟုန်သော်(မယ်လတ်)
Keep Reading