SarPhat Author
?????
"အဖေ၊ ဟိုမှာ ပိုက်ဆံလိုက်တောင်းနေတဲ့ ကလေးလေးတွေက ကျောင်းမတက်ဘူးလားဟင်"
အသက် ၁၂ နှစ်အရွယ် မောင်အောင်သူက အမေးရှိလာတော့ အဖေဖြစ်သူ ဦးထွန်းသူက
"သူတို့တွေက ကျောင်းမတက်လောက်ဘူး သားရဲ့။ ဘာဖြစ်လို့ပါလိမ့်"
ယခုလို ပြန်ပြောလိုက်တယ် ဆိုရင်ပဲ သားဖြစ်သူက သနားသော လေသံကလေးနှင့် ပြောပြန်တယ်။
"သနားပါတယ်နော်။ သူတို့လေးတွေက သားနဲ့ဆို မတိမ်းမယိမ်းလေးတွေနော်။ သူတို့မိဘတွေကလည်း ဒီလိုပဲ တောင်းရမ်းစားသောက်ကြတာလားဟင်။"
"အဲ့ဒါတော့ အဖေလည်း မသိဘူးသားရဲ့။ သေချာတာ တခုကတော့ ဒါဟာ သူတို့ စီးပွားရေးပဲသား။"
"ဟမ်။ သားနားမလည်ဘူး။ သား နားလည်တာတခုကတော့ သားသူတို့ကို သနားတယ်။ နေပူမရှောင် မိုးရွာမရှောင် (၅၀၊ ၁၀၀) ရဖို့ တောင်းနေကြရတာ။ သား မုန့်ဖိုးထဲက ၅၀၀ လောက် သူတို့ကို သွားပေးလိုက်မယ်နော် အဖေ။"
"သား သူတို့ကို သနားတယ်ဆိုရင် မပေးနဲ့သား။ သားနားလည်အောင် အဖေ ဘယ်လိုရှင်းပြရမလဲကွာ။"
"အဖေကလည်း လူလူချင်း ကူညီတာပဲကို"
"ဟုတ်တယ်သား၊ လူလူချင်း ကူညီတာပဲ။ ဒါပေမဲ့ မှန်တဲ့ဘက်ကနေ အကူအညီ ပေးစေချင်တယ်။ အခု သားမုန့်ဖိုးထဲကနေ သားက သွားကူညီလိုက်တယ်။ ဒါပေမဲ့ သူတို့ အဲ့ပိုက်ဆံ အကုန်လုံးကို သူတို့မရဘူး။ သားမြင်အောင် ဘယ်လိုပြောရမလဲဆိုတော့ ဒီလိုကွာ၊ လုပ်ငန်းတခုမှာ ဝန်ထမ်းတွေကို အုပ်ချုပ်တဲ့ အထက်လူကြီးဆိုတာရှိတယ်။ အဲ့ဒီအထက်လူကြီးက တရက်ကို အလုပ်တခု၊ ဒါမှမဟုတ် အလုပ်နှစ်ခု ပြီးအောင် လုပ်ပေးရမယ်လို့ ပြောတဲ့အခါမှာ ဝန်ထမ်းတွေက လစာရကြတာကြောင့် အထက်လူကြီးခိုင်းတာကို ပြီးအောင် လုပ်ပေးကြရတယ်။ အလုပ်မပြီးရင် အထက်လူကြီးက ဆူတယ်၊ ဆဲတယ်ပေါ့ကွာ။"
နားမလည်တဲ့အမူအရာနဲ့ အဖေဖြစ်သူကို သားက စကားစဖြတ်ပြီး ပြန်မေးလိုက်တယ်။
"ဟင်၊ အခု ကလေးတွေနဲ့ အဖေပြောတဲ့ဟာနဲ့ ဘာဆိုင်လို့လဲ။"
"ဆိုင်တာပေါ့သားရယ်။ အခု သားမြင်နေရတဲ့ ကလေးတွေက တချို့ဆို မိမဲ့ ဘမဲ့၊ တချို့က ရပ်ကွက်ထဲက ဂျလေဘီတွေပေါ့။ သူတို့မှာ အထက်လူကြီးဆိုတာ ရှိတယ်။ တရက်ကို တသောင်း ဒါမှမဟုတ် နှစ်သောင်း ရှာရတယ်။ အဲ့ပိုက်ဆံ ရပြီဆိုရင် အထက်လူကြီးကို အပ်ရတယ်။ အချိန်ကုန်လို့ ပိုက်ဆံမရရင် အဆူ အဆဲကလည်း ခံရသေးတယ်။ သူတို့ရှာခိုင်းတဲ့ ပိုက်ဆံက ပိုနေ လျှံနေပြန်ရင်လည်း သူတို့ မရကြဘူး။ သူတို့ကို သူတို့အလုပ်ရှင်က ဈေးသတ်မှတ်ပြီးသား တယောက်ကို သုံးထောင်တို့ ငါးထောင်တို့အပြင် ပိုမရကြဘူး။"
"ဟင်၊ အဲ့လိုကြီးလား။ အဖေက ဘယ်လိုသိတာလဲ"
"အေး၊ အဖေကလည်း ဈေးသည်ဆိုတော့ မြင်နေတွေ့နေ ရတာပေါ့။ ဒီနေ့တော့ အဖေ ဈေးနားလို့ ငါ့သားကို လိုက်ပြမယ်။ ငါ့သား မပျင်းဘူးဆိုရင် ထိုင်စောင့်နေ။ ညနေ သူတို့ ငွေသွားအပ်ကြတဲ့အခါ အဖေတို့ အဝေးကနေ လိုက်ကြည့်ကြမယ်။ ဒါပေမဲ့ ငါ့သား စကားကို တိုးတိုးပြောနော်။ သူတို့ အထက်လူကြီးတွေက ဘယ်လိုပုံ ရှိတယ်ဆိုတာ အဖေတို့က သိတာမဟုတ်ဘူး။ အဖေတို့ လိုက်ချောင်းတာ သိသွားရင် အနွှာခံနေရအုံးမယ်။"
"ဟုတ်ကဲ့ပါ။ သားလည်း သူတို့ကို ဘယ်လိုကူညီရမလဲ သိရအောင် အဖေနဲ့အတူတူ တိုးတိုးလေး လိုက်ချောင်းပါ့မယ်။"
×××××
"ဟိုမှာတွေ့လား သား။ သူတို့ ငွေတွေ ရေနေကြပြီ။"
"တွေ့တယ်အဖေ၊ တိုးတိုးနေ သားကြည့်နေတယ်။"
သားအဖနှစ်ယောက် ကြည့်ပြီး ပြန်လာကြတယ်။ ရပ်ကွက်လမ်းထဲရောက်မှ သားဖြစ်သူက အဖေဖြစ်သူကို စကားပြောတယ်။
"အဖေ၊ ဒါဆို ဒီကလေးလေးတွေရဲ့ ဘဝက ကူညီလို့ မရတော့ဘူးလားဟင်။"
"ငါ့သားက သူတို့အကြောင်းကို စိတ်ထဲ တအားထည့်ထားတာကိုး။ အေး...၊ အဖေတို့ကလည်း ချမ်းသာတဲ့သူတွေ မဟုတ်ကြတော့ ငါ့သားကို ပညာတွေပဲ ပေးနိုင်တယ်။ ငါ့သား စာများများဖတ်ကွာ။ စာတတ်အောင်၊ ပညာတတ်ကြီးဖြစ်အောင် ကြိုးစားကွာ။ မင်း တနေ့စာတတ်ပုဂ္ဂိုလ် ပညာတတ်ပုဂ္ဂိုလ် တဦးဖြစ်ရင် သူတို့ဘဝတွေကို ငါ့သားတတ်ထားတဲ့ ပညာတွေနဲ့ ကူညီပေးလို့ရတယ်ကွာ။"
"ဟင်၊ အဖေ့စကားကြီးကလည်း၊ သား အသက်ကြီးလာရင် သူတို့တွေလည်း အသက်ကြီးသွားပြီပေါ့။ ဘယ်လိုလုပ် ကူညီလို့ ရတော့မလဲ။"
"ငါ့သားကလည်း သေသေချာချာ စဉ်းစားလေ။ စောစောကကျ စဉ်းစားတွေးခေါ်တတ်နေပြီး အခုကျမှ မစဉ်းစားတတ်တော့ဘူးလား။ ဒီမှာ အဖေပြောပြမယ်။ ကလေးတွေ ဒီလိုတောင်းစားနေကြတာဟာ စီးပွားရေးလုပ်နေကြတာ။ ပြီးတော့ ဒီလုပ်ငန်းက ဘယ်တော့မှ ရပ်တန့်သွားမလဲ မသိဘူး။ အဖေတို့နိုင်ငံမှာ စာတတ်ပုဂ္ဂိုလ်၊ ပညာတတ်ပုဂ္ဂိုလ်တွေ များလာပြီး အားလုံး ဝိုင်းဝန်း ကူညီလိုက်ကြရင် ဒီလို ကလေးလုပ်သားတွေလည်း ပပျောက်သွားနိုင်လိမ့်မယ်။ ပြီးတော့ ဒါဟာလည်း စီးပွားရေးလုပ်နေတာမို့ အခွန်ကောက်သင့်ရင် ကောက်ရမယ်ပေါ့။ အဖေ ဖတ်ဖူးတဲ့ စာအုပ်ထဲမှာဆိုရင် စင်ကာပူနိုင်ငံမှာ တောင်းရမ်းစားသောက်သူတွေက အစိုးရကို အခွန်ဆောင်ရတယ်တဲ့။ စင်ကာပူအစိုးရက တောင်းရမ်းစားသောက်တာကလည်း စီးပွားရေးပဲဆိုပြီး အခွန်ဆောင်ခိုင်းတာတဲ့။ အဲ့ဒီတော့ အဖေ ရှည်ရှည်ဝေးဝေး မပြောတော့ဘူး။ ငါ့သား ပညာကို ကြိုးစားသင်ယူပါ။ စာများများဖတ်ပါ။"
"ဟုတ်ကဲ့ပါ အဖေ။ သားအခုတော့ နည်းနည်း နားလည်သလိုရှိသွားပါပြီ။ သား သေသေချာချာ ကြိုးစားပါတော့မယ်အဖေ"
သားအဖနှစ်ယောက် တက်ကြွတဲ့ ခြေလှမ်းများနဲ့ အိမ်ရှိရာကို ပြန်သွားကြတော့တယ်။ ။
ကိုမျိုး
Keep Reading