သိုက်စိုးထွန်း(နတ်ရွာ)
ပုထုဇဉ်သဘာ၀အရ တစ်ခါတစ်လေမှာ နေရာရချင်တဲ့စိတ်ကလေးတွေဖြစ်မိကြတယ်။ နေရာလိုချင်စိတ် ကလေး ၀င်မိတတ်ပါတယ်။ အဖွဲ့အစည်း တစ်ခုမှာပါ၀င်နေတယ်ဆိုရင်လည်း ဒီအဖွဲ့အစည်းရဲ့ အရေးပါတဲ့ နေရာတစ်ခုမှာနေချင်စိတ်ကလေးဖြစ်မိကြတယ်။ ရပ်ထဲရွာထဲမှာ ဆိုရင်လည်း ရပ်ရွာရဲ့ အရေးပါတဲ့အခန်းကဏ္ဍမှာ နေချင်မိကြတယ်။ ဘယ်အဖွဲ့ပဲဖွဲ့ဖွဲ့ အဲ့ဒီအဖွဲ့မှာ ကိုယ်က အရေးပါတဲ့နေရာလေးမှာပဲနေချင်မိတတ်တယ်။ ကိုယ့်၀န်းကျင် ကိုယ့်အသိုင်းအဝိုင်းလေးထဲမှာလည်း ကိုယ်လိုချင်တဲ့နေရာက ဘယ်လိုဟာဆိုတာကို မျှော်လင့်ထားမိတတ်ကြပါတယ်။
တစ်ခါတစ်ခါတော့လည်း မျှော်လင့်သလိုဖြစ်လာတတ်ပါတယ်။ ဒါပေမယ့် အများအားဖြင့်ကတော့ မျှော်လင့်ထားတဲ့နေရာနဲ့ လက်ရှိကိုယ်ရောက်နေတဲ့နေရာနဲ့က သိပ်တော့မကိုက်ညီတာများပါတယ်။ မကိုက်ညီတော့ အားမလိုအားမရဖြစ်ရပြန်ပြီ။ ကိုယ့်ကိုယ်ကိုယ်ပဲအပြစ်တင်ရမလား၊ ဘယ်သူ့ကိုဘယ်လိုသွားပြီး အပြစ်တင်ရမလဲ ဆိုတာတွေကို မဝေခွဲနိုင်ဖြစ်ရပြန်တယ်။
ကိုယ့်ကိုနေရာပေးစေချင်တယ်။ အလုပ်ထဲမှာဆိုရင်လည်း အလုပ်ထဲမှာမို့၊ ရပ်ရွာထဲမှာဆိုလည်း ရပ်ရွာထဲ မှာမို့ ကိုယ့်ကိုယ်အသိအမှတ်ပြုမှုလေးတစ်ခုအနေနဲ့ နေရာပေးမှုလေးကို လိုချင်မိတတ်ပါတယ်။ နေရာမပေးရင် သိပ်မကျေနပ်ဘူး။ ကိုယ်လိုချင်တဲ့နေရာက စိတ်ထဲမှာသပ်သပ်ရှိနေနှင့်ပြီးသား။ ဒါပေမယ့် တကယ်တမ်းကြုံရတဲ့ အခြေအနေက ကိုယ်မျှော်လင့်ထားတာနဲ့မတူဘူး။ မျှော်လင့်ထားတာထက် နိမ့်တဲ့နေရာ၊ တစ်နည်းအားဖြင့် နိမ့်တယ်လို့ထင်တဲ့နေရာကိုရောက်နေတယ်ဆိုပါတော့။ ဒီအခြေအရောက်လာရင် တစ်ယောက်ယောက်ကို မကျေမနပ်ဖြစ်ချင်သလိုလိုတွေခံစားနေမိတတ်တယ်။ မကျေနပ်ဘူး၊ မကျေနပ်ဘူး။ ဘာကို မကျေနပ်လို့ မကျေနပ်မှန်းလည်း မပြောနိုင်ဘူး။ ကိုယ့်စိတ်ထဲမှာကြိတ်ပြီးဖြစ်နေတဲ့ဝေဒနာတွေ။
တကယ်တော့ စိတ်စောနေမိတာလည်းပါပါတယ်။ ကိုယ်က လက်ရှိအခြေအနေထက်မြင့်တဲ့နေရာတစ်ခုကို မျှော်လင့်နေမိသလို အဲ့ဒီနေရာနဲ့ကိုက်ညီတဲ့အရည်အချင်းတွေလည်း ကိုယ့်မှာရှိနေပြီလို့ ခံယူမိနေတတ်ပါတယ်။လူ့သဘာ၀အရ ကိုယ့်ကိုယ်ကိုယ်အကဲဖြတ်တိုင်း ပိုပိုသာသာလေး အမှတ်ပေးမိကြလို့လည်း ဒီလိုခံယူမိကြတာပါ။ ဒီလိုခံယူမိလို့လည်း ကိုယ်မျှော်မှန်းထားတဲ့နေရာကိုမရောက်တာဟာဖြင့် ရောက်သင့်ရသင့်ပါလျက်နဲ့ကို မရောက်ဘဲ ဖြစ်နေရတာလို့ ထင်သွားတယ်။ အဲ့ဒီအထင်ဟာ ကြာလေလေခိုင်မြဲလေလေဖြစ်သွားတယ်။ ဒီတော့ မကျေမနပ်တွေ ဖြစ်လာတယ်။ တကယ်ဆို ကိုယ်က ဒီနေရာမှာရှိနေရမှာမဟုတ်ဘူး၊ ဟိုနေရာလောက်မှာရှိနေသင့်တာ၊ ဟိုနေရာကပုဂ္ဂိုလ်ဆိုရင် ဒီလောက်ကြီးအရည်အချင်းရှိလှတာလည်းမဟုတ်ဘူး၊ နေရာပေးတဲ့သူတွေမျက်စေ့ကျ လို့သာ နေရာကောင်းကို ရောက်လာတာ၊ တကယ်ဆိုဟိုလူ့မှာဟိုလိုအားနည်းချက်တွေရှိနေတာကို သူတို့ မသိကြဘူး စသည်စသည်အားဖြင့် အတွေးနယ်ချဲ့ရင်းနဲ့၊ မနာလိုတိုရှည်ဖြစ်ရင်းနဲ့ တစ်ဘက်ကလူကိုတောင်မှ အပြစ်မြင်ချင်သလိုလို ဖြစ်လာတယ်။ ဒီလိုနဲ့ အလကားနေရင်း အကုသိုလ်အတွေးတွေထဲမှာ ချောင်ပိတ်မိနေတတ် ပြန်ရော။
တကယ်ဆို တစ်ချိန်ချိန်မှာ ကိုယ်နဲ့ကိုက်ညီတဲ့နေရာတစ်ခုတော့ မလွဲမသွေ ရလာမှာပါ။ ဒီအချိန်ကျရင်သာ အဆင်သင့်ဖြစ်နေအောင် ကြိုးစားထားနှင့်ဖို့လိုတာပါ။ အခြေအနေတွေက အရမ်းကို ပြောင်းလဲနေတယ်။ လိုအပ်ချက်တွေကလည်းများများလာတယ်။ ဟိုးအရင်တုန်းကလို အကြောင်းအရာတစ်မျိုးတည်း၊ နယ်ပယ် တစ်ခုတည်း၊ ကဏ္ဍတစ်ခုတည်းမှာချည်း အာရုံစိုက်ပြီးသွားနေရတဲ့အချိန်ကာလမျိုးမဟုတ်တော့ဘူး။ နယ်ပယ်စုံ၊ ကဏ္ဍစုံမှာ မြှင့်တင်ပေးရမယ့်ကိစ္စတွေက များများလာတယ်။ ဒီတော့ သက်ဆိုင်ရာနယ်ပယ်မှာ ကျွမ်းကျင်နှံ့စပ်တဲ့ သူတွေ အရင်ကထက်ပိုပိုပြီးလိုအပ်လာတယ်။ ဖြည့်ရမယ့်ကွက်လပ်တွေများများလာတယ်။ ဒီတော့ ဒီကွက်လပ်တွေ ထဲက တစ်ခုခုနဲ့သာ ကိုက်ညီနေမယ်ဆိုရင် အဲ့ဒီနေရာဟာ ကိုယ့်အတွက်ဖြစ်လာမှာပါပဲ။
အရေးကြီးတဲ့အချက်ကတော့ ကိုယ့်ဘက်က သက်ဆိုင်ရာအရည်အချင်းတွေနဲ့ ပြည့်စုံနေဖို့ပါ။ ဒီအရည်အချင်းမျိုးတွေကိုယ့်မှာရှိနေရဲ့လား၊ အမှန်တကယ်ရှိနေတာရောသေချာရဲ့လားဆိုတာကို ကိုယ့်ကိုယ်ကိုယ် မညှာတမ်းပြန်လည်သုံးသပ်ရမှာပါ။
တစ်ဘက်မှာ နေရာရနေတဲ့သူကိုကြည့်ပြီးတော့ သူ့လောက်တော့ကိုယ်လည်းလုပ်တတ်တာပေါ့ ဆိုတာမျိုး တွေးမိတတ်ပါတယ်။ တကယ်တမ်းကျတော့ တစ်ဘက်လူကိုကြည့်တဲ့အခါ ကိုယ်မြင်ရတဲ့အမြင်က သမုဒ္ဒရာထဲက ရေခဲတောင်လိုပါပဲ။ ပင်လယ်သမုဒ္ဒရာကြီးတွေထဲမှာ ရေခဲတောင်ကြီးတွေ ရှိနေတတ်ပါတယ်။ ဒီရေခဲတောင်ကြီး တွေရဲ့ ထိပ်ပိုင်းကရေပြင်ပေါ်မှာ ထိုးထွက်ပြီးပေါ်နေတယ်။ ရေပြင်ပေါ်မှာ ပေါ်နေတဲ့အပိုင်းက ခပ်သေးသေး ဖြစ်ချင်ဖြစ်မယ်၊ အကြီးကြီးလည်းဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် သေချာတာကတော့ ကိုယ်မြင်ရတဲ့အပိုင်းထက် ကိုယ်မမြင်ရတဲ့အပိုင်းရဲ့ထုထည်က အဆမတန်ကြီးမားနေတယ်ဆိုတာပါပဲ။
လူတစ်ယောက်ကို အကဲခတ်တဲ့အခါ၊ ရှုမြင်တဲ့အခါလည်း အဲ့သလိုပဲဖြစ်သွားတတ်ပါတယ်။ သူ့ကို ကြည့်လိုက်ရင်တော့ သူ့မှာ ဘာအခက်အခဲမှမရှိဘူး။ အလုပ်တာ၀န်တွေကို ပေါ့ပေါ့ပါးပါးလေးပဲ ထမ်းဆောင် နေတယ်လို့ထင်ရပါတယ်။ ဒါပေမယ့် သူ့မှာလည်း သူရင်ဆိုင်ကြုံတွေ့နေရတဲ့အခက်အခဲတွေက ကိုယ်မမြင်ရတဲ့ အပိုင်းမှာ အများကြီးရှိနေမှာပါ။ သူဖြေရှင်းနေရတဲ့ပြဿနာတွေက အများကြီးရှိနေမှာပါ။ ကိုယ်ကသိပ်မမြင်ရတော့ သူ့လောက်တော့ ကိုယ်လည်းလုပ်တတ်တာပေါ့ ဆိုတဲ့ အတွေးမျိုးတွေ ၀င်၀င်လာမိတတ်ပါတယ်။ ဒီလိုဆိုတော့ ကိုယ်လည်း သူ့လောက်လုပ်တတ်ကိုင်တတ်ပါလျက်နဲ့ ဘာ့ကြောင့် ကိုယ်ကသူ့လိုနေရာမရရတာလဲဆိုတဲ့ အတွေးမျိုး ၀င်မိတတ်ပါတယ်။ ဒါတွေဟာ သူတစ်ပါးအပေါ်ယုံကြည်မှု၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေအပေါ်မှာ မူတည်ပြီးတော့ ဒီအတွေးတွေ ကွဲပြားလာတာဖြစ်ပါတယ်။
တစ်ချို့က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအလွန်အားကောင်းတယ်။ ဘယ်ကိစ္စမဆို ကိုယ်လုပ်ရင်ဖြစ်မှာပဲလို့ တစ်ထစ်ချယုံကြည်ထားတယ်။ လုပ်ဖူးကိုင်ဖူးတဲ့အလုပ်တွေအတွက် ရှေ့ဆက်ဖို့ ယုံကြည်မှုရှိနေသလို တစ်ကြိမ် တစ်ခါမှ လုပ်ကိုင်ဆောင်ရွက်ဖူးခြင်းမရှိသေးတဲ့လုပ်ငန်းတွေကိုလည်းပဲ ကိုယ်သာလုပ်လိုက်ရင် မလွဲမသွေကို အောင်မြင်မှုရလိမ့်မယ်လို့ လုံး၀ဥဿုံယုံကြည်ထားတယ်။ တကယ်တမ်းလက်တွေ့ လုပ်ကိုင်ဆောင်ရွက်ကြည့် တော့မှ အစကကြိုတွေးထားသလောက် မလွယ်မှန်းသိရတော့တယ်။
တစ်ချို့ကျတော့လည်း ကိုယ့်ကိုယ်ကိုယ် သိပ်မယုံဘူး။ ဘယ်ဟာလုပ်လုပ် သိပ်ဖြစ်ဖြစ်မြောက်မြောက် ရှိလာမှာမဟုတ်ဘူးလို့ပဲ ထင်နေတယ်။ ဟိုအလုပ်လေးလုပ်မယ်လို့တွေးလိုက်၊ အောင်မြင်မှာမဟုတ်ပါဘူးလို့ တွေးလိုက်၊ ဒီအလုပ်လေးလုပ်မယ်လို့ကြံလိုက်၊ သိပ်တော့စွံမယ်မထင်ဘူးလို့ ထင်လိုက်နဲ့ ချီတုံချတုံနဲ့ပဲ စခန်းသွား နေတတ်တယ်။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမြင့်လွန်းနေတာလည်းမကောင်းဘူး၊ ယုံကြည်မှုကင်းမဲ့နေတာလည်း မကောင်း ပါဘူး။ အစွန်းတရားနှစ်ခုလုံးကို ရှောင်ကြည်နိုင်မှဖြစ်မှာပါ။ ယုံကြည်မှုမြင့်လွန်းနေသူတွေကျတော့ ကိုယ့်ရှေ့က လုပ်ကိုင်ဆောင်ရွက်သွားတဲ့သူတွေရော၊ လက်တွေ့လုပ်ကိုင်ဆောင်ရွက်နေသူတွေရောကို အရမ်းကာရော အထင်အမြင်တွေသေးနေတတ်ပြီးတော့ အလိုလိုနေရင်းသွေးနားထင်ရောက်နေတာနဲ့ အလုပ်မဖြစ်တော့ပါဘူး။ တစ်ဘက်က ယုံကြည်မှုမြင့်လွန်းနေတယ်ဆိုပေမယ့် လက်တွေ့လုပ်ငန်းဆောင်ရွက်တဲ့နေရာမှာတော့ စကားလုံး တစ်ခြား၊ လုပ်ရပ်တစ်ခြားဖြစ်နေပြီး ဒီနှစ်ခုရဲ့ခြားနားချက်က အရမ်းကွာဟနေတဲ့အခါ အများအတွက် ပြုံးစရာတစ်ခု ဖြစ်နေတတ်ပါတယ်။ ယုံကြည်မှုပျောက်ဆုံးနေသူတွေကလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြန်လည်မြှင့်တင်ဖို့ လိုအပ်ပါတယ်။ နေရာတကာအငုံ့စိတ်၀င်နေမယ်ဆိုရင် ဘယ်ကိစ္စမှာမှ ဖြစ်မြောက်အောင်ဆောင်ရွက်နိုင်တော့မှာ မဟုတ်ပါဘူး။ ထိုက်သင့်တဲ့ယုံကြည်မှုတစ်ရပ်တော့ ကိုယ့်မှာရှိနေဖို့လိုအပ်ပါတယ်။
ဖြစ်နိုင်တယ်ဆိုတဲ့ယုံကြည်မှုမျိုးတော့ ထားရမှာဖြစ်ပါတယ်။ ဒီနေရာမှာ ကိုယ်လုပ်မှဖြစ်နိုင်တာ၊ သူများ လုပ်ရင်မဖြစ်နိုင်ဘူးဆိုတဲ့ခံယူချက်မျိုး၀င်၀င်လာရင်တော့ ဟိုဘက်အစွန်းဘက်ကို နည်းနည်းရောက်သွားပြီးတော့ သူများလုပ်ရင်တော့အလွယ်လေး၊ ကိုယ်လုပ်ရင်တော့ ဘာမှဖြစ်မှာမဟုတ်ပါဘူးလို့တွေးရင်တော့ ဒီဘက်အစွန်း ဘက်ကို ရောက်လာတယ်လို့ ပြောနိုင်မှာဖြစ်ပါတယ်။ သူများလည်းကြိုးစားရင်ဖြစ်သလို ကိုယ်လည်းကြိုးစားရင် ဖြစ်မှာပဲဆိုတဲ့အတွေးမျိုးနဲ့ နှစ်ဘက်စွန်းလွတ်အောင် ခံယူတွေးတောနိုင်မှ အဆင်ပြေလိမ့်မယ်လို့ ယူဆမိပါတယ်။
ယုံကြည်မှုဆိုတဲ့နေရာမှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုဆိုတာအရေးပါသလို သူတစ်ပါးအပေါ်မှာယုံကြည်မှု ဆိုတာလည်း သိပ်အရေးကြီးပါတယ်။ ကိုယ်ကကျူး ကိုယ့်ဒူးတောင်မယုံရဆိုတဲ့အတွေးမျိုးချည်း၀င်နေလို့လည်း မဖြစ်ပါဘူး။ ဟိုဘက်ဒီဘက်၊ သူ့ဘက်ကိုယ့်ဘက်မျှအောင်တွေးနိုင်မှ၊ ကိုယ့်ကိုယ်ကိုယ်အထိုက်အသင့် ယုံကြည် သလို သူတစ်ပါးအပေါ်လည်း ယုံကြည်မှုလေးပေးထားနိုင်မှ အလုပ်ဖြစ်မှာပါ။
အခုတင်ပြနေတဲ့အကြောင်းအရာက နေရာရခြင်း၊ မရခြင်းနဲ့ပတ်သက်တဲ့ကိစ္စဖြစ်ပါတယ်။ မူလအစကို တရားကိုယ် ပြန်ကောက်လိုက်မယ်ဆိုရင်တော့ ပုထုဇဉ်ပီပီနေရာရချင်တဲ့စိတ်ကလေး၀င်တယ်ဆိုရာမှာလည်း ပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ စရိုက်သဘာ၀ကွဲတဲ့အလျောက် နေရာရချင်တဲ့ ရည်ရွယ်ချက်ချင်း၊ အနှစ်သာရချင်းတော့ ကွဲပြားနေပါလိမ့်မယ်။
တစ်ချို့ကျတော့ နေရာရချင်တာက ကိုယ်ကျိုးစီးပွားအတွက်ဖြစ်ပါတယ်။ ဒီနေရာကိုရောက်သွားရင် ဘယ်အခွင့်အရေးတွေရမယ်၊ ဘယ်လိုဘယ်လိုကောင်းကျိုးတွေ ကိုယ့်အတွက်ရလာမယ်ဆိုတာတွေကိုတွေးပြီး နေရာရချင်စိတ်တွေများနေတာဖြစ်ပါတယ်။ ဟိုနေရာကနေ ကိုယ့်အတွက်ဘာရနိုင်မလဲ၊ ဒီနေရာကနေကော ကိုယ့်အတွက် ဘာတွေရနိုင်ဦးမလဲဆိုပြီး နေရာတကာမှာ ကိုယ့်အတွက်၊ ကိုယ့်အတွက်ဆိုတာတွေချည်း တွေးရင်း တွေးရင်းနဲ့ ဟိုနေရာလည်းရချင်၊ ဒီနေရာလည်းရချင်း၊ ဟိုနေရာကအကျိုးခံစားခွင့်ကိုလည်းယူချင်၊ ဒီနေရာက အကျိုးခံစားခွင့်ကိုလည်း ယူချင်၊ ဒီလိုမျိုး ရယူချင်တဲ့ရည်ရွယ်ချက်တွေတစ်သီကြီးနဲ့၊ ကိုယ့်ဖို့ ကိုယ့်ဖို့ဆိုတဲ့ ဦးတည်ချက် အကြီးကြီးတွေရဲ့ လွှမ်းမိုးရိုက်ခတ်မှုကြောင့် နေရာရချင်တာဖြစ်ပါတယ်။
တစ်ချို့တစ်ချို့သောပုဂ္ဂိုလ်တွေအတွက်ကျတော့ နေရာရချင်တာက ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးကို ပြချင်လို့ ဖြစ်ပါတယ်။ ကိုယ်ဘယ်လိုလူလဲဆိုတာကို ပြချင်လို့၊ ဟောဒီနေရာကို ဟောဒီလိုရောက်အောင် လုပ်နိုင်တယ်၊ ဟောဒီနေရာရောက်တဲ့အခါမှာလည်း ဟောသလိုစွမ်းဆောင်နိုင်တယ်ဆိုတာကို ပြချင်လို့ နေရာရချင်တာ ဖြစ်ပါတယ်။ ဒီနေရာတစ်ခုမှာနေပြီးတော့ လက်တွေ့လုပ်ကိုင်ပြလိုက်ရင် ဒီလိုဒီလို အောင်မြင် ပါတယ်ဆိုတာကို ပြချင်တဲ့အတွက် နေရာရချင်စိတ်လေး ၀င်မိတာဖြစ်ပါတယ်။
တစ်ချို့သော ပုဂ္ဂိုလ်မွန်များအတွက်ကျတော့ သူတို့တွေနေရာရချင်တာက ကိုယ့်အတွက်ဘာတစ်ခုမှ ထည့်စဉ်းစားထားတာမရှိပါဘူး။ ဒီနေရာလေးကိုရောက်ရင်တော့ ဒီလိုဒီလို အကျိုးပြုလုပ်ငန်းတွေကို ဆောင်ရွက်ခွင့် ရလိမ့်မယ်။ လောကကောင်းကျိုး၊ တိုင်းပြည်ကောင်းကျိုး၊ ကိုယ့်ပတ်၀န်းကျင်အတွက် အကျိုးပြုလုပ်ငန်းတွေကို လုပ်ကိုင်ဆောင်ရွက်ခွင့်ရလာလိမ့်မယ်။ ဒီနေရာဆိုရင်တော့ ဒီအတိုင်းအတာအထိသာ အကျိုးပြုနိုင်လိမ့်မယ်။ ဟိုနေရာအထိလှမ်းနိုင်ရင်တော့ ဟိုအတိုင်းအတာအထိကို အကျိုးပြုလုပ်ငန်းတွေဆောင်ရွက်နိုင်လိမ့်မယ်။ သူ စဉ်းစားသမျှတွေထဲမှာ ကိုယ့်အတွက်၊ ကိုယ့်မိသားစုအတွက်ဆိုတာတွေထက် အများကောင်းကျိုးဆိုတာတွေကိုပဲ စဉ်းစားပြီးတော့ အများကောင်းကျိုးများများပြုနိုင်မယ့်နေရာမျိုးကို ရချင်စိတ်၀င်မိတတ်တာဖြစ်ပါတယ်။
ကိုယ့်အတွေးအိမ်ထဲမှာရော နေရာရချင်စိတ်ကလေးတွေ ၀င်၀င်လာသေးသလားလို့တွေးပြီးတော့ ၀င်လာတယ်ဆိုရင်လည်း ကိုယ့်ရဲ့နေရာရချင်စိတ်က ဘယ်အမျိုးအစားထဲမှာပါနေသလဲဆိုတာကို ကိုယ့်ဘာသာ ပြန်လည်ဝေဖန်ဆန်းစစ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ အများအတွက်၊ အများအတွက်ဆိုတာတွေချည်း ဦးစားမပေးနိုင်ဦး တောင်မှ အနည်းဆုံးတော့ နေရာရချင်တဲ့ကိုယ့်ရဲ့စိတ်ဟာ မိမိ၊ သူတစ်ပါး နှစ်ဦးသားလုံးရဲ့အကျိုးစီးပွားကို ဟန်ချက်ညီညီမြှင့်တင်ချင်လို့ဆိုတဲ့ အတ္တ၊ ပရ မျှအောင်တွေးနိုင်ဖို့လောက်ကလေးတော့ လိုအပ်ပါတယ်။ အများအတွက်၊ အများအတွက်ဆိုတာတွေချည်းတွေးနိုင်တဲ့ တကယ့်အာဇာနည်ပုဂ္ဂိုလ်တို့ရဲ့ စိတ်ထားမျိုးအထိ မွေးမြူနိုင်မယ်ဆိုရင်တော့ တိုင်းထက်အလွန် ထူးခြားမြင့်မြတ်ပါပေတယ်လို့ ချီးမွမ်းထောပနာပြုရမှာဖြစ်ပါတယ်။
ဟုတ်ပြီ။ နေရာရချင်တဲ့ ရည်ရွယ်ချက်လေးတွေကတော့ တစ်ယောက်ချင်းစီမှာ ကွဲပြားနေပါလိမ့်မယ်။ ဒါပေမယ့်လည်း ဒီနေရာမှာ ကိုယ့်ကိုယ်ကိုယ်သေသေချာချာ ပြန်လည်သုံးသပ်ဖို့ လိုသေးတဲ့အချက်တစ်ချက် ရှိပါသေးတယ်။ ကိုယ့်ရဲ့နေရာရလိုမှုက ကိုယ့်အတွက်ဦးတည်တာမဟုတ်ဘူး၊ အများအတွက်ဦးတည်တာ၊ အများ ကောင်းကျိုးတွေကို အမျာပြည်သူအတွက် စွမ်းစွမ်းတမံဆောင်ရွက်ပြချင်လို့သာလျှင် နေရာတစ်ခုကို ရယူလိုတာ ဖြစ်တယ်ဆိုတဲ့ အဖြေမျိုးထွက်နေတယ်ဆိုပါတော့။ ဒါဆိုရင်လည်း ပြန်စဉ်းစားရရမယ့်အချက်တစ်ချက် ရှိပါသေးတယ်။
ကိုယ်က ဒီနေရာကိုလိုချင်တာက အများအတွက်ဆိုရင် လက်ရှိကိုယ်ရောက်နေတဲ့နေရာမှာကော အများအတွက် ဆောင်ရွက်ပေးနိုင်တာတွေမရှိဘူးလားဆိုတဲ့အချက်ပါ။ ဘာ့ကြောင့်ဒီလိုပြောရသလဲဆိုတော့ တစ်ချို့တွေက အများအတွက်၊ အများအတွက်လို့ ခေါင်းတည်ထားပြီးတော့၊ အဲ့ဒီနေရာကိုရောက်ရင် ဘယ်လို ဘယ်လိုတွေဆောင်ရွက်ပေးချင်လွန်းလို့ပါဆိုပြီးတော့ လက်တွေ့ကိုယ်ရောက်နေတဲ့နေရာမှာကျတော့ အများ ကောင်းကျိုးကို ဘာမှဖြစ်ဖြစ်မြောက်မြောက်ဆောင်ရွက်ခဲ့တာမတွေ့ရလို့ပါ။
သေသေချာချာပြန်တွေးကြည့်မယ်ဆိုရင်တော့ လက်ရှိကိုယ်ရောက်နေတဲ့နေရာမှာကိုပဲ၊ ဘယ်လိုပုဂ္ဂိုလ် မဆို၊ ဘယ်နယ်ပယ်ကလူပဲဖြစ်ဖြစ်၊ ဘယ်အဆင့်အတန်းမှာရှိနေတဲ့သူပဲဖြစ်ဖြစ် အများကောင်းကျိုးဆိုတာကတော့ သူ့အတိုင်းအတာနဲ့သူ ဆောင်ရွက်နိုင်ကြတာချည်းဖြစ်ပါတယ်။ သီတဂူဆရာတော်ဘုရားကြီးက တောင်စစ်ကိုင်း ချောင်တိုင်းရေပေးဝေမယ်ဆိုပြီး သီတဂူရေအလှူတော်ကြီး ဆောင်ရွက်ထားပါတယ်။ ဒါက တကယ့် ဆရာတော် ဘုရားကြီးမို့လို့သာ ဒီလိုလုပ်နိုင်တာလို့တွေးမိကောင်းတွေးမိပါလိမ့်မယ်။ ဒါပေမယ့် တစ်ဘက်မှာ တဲငယ်တစ်လုံးသာ ပိုင်ဆိုင်တဲ့ သာမန်ပုဂ္ဂိုလ်တစ်ယောက်ကလည်း သူ့တဲဘေးက သစ်ပင်အရိပ်ကောင်းကောင်းအောက်မှာ ရေချမ်းစဉ်လေးတစ်လုံးတည်ထားပြီးတော့ လမ်းသွားလမ်းလာပုဂ္ဂိုလ်တွေ အမောပြေ၀င်သောက်နိုင်အောင် သန့်သန့်ရှင်းရှင်း၊ သပ်သပ်ရပ်ရပ်ကလေးနဲ့ ပုံမှန်ရေဖြည့်ပေးတဲ့လုပ်ငန်းလေးမျိုး ဆောင်ရွက်ထားတတ်ကြတာကို နေရာတော်တော်များများမှာ တွေ့မြင်နိုင်မှာဖြစ်ပါတယ်။
အဓိကတင်ပြလိုတဲ့အချက်ကတော့ ဒီနေရာကိုမရသေးလို့၊ အဲ့ဒီပုဂ္ဂိုလ်ကြီးလိုမဖြစ်သေးလို့ အဲ့သလောက် အထိ မဆောင်ရွက်နိုင်သေးတာပါဆိုတဲ့အချက်ထက် လက်ရှိနေရာမှာ ကိုယ်ဘာတွေလုပ်ပြီးပြီလဲ၊ ဘာတွေ လုပ်နေသလဲ၊ ဘာတွေထပ်လုပ်ဖို့ရှိဦးမလဲဆိုတဲ့ အတွေးမျိုးကို ၀င်စေလိုတဲ့အတွက် တင်ပြရခြင်းဖြစ်ပါတယ်။
ဘယ်နေရာကိုရောက်နေသလဲဆိုတာထက် ဘာတွေလုပ်နေသလဲဆိုတာက အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။
သေသေချာချာတွေးကြည့်မယ်ဆိုရင်တော့ လက်ရှိ ကိုယ်ရောက်နေတဲ့နေရာမှာတင်ကိုပဲ မိမိကောင်းကျိုး၊ မိမိပတ်၀န်းကျင်ရဲ့ကောင်းကျိုး၊ လောကကောင်းကျိုးလုပ်ငန်းတွေ ဆောင်ရွက်နိုင်တယ်ဆိုတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဆောင်ရွက်စရာတွေကတော့ အများကြီးရှိနေပါတယ်။ လက်တွေ့ ဆောင်ရွက်ခြင်း၊ မဆောင်ရွက်ခြင်း ဆိုတာကတော့ ကိုယ့်ရဲ့ ကိုယ်ပိုင်ခံယူချက်၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်အပေါ်မှာသာ မူတည်နေမှာဖြစ်ပါတယ်။ စွမ်းနိုင်သလောက်ကလေးကနေ စစပြီးဆောင်ရွက်လိုက်မယ်ဆိုရင်တော့ တစ်ဖြည်းဖြည်းနဲ့ ကိုယ့်ရဲ့စွမ်းဆောင်ရည် တွေက မြင့်မြင့်လာမှာဖြစ်ပါတယ်။
စွမ်းဆောင်ရည်မြင့်မားလာတာနဲ့အမျှ နေရာဆိုတာကလည်း သူ့အလိုလိုရလာလိမ့်မယ်လို့ ယုံကြည် မျှော်လင့်ရပါတယ်။ ဘာစွမ်းဆောင်ရည်မှမရှိရင်တော့ ဘာနေရာမှလည်း ရဖို့လမ်းမမြင်ပါဘူး။
ပြီးတော့ ကိုယ့်မှာ စွမ်းဆောင်ရည်ဘယ်လောက်ရှိတယ်မရှိဘူးဆိုတာကိုလည်း ကိုယ်ကသာ အလိုလိုနေရင်းသိချင်သိမယ်၊ ကိုယ့်ပတ်၀န်းကျင်ကလူတွေကတော့ ကိုယ်ဘာမှမစွမ်းဆောင်ပြဘဲနဲ့ ဘယ်လောက် စွမ်းဆောင်နိုင်တယ်၊ မစွမ်းဆောင်နိုင်ဘူးဆိုတာကို သိဖို့ခက်ပါလိ့မ်မယ်။ ဒီတော့ လက်တွေ့ လုပ်ဆောင်ပြဖို့က အလွန်အရေးကြီးပါတယ်။ လက်တွေ့လုပ်ဆောင်ပြလိုက်တော့မှ သြော်၊ သူ့မှာ ဒီလိုလုပ်နိုင်ကိုင်နိုင်တဲ့ စွမ်းဆောင် ရည်တွေရှိနေပါလား၊ ဒီလိုဒီလိုနေရာတွေမှာ သူ့ကိုထားလိုက်ရင်တော့ အဆင်ပြေလောက်မှာပဲဆိုတဲ့အတွေးမျိုးနဲ့ နေရာပေးလာမှာဖြစ်ပါတယ်။ ကိုယ့်စွမ်းဆောင်ရည်ကြောင့် ထိုက်သင့်တဲ့နေရာကို သူ့အလိုလိုရလာမှာ ဖြစ်ပါတယ်။
အဓိကအရေးကြီးတဲ့အချက်ကတော့ လက်ရှိနေရာမှာ ကိုယ်ဘာလုပ်နေသလဲ၊ ဘယ်လောက် အတိုင်း အတာအထိ လုပ်နေသလဲဆိုတဲ့အချက်ပါ။ နေရာဆိုတာကတော့ သူ့အချိန်သူ့အခါနဲ့သူ တစ်ချိန်ချိန်မှာတော့ ရလာပါလိမ့်မယ်။ ကိုယ်နဲ့ထိုက်တဲ့နေရာတစ်ခုကို မလွဲမသွေရောက်ရှိလာပါလိမ့်မယ်။ အဲ့ဒီအခါကျရင်သာ ကိုယ့်နေရာနဲ့လျော်ညီတဲ့ အရည်အချင်းမျိုးတွေ ရှိနေအောင် လေ့လာဆည်းပူးထားဖို့လိုအပ်ပါတယ်။ နေရာတစ်ခုကို ရလာလို့မှ အဲ့ဒီနေရာနဲ့ထိုက်တန်တဲ့ အရည်အချင်းမျိုးရှိမနေခဲ့ဘူးဆိုရင်တော့ ဒီနေရာမှာရောက်နေလို့လည်း ကိုယ်က အများကောင်းကျိုးဆိုတာတွေကို ထိထိရောက်ရောက် လုပ်ကိုင်ဆောင်ရွက်ပေးနိုင်မှာမဟုတ်ပါဘူး။
ဒါ့ကြောင့် နေရာမရမှာမပူနဲ့၊ အဲ့ဒီနေရာရောက်ရင် အဲ့ဒီနေရာနဲ့ကိုက်ညီတဲ့အရည်အသွေးမျိုး ကိုယ့်မှာ ရှိမနေမှာကိုပဲ တွေးပူပြီးတော့ လေ့လာဆည်းပူးမှုတွေကို အမြဲမပြတ် ဆောင်ရွက်နေသင့်တယ်လို့ပဲ တင်ပြလို ပါတယ်။
သိုက်စိုးထွန်း(နတ်ရွာ)
၂၀၁၉ ခုနှစ်၊ မေလ ၁၈ ရက်နေ့ထုတ်
Democracy Today သတင်းစာ
Keep Reading