စောမြတ်နွယ်
ကျွန်မ fb ပေါ်မှာ ဖတ်ဖူးတဲ့ ကျွန်မသိပ်သဘောကျတဲ့ ပုံပြင်လေး တစ်ပုဒ်ရှိတယ်။ ဖတ်ထားတာတော့ အတော်ကြာပြီ။ လွန်ခဲ့တဲ့ ၂၀၁၈ခုနှစ် လောက်ကပေါ့။
အဲ့ဒီတော့ ဒီနေ့အဲ့ပုံပြင်လေးကို ပြောပြချင်ပါတယ်။
ပုံပြင်လေးက တစ်ခါတုန်းက ကြယ်မင်းသမီးလေးနဲ့ ခမည်းတော် ကြယ်မင်းကြီးဆိုတဲ့ ကြယ်လေးနှစ်လုံးရှိတယ်။
တစ်နေ့မှာ
ကြယ်မင်းသမီးလေးက ခမည်းတော် ကြယ်မင်းကြီးကို စိတ်ဓာတ်ကျနေတဲ့ လေသံနဲ့ ပြောတယ်တဲ့။
''ဖေဖေ သမီးကို လူတွေက ကြည့်မရဘူးထင်တယ် ဖေဖေ''
''ဘယ်လိုလူတွေတုန်းသမီးရဲ့''
''ကြည့်မရတဲ့ သူတွေပေါ့ ဖေဖေရယ်''
''ဒါဆိုရင် သမီးကို မုန်းနေတဲ့သူတွေလို့ ဆိုလိုချင်တာလား''
''ဟုတ်''
''ဒါဆိုရင် သမီးကို ကြည့်မရတဲ့ လူတစ်ယောက်ရှိတိုင်း ရှိတိုင်းမှာ သမီးကို မျှော်ပြီး ကြည့်နေတဲ့ လူဆယ်ယောက်လောက်ရှိတယ်ဆိုတာ သမီးသတိထားမိလား''
''အဲ့ဒါ ဘယ်သူတွေလဲ ဖေဖေ''
''ထိပ်ဆုံးက ဖေဖေပေါ့''
''နောက်ထပ် သမီးရဲ့ သူငယ်ချင်းတွေ မိတ်ဆွေတွေ သမီးမသိပေမယ့် သမီးကို ချစ်တဲ့သူတွေ အဲ့လိုလူတွေအတွက် သမီးတောက်ပရလိမ့်မယ်သမီး''
''သမီးကို မုန်းတဲ့သူတွေအတွက် မှေးမှိန်ပြတယ်ဆိုတာ သမီးကို ချစ်တဲ့သူတွေအပေါ် တာဝန်မကျေရာကျတယ်။''
''ဒါဆိုရင် သမီးက အမှောင်ကိုခွင်း အလင်းအဆောင်ရမယ်ပေါ့''
''ဒါဆို သမီးကို မေးမယ်။အမှောင်ဆိုတာ ဘာကို ခေါ်ချင်တာလဲ။အလင်းဆိုတာကရော ဘာလဲ''
''သမီးသေချာ ရှင်းမပြတတ်ဘူး ဖေဖေ''
''တိတိကျကျအဖြေမပေးနိုင်တာက အန္တရာယ်ရှိတယ် သမီး။''
''နောက်ပြီး သမီးအတွက် အမှောင်ဆိုတာက တချို့လူတွေအတွက် အလင်းဖြစ်နိုင်သလို သမီးအတွက် အလင်းဆိုတာက တချို့သူတွေအတွက် အမှောင်ဖြစ်ချင်ဖြစ်နေနိုင်တယ်။''
''အဲ့ဒီတော့ သမီးက ဘယ်လိုလုပ်ရမှာလဲ။မလိုသူတွေ မျက်စိကျိန်းလောက်အောင် တောက်ပရမှာလား။''
''ဒီလိုရှိတယ် သမီးရဲ့ ။သမီးကို ချစ်တဲ့သူတွေက သမီး ဘယ်လောက်ပဲ စူးစူးရှရှထက်ထက်မြက်မြက် တောက်ပသည်ဖြစ်စေ မျက်စိကျိန်းတယ်လို့ မထင်မလို သမီးကို မုန်းတဲ့သူတွေက သမီးဘယ်လောက်ပဲ မှေးမှိန်ပြသည်ဖြစ်စေ မျက်စိကျိန်းပြီး ကြည့်မရဖြစ်နေမှာပဲ''။
''အဲ့ဒီတော့....''
''သမီးဟာ ကြယ်တစ်ပွင့်ဖြစ်တယ်။မွေးဖွားလာကတည်းက တောက်ပဖို့ မွေးဖွားလာတာဖြစ်တယ်။ကြယ်ရဲ့ တာဝန်က တောက်ပရမှာဖြစ်လို့ မတောက်ပတဲ့ကြယ်ဟာ ကိုယ့်တာဝန်ကို မကျေပွန်ရာ ကျတယ်။သမီးဟာ တာဝန်ကျေတဲ့ ကြယ်တစ်ပွင့်ဖြစ်တယ်ဆိုတာ ဖေဖေယုံကြည်တယ်။''
''ဒါကြောင့်မို့ သမီးဟာ တောက်ပရလိမ့်မယ်။တောက်ပမယ့် တောက်ပတော့ မလိုသူတွေ မျက်စိကျိန်းရုံလောက် မတောက်ပနဲ့။ကန်းသွားအောင်သာ တောက်ပပစ်လိုက်ပါ သမီး။''
ပုံပြင်လေးကတော့ ဒါပါပဲရှင်။
ကျွန်မပြောချင်တာက ကျွန်မတို့ပတ်ဝန်းကျင်မှာလည်း ကျွန်မတို့ တိုးတက်ဖြစ်ထွန်းမှာ အောင်မြင်မှာ တောက်ပမှာကို မလိုလားတဲ့သူတွေ ရှိကောင်းရှိနိုင်ပါတယ်။
တစ်ခါတစ်လေ အဲ့လိုလူတွေက ကိုယ့်အနီးအနားပတ်ဝန်းကျင်ကလည်း ဖြစ်ချင်ဖြစ်နေတတ်ပါတယ်။
အဲ့လိုလူတွေက ကိုယ်ကြိုးစားနေတာကိုစိတ်ပျက်သွားအောင် အဖျက်စကားတွေ ပြောတတ်ကြပါတယ်။
ကိုယ့်ကြိုးစားမှုကြောင့် ရလာတဲ့ အသေးစားအောင်မြင်မှုလေးတွေလည်း အသိအမှတ်မပြုဘဲ မသိချင်ယောင်ဆောင်တယ် ကြတယ်။လျစ်လျူရှုတတ်ကြတယ်။
နောက်ပြီး ကိုယ့်အမှားကို စောင့်ကြည့်နေတတ်ပြီး အကွက်တွေ့ရင် ချိုးချင်နှိမ်ချင်ကြတယ်။
အဲ့လိုလူတွေ ကိုယ့်အနားမှာရှိနေရင် စိတ်အနှောက်အယှက်ဖြစ်ရတာတော့ အမှန်ပါပဲ။
ဒါပေမယ့် တတ်နိုင်ရင်တော့ အဲ့လိုလူတွေကို ခေါင်းထဲမထည့်ဘဲ လျစ်လျူရှူ့နိုင်ရင် အကောင်းဆုံးပါပဲ။
ဘာဖြစ်လို့လည်းဆိုတော့ အဲ့လူတွေကို ခေါင်းထဲထည့်ထားရင် စိတ်မကြည်လင်ဘူး။စိတ်မကြည်လင်ရင် ကိုယ်လုပ်ရမယ့်အလုပ်တွေမှာ ရာနှုန်းပြည့် အာရုံမစူးစိုက်နိုင်ဘူး။
အဲ့တော့ ကိုယ်သွားရာလမ်းမှာ နှောက်နှေးတယ်။ကြန့်ကြာတယ်။
အဲ့ဒီတော့ ကျွန်မပြောချင်တာက
ဘဝဆိုတာ ဒီလိုပါပဲ။ကိုယ့်ကို လိုသူတွေရှိသလို မလိုသူတွေလည်း ရှိမှာပါပဲ။
အတုမရှိတဲ့ ဗုဒ္ဓမြတ်စွာဘုရားကိုတောင် မုန်းတဲ့သူတွေ မလိုသူတွေ ရှိကြသေးတာ။ကျွန်မတို့လို သာမန်ပုထုဇဥ်လူသားတွေအတွက်တော့ ကြုံကိုကြုံရမယ့် လောကဓံပါပဲ။
အဲ့ဒီတော့ မလိုသူတွေဘာပြောပြော
ဘယ်လိုမြင်မြင် ဂရုမစိုက်ဘဲ ကိုယ့်ပန်းတိုင်ကိုသာ အာရုံစိုက် အကောင်းဆုံးကြိုးစားလျှောက်လှမ်းပြီး အလှပဆုံး တောက်ပလိုက်ပါ။
ပုံပြင်ထဲကကြယ်မင်းကြီး ပြောသလိုပေါ့။
တောက်ပမယ့်တောက်ပတော့ မလိုသူတွေ မျက်စိကျိန်းရုံလောက်မတောက်ပနဲ့။ ကန်းသွားအောင်သာ တောက်ပလိုက်ပါလို့ ပြောလိုက်ချင်ပါတယ်ရှင်။
#စောမြတ်နွယ်
16.9.2024
Keep Reading