သင်္ခါရ လောကသား
"ချစ်တဲ့သူငယ်လေ၊ သူငယ်ချင်းကောင်း ယောက်မတို့လေ" ဟူသောအာလုပ်စကားဖြင့် ကဗျာများအစတွင် အစချီတတ်သော တောင်တွင်းရှင်ငြိမ်းမယ်၏ ကဗျာတို့နှင့် ယနေ့ခေတ် ကာလ အခြေအနေအား စာရေးသူ အမြင်ဖြင့် ယှဥ်ကြည့်ချင်မိပါသည်။
ညောင်ရမ်းခေတ်တွင် အမျိုးသမီးများသည် မိမိတို့၏ တန်ဖိုးအား အလွန်မြှင့်တင်သကဲ့သို့ ချစ်ခင်ကြင်နာ ရမည်ဆိုလျှင်လဲ အလွန်ပင် ရဲစွမ်းသတ္တိနှင့်ပြည့်စုံကာ တန်ဖိုးရှိယောက်ျားကောင်းကိုသာ ချစ်ခင်ကြင်နာလိုကြပါသည်။ ယနေ့ခေတ်ကာလတွင်မူ ငွေကြေးမည်မျှသုံးနိုင်သော၊ မိမိ၏ လိုအင်ဆန္ဒ ဖြည့်ဆည်းပေးနိုင်သော၊ မိမိ၏ဝေယျဝေစ္စအရာရာ ဖြည့်ဆည်းပေးန်ိုင်သော ယောက်ျားမျိုးကို ရမှသာလျှင် လင်ကောင်းသားကောင်းရသည် ဟုထင်မှတ်ကြသည်။
ညောင်ရမ်းခေတ်တွင် အမျိုးသမီးများ မိမိကိုယ်ကို တန်ဖိုးထားမှု၊ ထီးဖြူဖြူကိုမိုးတော်မူသော သောင်းမြေပြင်ကိုစိုးတော်မူသော ရှင်ဘုရင်၏ ခြေတော်ရင်းထံ၌ ခစားရသော ယောင်္ကျားတစ်ယောက်နှင့်သာ ချစ်ခင်ကြင်နာလိုမှု၊ ခန္ဓာကိုယ် အဆင်အယင်တောင်မှ တန်ဖိုးမြင့် ပစ္စည်းများဖြင့်သာ ဆင်ယင်လိုမှုတို့အား ရေးဖွဲ့ထားမှုကို တောင်တွင်းရှင်ငြိမ်းမယ်၏ "စိတ်နေမြင့်သူ" အိုင်ချင်း အမျိုးအစားကဗျာ ထဲတွင် တွေ့န်ိုင်ပါသည်။
ညောင်ရမ်းခေတ်တွင် အမျိုးသမီးများ မိမိဦးခေါင်းထိပ်တွင်ပန်ဆင်သော ပန်းမှာလည်း မြေခပြီးပေါက်သော အပင်မှ ပန်းမဟုတ်ဘဲ တစ်ပင်ပေါ်တစ်ပင်ဆင့်ပေါက်ကာ ရဲရဲတောက်နီသည့် သဇင်ပန်းကိုသာ ပန်ဆင်လိုကြောင်းကို တောင်တွင်းရှင်ငြိမ်းမယ် မှထည့်သွင်းဖော်ပြထားပါသည်။
ယနေ့ခေတ်တွင်မူ ပန်းပန်သည့်အလေ့အထ နည်းပါးကာ ဦးခေါင်းပေါ်တွင် ပန်းတင်သော လူကိုပင် စိတ်ဖောက်ပြန်သောအရူး ဟူ၍ပင်ပြောကြသည်။
ညောင်ရမ်းခေတ်တွင် အလေးချိန်နှင့်ငွေကြေး ဆတူပေး၍ဝယ်ရသော၊ အဖိုးများစွာထိုက်ကာ ထိန်ထိန်ဝါသည့် တောင်ငူနနွင်းကိုသာ သုံးစွဲလိမ်းကျံကြပါသည်။
ယခုခေတ်အခါ ဆေးဆိုးပန်းရိုက်၊ ဓာတုမျက်နှာမှ လှသည်ချောသည်ဟုထင်မှတ်ကာ တိရစ္ဆာန်များအပေါ်မတရားညှင်းဆဲ၍ ထုတ်လုပ်ထားသော အလှကုန်ပစ္စည်းများကို ပျော်ပျော်ကြီး လိမ်းခြယ်သနေသော အမျိုးသမီးထုကြီးတို့၏ မျက်နှာသည် ရှေးယခင်က တောင်ငူနနွှင်းလိမ်းမျက်နှာတို့အား အဘယ်သောအခါမှ မီလိမ့်မည်မထင်ဟု စာရေးသူ ကောက်ချက်ချမိ ပါသည်။
ရှေးယခင်ကအမျိုးသမီးထုသည် လင်ယောင်္ကျားများကို လေးစားရိုသေချစ်မြတ်နိုးသကဲ့သို့ လင်ယောက်ျားများသည်လည်း ဘုန်းကံမြင့်စွာနေထိုင်ပြုမူကျင့်ကြံ ကြလေသည်။ ရှေးယခင်က အရေးကြုံလာပြီဆိုလျှင် စစ်မှုထမ်း၍ စစ်ချီထွက်မည်ဆိုလျှင် ယွန်းပုဆိုးကိုဝတ်၊ မိုးကြိုးရွှေဓားကိုပိုက်၊ ကျွန်ကုလားအား အိမ်တော်ရာကိုအစောင့်အရှောက်စောင့်စေလိုပြီးလျှင် အုန်းခွံဆံမြင်းကိုစီးလျက် စစ်ချီထွက်သော ယောင်္ကျားသားတို့၏သတ္တိမှာ ယနေ့ခေတ်နှင့် ယှဥ်ကြည့်ပါက အကွာကြီးကွာနေကာ လင်ယောက်ျားသားတို့မှာလည်း အမျိုးသမီးတို့၏ လေးစားသမှု မရရှိသကဲ့သို့ မိမိတို့ကိုယ်တိုင်လဲလေးစားသမှု ရှိအောင် မနေကြတော့သည့်အတွက် အလွန်အမင်း အားနည်းပျော့ပျောင်းလာကြသည်။
ညောင်ရမ်းခေတ်မိန်းမသား တို့မှာလည်း မိမိတ်ို့၏ဂုဏ်တန်ဖိုးသိက္ခာအိန္ဒြေ ကိုမြှင့်တင်သည့်အနေဖြင့် ကျွန်သဘောက်သာသာအဆင့်ရှိသောလင်ယောက်ျား၊ချစ်သူရည်းစားမျိုးကို မလိုချင်၊ မမက်မောဘဲ ရှင်ဘုရင်၏ခြေတော်ရင်းတွင် ခစားသော၊ ရွှေတိုက်တော်တွင် စာရင်းအသွင်းခံရကာ ရဲစွမ်းသတ္တိ၊ လက်ရုံးရည်၊ နှလုံးရည်နှင့် ဘုန်းတန်ခိုးပြည့်စုံသော ယောင်္ကျားကောင်းမျိုးကိုသာ ချစ်သူလင်ယောက်ျားတော်လိုကြောင်း တောင်တွင်းရှင်ငြိမ်းမယ်မှ သူမ၏အိုင်ချင်းကဗျာပုဒ်များထဲတွင် ထည့်သွင်းရေးသားဖော်ပြထားပါသည်။
ယနေ့ခေတ်တွင်မူ ခေတ်ကာလပြောင်းလဲမှုကြောင့် မိမိတို့ကိုယ်ကိုတန်ဖိုးထားတတ်ရကောင်းမှန်းမသိဖြစ်ကာ "လွတ်လပ်သည်" ဆိုသည့် ရည်ရွယ်ချက်ဖြင့်ပင် မိမိခန္ဓာကိုယ် အားတန်ဖိုးမထား ဈေးပေါပေါဖြင့်ရသော အသားကဲ့သို့ ပြုမူကျင့်ကြံနေကြရာ နောင်တစ်ခေတ်တွင် အမျိုးသမီးတို့အပေါ် တန်ဖိုးထားခံရမှု ပို၍နည်းပါးသွားနိုင်ချေ ရှိသဖြင့် အပြုအမူအပြောအဆို များထိန်းထိန်းသိမ်းသိမ်း ကျင့်ကြံကျစေလို့ငှာ စာရေးသူတိုက်တွန်းလိုပါသည်။
အနှစ်ချုပ်ပြောရလိုလျင် ခေတ်စနစ်ပြောင်းလည်းသွားသည်မှာ မှန်သည်။ သို့သော် အမျိုးသမီးများ ရှေးရိုးစွဲ ပုံစံနေထိုင်ပြုမူခြင်းမဟုတ်သော်ငြား မိမိအိန္ဒြေမပျက်စေရန်နေထိုင်ကာ၊ မိမိခန္ဓာကိုယ်အား ပို၍တန်ဖိုးထားတတ်စေရန် နှင့် မိမိကိုယ်ကိုတန်ဖိုးထားသည်နှင့်အလျောက် မိမိ၏ တန်ဖိုးကိုသိကာ မိမိ၏ တန်ဖိုးကို ပို၍မြှင့်တင်ပေးနိုင်သော လင်ယောက်ျားကောင်းမျိုးကိုသာ ချစ်သူ၊ရည်းစား အနေဖြင့်ရွေးစေကာ မိမိဘဝအား ဂုဏ်သိက္ခာကျက်သရေရှိရှိ ဖြတ်သန်းစေလိုပါသည်။ ယောင်္ကျားသားများမှာလည်း မိမိတို့ဆန္ဒကို သိက္ခာဖြင့်ထိန်းပြီးလျှင် လက်ရုံးရည်၊ နှလုံးရည်နှင့် ပြည့်စုံပြီး ရဲစွမ်းသတ္တိနှင့် ပြည့်စုံကာ မိမိချစ်သူအပျိုအား မိမိနှမငယ်ကဲ့သို့ ထိန်းသိမ်းစောင့်ရှောက်လျက် တင့်တောင့်တင့်တယ် မျက်နှာမငယ်ရစေလိုအောင် ရှာဖွေကျွေးမွေးစေကြရန် စာရေးသူတိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါသည်။
Keep Reading