Author's Profile Photo

သိုက်စိုးထွန်း(နတ်ရွာ)

23/09/2024

အရေးကြီးတာ အရင်လုပ်

6 mins read
Personal Development
General Knowledge
အရေးကြီးတာ အရင်လုပ်'s photo

ဘဝမှာ လုပ်စရာတွေများပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ သားရေး၊ သမီးရေး၊ သာရေး၊ နာရေး ဗာဟီရကိစ္စတွေအကုန်ပေါင်းလိုက်ရင် တော်တော်ကိုများပါတယ်။ တစ်ခါတစ်ခါ ကျတော့ လုပ်စရာတွေများလွန်းလို့ ဘယ်အစကို အရင်ဆွဲထုတ်လို့ ထုတ်ရမှန်းမသိလောက်အောင် ဖြစ်သွားတတ်ပါတယ်။ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ကုန်တယ်။ လုပ်စရာတွေကများ၊ လူကလည်း နှစ်ကိုယ်ခွဲလို့မရ၊ ဟိုဟာကလည်း လုပ်ဖို့လိုနေပြီ။ ဒီဟာကလည်း မပြီးသေးဘူး။ ဟိုတစ်ခုမှ မရှင်းရသေးခင် ဒီတစ်ခုက ထပ်ပေါ်လာပြန်ပြီ။ ကြာလာတော့ စိတ်တွေကရှုပ်၊ ခေါင်းတွေကပူ၊ လူတစ်ကိုယ်လုံးလည်း ဆောက်တည်ရာမရဖြစ်ပြီး ဘာလုပ်လို့လုပ်ရမှန်းကို မသိတော့ဘူး ဖြစ်ကုန်ပါတယ်။

အလုပ်တွေ၊ ဝန်တွေပိလွန်းလာပြီး မရှူနိုင်မကယ်နိုင်ဖြစ်နေတဲ့ အခါမျိုးဆိုရင် ဘာကိုမှလည်း သိပ်အာရုံမစိုက်နိုင်တော့ဘူး။ စဉ်းစားရမယ့်ဟာတွေက အများကြီး၊ သုံးသပ်ရမယ့်ဟာတွေက တစ်ပုံကြီး၊ ဒီတစ်ခုကလည်း မလုပ်လို့မဖြစ်ဘူး၊ ဟိုတစ်ခုကလည်း အရေးကြီးပြန်ရောဆိုတဲ့ အခြေအနေမျိုးမှာ လူကတော်တော် စဉ်းစားရကျပ်သွားပါတယ်။ ကြာလာတော့ ကိုယ်လည်းပင်ပန်း၊ စိတ်လည်းနွမ်းနယ်ဖြစ်ပြီး စိတ်ပျက်လက်ပျက်နဲ့ လုပ်ကိုင်သမျှ အရာအားလုံးကို တိခနဲရပ်၊ ခြေပစ် လက်ပစ်ထိုင်ချလိုက်ပြီးတော့ ဘာမှဆက်မလုပ်တော့ဘဲ နေတာကမှ ခပ်ကောင်းကောင်းဆိုတဲ့ အတွေးမျိုးတွေတောင် ဝင်ချင်သလိုလို။ ကိုယ့်ကျမှ အလုပ်တွေ ဒီလောက်များနေရသလား ဆိုတဲ့အတွေးကလည်း မကျေမနပ်နဲ့ ဝင်လိုက်သေး။

တာဝန်ယူမှုအလိုက် ကိုယ်စီအလုပ်များ


တကယ်တော့ အလုပ်က ကိုယ်မှများတာမဟုတ်ပါဘူး။ ကျန်တဲ့သူတွေလည်း ကိုယ်စီကိုယ်စီ အလုပ်များနေကြတာ ပါပဲ။ အလုပ်မများတဲ့သူရယ်လို့ မရှိပါဘူး။ လုပ်နိုင်တာနဲ့မလုပ်နိုင်တာ၊ လုပ်ချင်တာနဲ့ မလုပ်ချင်တာ၊ တာဝန်ယူတတ်တာနဲ့ ရှောင်လွှဲတတ်တာဆိုပြီး ဒီလိုပဲ ကွာသွားတာဖြစ်ပါတယ်။ တကယ် လုပ်မယ်ဆိုရင် ဘယ်သူမဆို အလုပ်တွေအများကြီးပါ။ ဟိုး အောက်ဆုံးက သူဆင်းရဲလေးကနေ ဟိုးအထက်ဆုံးက သမ္မတကြီးအထိ အလုပ်တွေများနေကြတာပါ။ သမ္မတကြီးလည်း သမ္မတကြီးမို့ အလုပ်များတဲ့အလျောက် ဆင်းရဲသားလေးကလည်း သူ့ဘဝသူ့ကမ္ဘာနဲ့သူတော့ အလုပ်တွေရှုပ်ယှက် ခတ်နေတာပါပဲ။ ဘယ်သူမို့လို့ အလုပ်မရှိဘူးဆိုတာ မရှိပါဘူး။

အလုပ်များနေတဲ့အချိန်မှာ ကိုယ်ပဲအလုပ်များတယ်၊ သူတို့ကျတော့ အလုပ်မများဘူးဆိုတဲ့ အတွေးမျိုးဝင်ရင် ပိုပြီး စိတ်ဆင်းရဲတော့တာပါပဲ။ ကိုယ့်ကျတော့ ရှုပ်ယှက်ခတ်နေတာ၊ သူ့ကျတော့ ဘာမှလုပ်စရာမလိုဘူး၊ ဇိမ်ကျနေတာပဲဆိုတာမျိုးပေါ့။ ဒီလိုတွေးမိလို့ကတော့ ကိုယ့်မှာရှိတဲ့အလုပ်တွေ မပြီးနိုင်လို့ စိတ်တိုရတာက တစ်မှောင့်၊ ဟိုလူကျတော့လည်း အားလှချည်လားဆိုပြီး မမျှတဘူးထင်လို့ စိတ်ဆိုးရတာက တစ်မှောင့်နဲ့။ ဒါမျိုးတွေက အဖွဲ့အစည်းတစ်ခုတည်းမှာ အတူတူ လုပ်ကိုင်ကြတဲ့သူတွေဆို ပိုပြီးဖြစ်လေ့ရှိပါတယ်။

အလုပ်တွေကများနေပြီ။ ဘယ်နေရာမှလည်းထိထိ ရောက်ရောက်မလုပ်နိုင်သေးဘူး။ ပြဿနာအဟောင်းတွေ မရှင်းနိုင်သေးခင်မှာ ပြဿနာအသစ်တွေ ထပ်ထပ်လာနေပြီ ဆိုပါတော့။ ဒီအခြေအနေမှာ အလုပ်တွေအကုန် သိမ်းကျုံးပြီး လုပ်ကိုင်လိုက်တယ်။ ပိုဆိုးသွားရော။ အစကတည်းက မနိုင်မနင်း ဖြစ်နေပါတယ်ဆိုမှ အကုန်လုံးစုပြုံထိုး ကိုင်တွယ်လိုက်တော့ ပိုပြီးတော့ မနိုင်မနင်း ဖြစ်သွားရော။ အာရုံတွေကများနေပြီ၊ အကုန် ဝေဝါးကုန်ပြီ၊ ဘယ်ဟာကိုမှ စူးစူးရှရှ မကြည့် နိုင်တော့ဘူး။ ဘယ်ကိစ္စအတွက်ကိုမှ လေးလေးနက်နက် မတွေးခေါ်နိုင်တော့ဘူး။

ဝီရိယသည် တန်ဆေးလွန်ဘေး


ခက်တာကလည်း အလုပ်တွေအပေါ်မှာ ခံယူပုံမပြောင်း လဲနိုင်သေးတာ။ ဒီနေ့အလုပ်တစ်ခုရှိလို့ မနက် ၆ နာရီအိပ်ရာ ထတယ်၊ ည ၁၀ နာရီမှာ အိပ်ရာဝင်တယ်ဆိုရင် မနက်ဖြန် အလုပ် နှစ်ခုသုံးခုရှိလာတော့ မနက် ၅ နာရီ အိပ်ရာထပြီး ည ၁၁ နာရီမှ အိပ်ရာဝင်တယ်။ ဒီလို ဒီလိုနဲ့ တိုးတိုး လာလိုက်တော့ လူကလည်း ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ် လာတယ်။ ကိုယ့်ဘက်ကကျတော့လည်း ဒီလောက်မောင်းတင်ထားတာမှ အဆင်မပြေရင် ဒီ့ထက်ပိုပြီး အားခဲလိုက်စမ်းမယ်ဆိုတာမျိုးနဲ့သာ အားခဲဖြစ်နေတယ်။ အများကြီးလုပ်မှ၊ အကြာကြီးလုပ်မှ၊ ကြိုးကြိုးစားစားလုပ်မှ အလုပ်တွေပြီးနိုင် မယ်လို့ ယူဆထားမိတယ်။ ဒီအယူက အခါခပ်သိမ်းတော့ မမှန်ဘူး။ အရာရာမှာ တန်ဆေး၊ လွန်ဘေးဆိုတာရှိတယ်။ ဝီရိယထားမှကောင်းတယ်၊ ဇွဲကောင်းမှဖြစ်မယ်ဆိုပေမယ့် လွန်ကဲသွားပြန်တော့လည်း သိပ်အဆင်မပြေတော့ဘူး။

လုပ်လို့သာ လုပ်နေရတယ်၊ သိပ်အာရုံမစိုက်နိုင်တော့ဘူး။ ဘာတစ်ခုမှ အလေးအပင်ကြီးတွေ မထမ်းရပေမယ့် ကိုယ့်မှာ လေးနေသလိုလိုခံစားရတယ်။ တစ်ခုခုက ကိုယ့်အပေါ် ဖိထားသလို ဖြစ်နေတယ်။  မလွတ်လပ်တော့သလို ဖြစ်လာ တယ်။ စိတ်လွတ်ကိုယ်လွတ် ဆိုတာမျိုး မဟုတ်တော့ဘူး။ ပေါ့ပါးသွက်လက်မှုတွေ ပျောက်ဆုံးကုန်ပြီ။ စိတ်ရောကိုယ်ပါ လေးလံ ထိုင်းမှိုင်းလာတယ်။ အလုပ်တွေကသာ များလာတာ၊ လူကသာ ကြိုးကြိုးစားစား လုပ်ကိုင်နေတာ၊ အရာထင်မှုက နည်းလာတယ်။ ပြီးမြောက်မှုက သိပ်မရှိတော့ဘူး။ သိပ်မစဉ်းစား နိုင်တော့ဘူး။ နှစ်သုံးလီ ဘယ်လောက်လဲဆိုတာကိုတောင်မှ ဂဏန်းပေါင်းစက်နဲ့ တွက်ကြည့်ချင်တော့တာ။ အလွတ်မသိ တော့ဘူး။

ခက်တာက စိတ်ပဲ။ အကုန်ယောက်ယက်ခတ်နေတယ်။ တည်ငြိမ်အောင် စုစည်းထားလို့မရဘူး။ ဒီဟာကို အာရုံစိုက်ပါဆိုတော့ ဟိုဘက်ကို စိတ်ကရောက်သွားတယ်။ ဒီပြဿနာကို စဉ်းစားနေပါတယ်ဆိုမှ ဟိုပြဿနာ အကြောင်းတွေပဲ ခေါင်းထဲ ရောက်နေတယ်။ ဒီလိုဆို မဖြစ်တော့ဘူး။ ဘယ်လိုလုပ်ရပါ့။ သပွတ်အူလိုရှုပ်ယှက်ခတ်နေတဲ့ ပြဿနာတောကြီးထဲကနေ ဘယ်လိုများရုန်းထွက်ရပါ့။ ဒီလောက်များနေတဲ့ အလုပ်တွေကို ရှင်းဖို့လင်းဖို့ ဘယ်စွမ်းအားတွေကိုများ သုံးရပါ့ဆိုတဲ့ အတွေးမျိုး တွေလည်း ဝင်လာပြန်တယ်။

ကိုင်တွယ်ဖြေရှင်းနိုင်တဲ့နည်းလမ်းများ


ရှုပ်ယှက်ခတ်နေတဲ့အလုပ်တွေကို ပြီးပြတ်အောင် လုပ်နိုင်ဖို့အတွက်၊ ရှုပ်ရှုပ်ထွေးထွေး အခြေအနေတွေကို ကိုင်တွယ်နိုင်ဖို့အတွက် နည်းလမ်းတစ်ခုတော့ရှိထားဖို့ လိုမှာပါပဲ။ ဒီအခြေအနေမျိုးဆိုရင် ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာကို Franklin Covey က နည်းလမ်းတွေ တင်ပြထားပါတယ်။ ဘယ်လိုလုပ် ရမှာလဲဆိုတော့ ကိုယ့်မှာရှိနေတဲ့ ဆောင်ရွက်ရန် ကိစ္စအားလုံးကို အပိုင်းလေးပိုင်း ခွဲလိုက်ပါတဲ့

ပိုင်း(၁)က အရေးလည်းကြီးတယ်၊ အလျင်အမြန်လည်းလုပ်မှ ဖြစ်မယ်ဆိုတဲ့အပိုင်းတဲ့။ အပိုင်း(၂) ကတော့ အရေးတော့ ကြီးတယ်၊ ဒါပေမယ့် အမြန်မလိုဘူးဆိုတဲ့အပိုင်း။ အပိုင်း(၃) က အရေးတော့မကြီးဘူး၊ အမြန်လုပ်ဖို့တော့လိုတယ်ဆိုတဲ့ အပိုင်း၊ အပိုင်း(၄) ကျတော့ အရေးလည်းမကြီးဘူး၊ အမြန် လုပ်စရာလည်း မလိုဘူးဆိုတဲ့ အပိုင်းပါတဲ့။ ရှုပ်ယှက်ခတ်ပြီး ဗွက်ပေါက် နေပါတယ်ဆိုတဲ့ အလုပ်တွေကို အဲ့ဒီလို လေးပိုင်း ပိုင်းပြီး လေးပုံသာ ပုံလိုက်ပါတဲ့။

အရေးလည်းကြီးတယ်၊ အမြန်လုပ်ဖို့လည်း လိုတယ်ဆိုတဲ့ကိစ္စတွေက အကျပ်အတည်း ဆိုက်နေတဲ့ကိစ္စတွေ၊ နောက်ဆုံးရက်ရောက်နေလို့ အချိန်မီလုပ်ဖို့ လိုနေတဲ့ကိစ္စတွေ၊ ကျန်းမာရေးဆိုင်ရာ ကိစ္စလိုဟာမျိုးတွေပါတဲ့။ ဒါ့အပြင် ကိုယ့်အတွက် အရေးကြီးပြီး အလျင်အမြန်လည်း လုပ်ဖို့လိုနေတာတွေကို အပိုင်း(၁)မှာ စုလိုက်ပေါ့။ ကြိုတင်ပြင်ဆင်ရမယ့် အစီအမံတွေ၊ အပြန်အလှန်ဆက်ဆံရေး တည်ဆောက်ရမယ့်ဟာမျိုးတွေ၊ တစ်စုံတစ်ခုအတွက် ပြန်လည်တုံ့ပြန် ဆောင်ရွက်ရမယ့် ဟာမျိုးတွေကျတော့ အရေးတော့ကြီးတယ်၊ အမြန်လုပ်ရမယ့်ဟာတွေတော့ မဟုတ်ဘူးဆိုတဲ့ အပိုင်း(၂)မှာ ထည့်ရမှာပါတဲ့။ တစ်ယောက်ယောက်နဲ့ တွေ့ရမှာ၊ တစ်ယောက်ယောက်က မကြာခဏ နှောင့်ယှက်နေတာ၊ အီးမေးလ်တွေ၊ ဖုန်းခေါ်ဆိုမှုတွေ ဝင်ဝင်လာတာလို ဟာမျိုးတွေကျတော့ အရေးမကြီးပေမယ့် အမြန်ဆောင်ရွက်ရမယ့် ဟာမျိုးထဲမှာပါလို့ အပိုင်း (၃) မှာ ထည့်လိုက်ရမှာပါတဲ့။ ဘာမှ သိပ်စဉ်းစားနေစရာမလိုတဲ့ ပုံမှန် ရုပ်မြင်သံကြား ကြည့်တဲ့ကိစ္စလိုဟာမျိုး၊ တချို့အီးမေးလ်တွေ၊ ဖုန်းခေါ်ဆိုမှုတွေလိုဟာမျိုး၊ ဆိုရှယ်မီဒီယာ အကြာကြီးသုံးတာမျိုးတွေက အရေးလည်းမကြီးဘူး၊ အမြန်လုပ်စရာလည်း မလိုပါဘူးတဲ့။

လေးပုံပုံ၊ လေးပိုင်းပိုင်းပြီးပြီဆိုရင် နံပါတ်(၁)အုပ်စုဖြစ်တဲ့ အရေးလည်းကြီးတယ်၊ အမြန်ဆောင်ရွက်ဖို့လည်း လိုတယ်ဆိုတဲ့ ဟာမျိုးအတွက် သေချာစီစဉ်ပါတဲ့။ ဒီအုပ်စုထဲက ကိစ္စတွေကြောင့် စိတ်ဒုက္ခလည်း ရောက်ရတတ်ပါသတဲ့။ ဘဝမှာ ဒီဟာမျိုးတွေ ခဏခဏ ရှိမနေဖို့လိုပါသတဲ့။ ကိုယ်လုပ်စရာရှိတာတွေကို အစီအစဉ်တကျ လုပ်လေ့ ရှိသူတစ်ယောက်အတွက် ဆိုရင်တော့ ဒီကိစ္စမျိုးတွေ နည်းနေမှာပါတဲ့။ သိပ်အလျင်စလို လုပ်စရာ မလိုဘူး။ အရေးတော့ကြီးတယ်ဆိုတဲ့ ဟာမျိုးကိုတော့ သေသေချာချာ အာရုံစိုက်ပြီးလုပ်ပါတဲ့။ ဝုန်းဒိုင်းကြဲလုပ်ရမယ့် အခြေအနေမရောက်ခင် တစ်ခုချင်း သေသေချာချာလုပ်မယ်ဆိုရင် ပိုကောင်းပါသတဲ့။ အရေးမကြီးပေမယ့် အမြန်တော့ လုပ်ဖို့လိုတယ်ဆိုတဲ့ ကိစ္စမျိုးကိုတော့ သတိထားပြီးမှလုပ်၊ ဒါမှ မဟုတ် မလုပ်ချင်လည်းနေပါတဲ့။ ကိုယ့်ဘဝမှာ ဒီအခြေအနေ မျိုးတွေ မကြာခဏ ကြုံနေရပြီဆိုရင်တော့ သေသေချာချာ သတိထားဖို့လိုပါပြီတဲ့။ ကိုယ်နဲ့သိပ်မဆိုင်တဲ့၊ ကိုယ်သိပ်အာရုံစိုက်စရာ မလိုတဲ့ကိစ္စတွေအတွက် သိပ်ပြီး ကိုယ်ပန်းစိတ်ပန်း မခံသင့်ပါဘူးတဲ့။ နောက်ဆုံးတစ်ခုဖြစ်တဲ့ အရေးလည်းမကြီးဘူး၊ အမြန်လုပ်စရာလည်း မလိုဘူးဆိုတဲ့ ဟာမျိုးတွေကျတော့ လုပ်မနေပါနဲ့တဲ့။ ခေါက်ထားလိုက်ပါတဲ့။ တီဗွီကြည့်ရတာ သဘောကျရင်ကြည့် ဒါပေမယ့် ကိုယ်ကြိုက်တတ်တဲ့ အစီအစဉ်ကိုပဲရွေးကြည့်ပါတဲ့။ ဆိုရှယ်မီဒီယာသုံးမယ် ဆိုလည်း အချိန်အကန့်သတ်လေးနဲ့ သုံးပါတဲ့။

ဘဝရဲ့အချိန်တွေကို ဘယ်လိုကုန်ဆုံးနေပါသလဲ


ဒီအချက်လေးတွေက ရုတ်တရက်ကြည့်လိုက်တော့ ဘာမှသိပ်မခက်ပါဘူးဆိုတဲ့ အတွေးမျိုးနဲ့ သုံးသပ်မိတယ်။ ဒါပေမယ့် တကယ်တမ်း လိုက်နာကျင့်သုံးဖြစ်ရဲ့လားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်လိုက်တော့ ပြုံးမိသလိုလိုဖြစ်လာတယ်။ ဆောင်ရွက်ဖို့ ခက်သလားဆိုတော့ မခက်သလိုလိုနဲ့၊ တကယ်တမ်းကျတော့လည်း မလိုက်နာဖြစ်ခဲ့တာကများနေ တာကိုတွေ့ရပါတယ်။ ကိုယ့်ဘဝရဲ့အချိန်တွေကို ဘယ်လိုကိစ္စမျိုး တွေနဲ့ ဖြတ်သန်းလွန်မြောက်နေသလဲဆိုတာ စဉ်းစားစရာ ဖြစ်လာတယ်။ ကိုယ့်အတွက်လည်း အရေးမကြီးဘူး၊ အလျင် စလို လုပ်ကိုင်စရာလည်း မလိုပါဘူးဆိုတဲ့ အရာတွေနဲ့ပဲ အချိန်ကုန်မိတာက များနေတယ်။ တကယ့်တကယ် အကျိုးရှိရာ ရှိကြောင်း အလုပ်တွေ သိပ်မလုပ်ဖြစ်တော့ဘူး။ နည်းလာတယ်။ အရည်မရအဖတ်မရဆိုတာတွေနဲ့ ကုန်လွန် ခဲ့တာက များနေတယ်။

လုပ်သမျှအရာတိုင်းဟာလည်း နံပါတ်(၁)အုပ်စုထဲကို စုပြုံထိုးရောက်ရောက်လာတယ်။ ဟိုဟာကလည်း အရေးကြီးတယ်၊ ဒီဟာကလည်း အရေးကြီးနေပြန်တယ်။ ဟိုဟာက အခုချက်ချင်းဆောင်ရွက်ဖို့ လိုသလို ဒီဟာကလည်း နောက်တောင်ကျနေပြီတဲ့။ သေသေချာချာစဉ်းစားကြည့် လိုက်တော့ လေးပိုင်းပိုင်း၊ လေးပုံပုံထားတဲ့ အရာတွေထဲမှာ နံပါတ်(၁)အပိုင်းကြီးကလည်း မနည်းလှပါလားဆိုတာကို တွေ့လိုက်ရတယ်။ ပြောခဲ့တဲ့အတိုင်းပါပဲ။ ဒီအကွက်ထဲကအရာ တွေက လူကိုစိတ်ဒုက္ခပေးတတ်ပါတယ်။ စိတ်ဖိစီးမှုတွေ ဖြစ်တတ်ပါတယ်။ ဒါတွေကလည်း ကိုယ့်ရဲ့စီစဉ်တကျ မဆောင်ရွက်တတ်မှုတွေကြောင့်သာ အခုလိုဖြစ်လာရတာ။

တစ်နေ့တစ်နေ့ ကိုယ့်အချိန်တွေကို ဘာတွေနဲ့ကုန်ဆုံး နေစေသလဲဆိုတော့ သိပ်အရေးမကြီးတာတွေနဲ့ပဲ ကုန်ဆုံးနေ ဖြစ်တာကိုတွေ့ရတယ်။ ကိုယ့်မှာ ဘာတိုးတက်မှုမှ ရှိမလာဘူး။ တိုးတက်မှုဆိုတာထက် တစ်ခါတစ်ခါ ရပ်တန့်နေသလိုလို၊ တစ်ခါတစ်ခါ နောက်တောင် ဆုတ်သွားသလိုလို။

လူကတော့ ရှေ့ကိုသွားချင်နေတာ။ ရှေ့ကိုရောက်ချင်နေတာ။ ဒီကိစ္စလည်းရှေ့ရောက်ချင်၊ ဟိုကိစ္စလည်း ရှေ့ရောက်ချင်၊ ဒီဟာလည်းအောင်မြင်ချင်၊ ဟိုဟာလည်းအောင်မြင်ချင်။ ဒါပေမယ့် တကယ်တမ်း ကိုယ်လုပ်နေ ကိုင်နေတာတွေက သဘာဝကျရဲ့လား၊ စနစ်ကျရဲ့လား၊ သူ့နေရာနဲ့သူ စီကာ စဉ်ကာ ရှိရဲ့လားဆိုတာကို ပြန်ပြီးမသုံးသပ်ဖြစ်ဘူး။

အလုပ်ကြိုးစားတယ်ဆိုပေမယ့် စီစဉ်တကျမလုပ် ဖြစ်ဘူး။ ဘယ်အရာကိုမှ သတ်သတ်မှတ်မှတ် မလုပ်ဖြစ်ဘူး။ ဒီနေရာမှာဘာ၊ ဟိုနေရာမှာဘာ ဆိုတာမျိုးကို ပိုင်းခြားပြီး မလုပ်ဖြစ်ဘူး။ ဘာမှ စီစဉ်တကျ မဟုတ်တော့ဘူး။ စီစဉ်တကျ လုပ်ဖို့ကြိုးစားပေမယ့် မအောင်မြင်ပြန်ဘူး။ အပိုင်းလေးပိုင်းခွဲရမှာကို သိပေမယ့် တစ်ပိုင်းနဲ့တစ်ပိုင်း မှားထည့်မိတာမျိုးကလည်း ရှိသေးတယ်။ တကယ့်တကယ် အရေးမကြီးတာကို အရေးကြီးနေပြီလို့ ထင်မိတတ်ပြန်တယ်။ အမြန်လုပ်ဖို့ လိုပြီဆိုတဲ့ဟာကလည်း မလိုတဲ့ဘက် ရောက်လို့ရောက်၊ အမြန်လုပ်ဖို့ မလိုသေးတဲ့ အရာတွေကျပြန်တော့ လိုတဲ့ဘက်ကို ရောက်လို့ရောက် အကုန်လုံး ကမောက်ကမတွေ ဖြစ်ကုန်တတ်ပြန်ရော။ တစ်ခါ တစ်ခါကျတော့ လုပ်သာလုပ်နေရတယ်၊ ဘာမှသိပ်အရာမထင် ဘူးဆိုတဲ့ အခြေအနေမျိုးကို ရောက်ရောက်နေတယ်။

လျော်ကန်သင့်မြတ်သော စီမံခန့်ခွဲမှု


ဖြတ်သန်းရာ ဘဝတစ်လျှောက်ကို ပြန်ကြည့်လိုက်တော့ အလုပ်တွေရှုပ်လိုက်တာဆိုတာကို ပြန်တွေ့ရတယ်။ များလှချည်လားလို့လည်း တွေးမိတယ်။ ကိုယ်ကဒီလိုတွေးမိပေမယ့် တကယ်ဆို အလုပ်ရှုပ်ကြတာချင်းကတော့ အားလုံး အတူတူ ပါပဲတဲ့။ ကိုယ့်ကျမှရှုပ်နေတယ်လို့ထင်တာ။ အမှန်က သူသူ ကိုယ်ကိုယ် အကုန်လုံး အလုပ်များနေကြတာပါပဲတဲ့။ ဒါပေမယ့် ဘယ်အရာက ဘယ်လောက်အရေးကြီးသလဲ၊ ဘယ်အရာက ဘယ်အချိန်မှာ လုပ်ဖို့လိုသလဲ။ ဒါကိုသိတဲ့သူ အတွက်ကျတော့ လုပ်ရတာ ဘာမှသိပ်မခက်တော့ပါဘူးတဲ့။ အရာရာကို သူ့အခြေအနေ အချိန်အခါနဲ့သူ လျော်ကန် သင့်မြတ်အောင် စီမံခန့်ခွဲသွားနိုင်ပါသတဲ့။ ဒီတော့ အောင်မြင် မှုလည်း ရပါသတဲ့။ ဒီလိုမဟုတ်ဘဲ ကိုယ့်အခြေအနေက ပြောင်းပြန်ဆိုရင်တော့ ရလဒ်တွေကလည်း ပြောင်းပြန်တွေ ဖြစ်နေမှာပါပဲတဲ့။

ဘာပဲဖြစ်ဖြစ်၊ ရှုပ်ယှက်ခတ်နေတဲ့ အလုပ်ကိစ္စတွေကို လေးပုံပုံ၊ လေးပိုင်းပိုင်းပြီး တစ်ပိုင်းချင်း တို့ထိကြည့်တဲ့ အကျင့် လေးကို စနစ်တကျ မွေးမြူကြည့်ကြရမှာပါ။ ကိုယ့်ဘဝ ခရီးလမ်းကို ဒီလိုနည်းလမ်းတွေသုံးပြီး လျှောက်လှမ်းရင်းနဲ့ လုပ်ကိုင်ဆောင်ရွက်ရမယ့်အရာတွေ မှန်သမျှကို ပေါ့ပါး လျင်မြန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်တဲ့သူအဖြစ်ကို ရောက်နိုင်အောင် ကြိုးစားကြရမှာပါ။

ကိုယ့်ဘဝကို ဘယ်လိုအရာတွေနဲ့ ကုန်ဆုံးနေဖြစ်သလဲ။ အရေးကြီးတာတွေ လုပ်ဖြစ်နေသလား၊ သိပ်အရေးမပါတာတွေနဲ့များ ကိုယ့်အချိန်တွေကုန်ခဲ့တာ များနေပြီလားဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုယ်ကိုယ် မကြာမကြာ ပြန်ပြန်မေးသင့် ပါတယ်။

လုပ်စရာတွေကတော့ ဟိုတုန်းကများခဲ့သလို အခုလည်း များနေမှာပါပဲ။ နောင်လည်းပဲ များနေလိမ့်ဦးမယ်လို့ ထင်တာပါပဲ။ ဘာတွေဘယ်လောက်များများ အဓိကကတော့ အရေးကြီးတာကို အရင်လုပ်မိဖို့ လိုတာပါပဲ။

သိုက်စိုးထွန်း(နတ်ရွာ)

Keep Reading

အချိန်ဆွဲတာကိုကုစားမယ် စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအချိန်ဆွဲတဲ့အကျင့်ဆိုး"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း