SarPhat Author
စာမစခင်မှာ ဒီစာကိုဖတ်နေတဲ့ စာဖတ်သူတို့အနေနဲ့ ကိုယ် အသက် ၁၈ နှစ်အရွယ်မှာ ဘယ်လိုနေထိုင်ခဲ့တယ်၊ ဘာတွေကို လုပ်နေခဲ့တယ်ဆိုတာကို အချိန်ခဏလေးပေးပြီး ပြန်တွေးကြည့်ပေးလို့ရမလား….။ ပြန်တွေးပြီးတဲ့နောက်မှာရော ၁၈နှစ်က ကိုယ့်ကို ကျေနပ်မှုရှိရဲ့လား။ ကျေနပ်ပါတယ်ဆိုတဲ့ စာဖတ်သူတွေအတွက်တော့ Congratulations လို့ ပြောချင်ပါတယ်။ တကယ်လို့ မကျေနပ်သေးတဲ့ သူတွေရှိရင်လည်း စိတ်မပူပါနဲ့၊ ဒီစာရေးတဲ့ ကျွန်မကိုယ်တိုင်လည်း ၁၈ နှစ်အရွယ်က ကိုယ့်ကိုကိုယ် မကျေနပ်နိုင်လို့ပါ။ အဲ့တုန်းက ၂၀၀၀ ခုနှစ်၊ ကျွန်မအသက် ၁၈ နှစ်ပေ့ါ။ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနဲ့ နည်းပညာတွေလည်း တိုးတက်စပြုနေပြီ။ အဲ့အချိန် ကျွန်မ ဘာလုပ်နေတယ်ထင်လဲ။ ပွင့်ပွင့်လင်းလင်း ဝန်ခံရရင် အလေလိုက်နေတာပါ။ တတ်သင့်တဲ့ပညာတွေကို မလေ့လာ၊ သွားသင့်တဲ့နေရာတွေကို မသွား၊ တွေ့သင့်တဲ့လူတွေနဲ့ မတွေ့ဘဲ ဟိုဟာလုပ်ချင်ချင်၊ ဒီဟာလုပ်ချင်ချင် သူများက ဒါဆို ကိုယ်ကပါ ရောပါရင်း လိုက်လုပ်ပြီး ဖြတ်သန်းနေခဲ့တာ။ ကိုယ်ဘာကိုဖြစ်ချင်လဲဆိုတာအတိအကျသိအောင် မလုပ်ဘဲ လေလွင့်နေတာမျိုးပေါ့။ အဲ့ဒါကို ဘယ်အရွယ်မှ ကောင်းကောင်းနားလည်သွားလဲဆို အသက် ၂၀ လောက်မှ စနားလည်တယ်။ အဲ့အချိန်ကျမှ ငါတော့ နှစ်နှစ်တာ ဆိုတဲ့အချိန်ကို ကောင်းကောင်းကြီး အလဟဿ ဖြုန်းတီးနေခဲ့တာပါလားဆိုပြီး နောင်တတွေ တပြုံကြီး ဝင်လာပါရော။ ဒီစာကိုဖတ်နေတဲ့သူတစ်ချို့မှာလည်း ကျွန်မလို နောင်တမျိုးရမိတဲ့သူရှိမှာပါပဲ။ စဉ်းစားကြည့်ရအောင်...။ကံကြမ္မာက အခွင့်အရေးတစ်ခုပေးလာတယ်ဆိုပါစို့။ အဲ့ဒါက အသက် ၁၈ နှစ်အရွယ်ကိုပြန်သွားပြီး နေထိုင်ခွင့်ရမယ်ဆိုတဲ့ မဟာအခွင့်အရေးကြီးပေါ့။ စာဖတ်သူတို့ဆိုရင် ဘာအရာတွေကို ပြင်ပြီး ဘာတွေလုပ်မိကြမလဲ..။ ကျွန်မကတော့ ပြင်ဆင်ချင်တဲ့ အရာသုံးခု အမြဲတမ်းရှိတယ်။
ပထမတစ်ခုက ၁၈နှစ်အရွယ်သာ ပြန်ရောက်သွားခဲ့ရင် ကျွန်မ English စာနဲ့ နည်းပညာပိုင်းကိုပဲ တစိုက်မတ်မတ် လေ့လာနေမိလိမ့်မယ်။ အခုထိတောင် ကျွန်မရဲ့ အင်္ဂလိပ်စာ skill က အလယ်အလတ်ထဲမှာ ရှိနေတုန်းပဲ။ ဒါတောင် သူငယ်တန်းတည်းက စသင်လာတာနော်။ နည်းပညာဆို ပိုဆိုး.(တစ်ခါက သင့်ဖုန်း အဟက်ခံနေရပါပြီဆိုပြီး cleansing app တွေကို promoteလုပ်တဲ့ ကြော်ငြာဝင်လာတာကို တကယ်ထင်ပြီး သူပေးတဲ့ လင့်ခ်တွေဝင်၊ ဖုန်းတွေ restart တွေ ခဏခဏချ၊ မျက်နှာကလည်း ဇီးရွက်လောက်ပဲ ရှိတော့တာ)။ အခုကာလမှာ ကမ္ဘာကြီးဟာ ရွာပမာပဲဖြစ်လာတဲ့အချိန်၊ နည်းပညာတွေ တဟုန်ထိုးတိုးတက်၊ English စာ အားသာတဲ့သူတွေဟာ အများနဲ့မတူတဲ့ အခွင့်အရေးတွေ၊ သာလွန်တဲ့ ဘဝတွေ ရနေချိန်မှာ အနှစ်၂၀ နီးနီး English စာကို ထိတွေ့လာတဲ့ကျွန်မကတော့ ယုန်သူငယ်လေးသာသာပဲရှိနေသေးတယ်။ ဒီလိုတွေ ဖြစ်လာမယ်မှန်းသိရင် ခုနက လေလွင့်နေမိတဲ့နှစ်တွေမှာ ဒီပညာရပ်တွေကို သေချာအာရုံစိုက်ပြီး လေ့လာနေမိမှာ။ ကျွန်မ ဆယ်တန်းနှစ်လောက်က အတန်းထဲမှာ မျက်မှန်းတန်းမိတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်။ အဲ့တုန်းက သူ့ကိုကြည့်လိုက်တိုင်း အချိန်ပြည့် တုတ်ချောင်းပုံစံ စာတွေကို ရေးနေ၊ ဖတ်နေတာ(နောက်မှသိတာ အဲ့တာ ဂျပန်စာတဲ့လေ)။ စိတ်ထဲမှာတော့ ထင်တာ အဲ့ကောင်မလေး တော်တော်ရူးတယ်ပေါ့...ဘာညာ။ အဲ့တုန်းက ဂျပန်စာက သိပ်ခေတ်မစားသေးဘူး။ အခု Facebook ပေါ်မှာ ပြန်တွေ့တော့ အဲ့ဒီနှစ်တွေမှာ ကျွန်မစိတ်ထဲ အရူးမလေးလို့ ထင်နေခဲ့တဲ့ ကောင်မလေးဟာ ဂျပန်နိုင်ငံမှာ ကျောင်းတတ်နေပြီ၊ ဂျပန်စာကိုလည်း ကျွမ်းကျင်တာမှ ဂျပန်လူမျိုးတစ်ယောက်လိုပဲ။ အဲ့ဒီကောင်မလေးဆီက ရတဲ့အတွေးက ဘာလဲဆို Time will prove ပဲ။ ကိုယ်ဘယ်အရာကို ဝါသနာပါလဲ၊ ကိုယ်ဘာဖြစ်ချင်လဲ ဆိုတာသေချာသိပြီး တစိုက်မတ်မတ်လုပ်သွားနိုင်တဲ့သူတွေပဲ နောက်ဆုံးမှာ နေရာတစ်နေရာ ရသွားကြတာ။ ၁၈နှစ်အရွယ်သာ ပြန်ရောက်ခဲ့ရင် ကိုယ့်အတွက်တကယ်အကျိုးရှိပြီး၊ ကိုယ်ဝါသနာပါတဲ့အရာတွေကို တစိုက်မတ်မတ် လေ့လာဖြစ်မယ်။
နောက် ဒုတိယတစ်ခုက Networkingများများလုပ်ဖို့ပါပဲ…။ ကျွန်မရဲ့ ပုံစံက တော်တော် အနေအေးတဲ့ထဲပါတယ်။ ငယ်ငယ်တည်းက အခု အသက် ၂၁ နှစ်အရွယ်ထိ ပေါင်းလာတဲ့သူငယ်ချင်း လက်ချိုးရေလို့တောင်ရတယ်။ ကိုယ့်ဘာသာ ကိုယ့်အလုပ်လေးကိုလုပ်မယ်၊ ကိုယ့်အနားက ကိုယ်အရမ်းတွယ်တာရတဲ့၊ ရင်ဘတ်ချင်းနီးတဲ့ မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေလောက်ပဲ care လုပ်ပေးမယ်၊ ကျန်တဲ့သူတွေ သူတို့ဂရုမစိုက်သ၍ ကိုယ်လည်း ဂရုမစိုက်ဘူး..အဲ့လိုအထာနဲ့ နေလာတာပေ့ါ။ အခု ကိုယ့်အလုပ် ကိုယ်လုပ်မှ တောက်လျှောက်ထင်လာတဲ့အတွေးက တက်တက်စင်အောင်ကိုလွဲတာ။ ဒီနေရာမှာ ဘော်ဒါ အပေါင်းအသင်းများတာနဲ့ networking အားကောင်းတာ မတူဘူးဆိုတာကိုလည်းသဘောပေါက်လာတယ်။ Networking ကောင်းကောင်း ပိုင်ဆိုင်ထားတဲ့ သူတွေအတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ကအစ အရာအားလုံးမှာ ကောင်းမွန်တဲ့ ကူညီလမ်းပြမှုကို ပိုပြီးရတတ်ကြတယ်။ ကိုယ့်ရဲ့ Networking က တဖြည်းဖြည်း အားကောင်းလာတာနဲ့အမျှ ကိုယ့် network ထဲမှာ ရှိတဲ့သူတွေသာမက တစ်ခြားသူတွေကိုပါ လက်တွဲပြီး ခေါ်ဆောင်ပေးနိုင်တယ်။ ဒါတင်မကသေး ကိုယ့်ရဲ့ Society ကြီး တစ်ခုလုံးကိုပါ ပြန်လည်ထောက်ပံ့ပေးနိုင်စွမ်း ရှိတယ်ဆိုတာကို ပိုပြီးနားလည်လာနိုင်ခဲ့တယ်။ အဲ့ဒါကြောင့်ပဲ ၁၈နှစ်အရွယ်ကို ပြန်ရောက်နိုင်မယ်ဆို ကိုယ့်ဘာသာ တစ်ယောက်တည်း အေးဆေးနေဖို့ထက် ကိုယ့်ဘေးနားက လူတွေဆီက သင်ယူနိုင်စရာရှိတာသင်ယူမယ်၊ ကိုယ်က ပြန်ပေးရမယ့်အခါတွေရှိရင်လည်း စေတနာသန့်သန့်ထားပြီး ဖေးမကူညီပေးမယ်။ Gathering လုပ်လို့ရတဲ့ meeting တွေ၊ seminar, webinar တွေ၊ Conversation club တွေ များများသွားပြီး အသစ်အသစ်သော လူတွေနဲ့ များများတွေ့ပြီး အတွေ့အကြုံတွေ၊ အမြင်တွေ ဖလှယ်မယ်၊ မိတ်ဆွေဖွဲမယ်..။
နောက်ဆုံးတစ်ချက်က ချစ်ခြင်းမေတ္တာကို အပြည့်အဝပြသဖြစ်မယ်။ အနေအေးတဲ့သူပီပီ ကျွန်မကလေ ကိုယ်ချစ်တဲ့သူကို ချစ်ကြောင်းထုတ်ဟပြောဖို့ ရှက်တတ်တယ်။ စိတ်ထဲမှာတော့ ကိုယ်လူတစ်ယောက်ကိုချစ်ရင် အဲ့လူကို ကိုယ့်ကြောင့်နဲ့ စိတ်ညစ်သွားအောင်၊ ဝမ်းနည်းသွားအောင် မလုပ်ဘူးဆိုတာ တစ်ခုနဲ့ ချစ်တာကို ထုတ်ပြဖို့ လုံလောက်တယ်ဘဲထင်ခဲ့တာ။ တကယ်တမ်း အဲ့တာတစ်ခုတည်းနဲ့ မလုံလောက်ဘူးဆိုတာကို မသိဘူးလားဆိုတော့ အဲ့လိုလည်းမဟုတ်ဘူး။ သိရက်နဲ့ ကျွန်မချစ်တဲ့သူတွေကို စိတ်ပင်ပန်းအောင်မလုပ်တာတစ်ခုနဲ့တင် လုံလောက်ပါတယ်လေ ဆိုပြီး ဇွတ်အယုံသွင်းနေခဲ့တာ။ အဲ့ဒီအတွးကြီးတစ်ခုလုံးကို ပြောင်းပြန် လှန်မှောက်ပစ်လိုက်တဲ့သူက ကျွန်မရဲ့ အမေပါ။ ဒီနှစ် အောက်တိုဘာလထဲမှာပဲ ကျွန်မရဲ့အမေ ကွယ်လွန်သွားခဲ့တယ်။ ဘဝမှာ အဖေနဲ့ အမေ မရှိတော့မယ့် အချိန်ကြီးကို ကြိုတွေးကြည့်တဲ့ အတွေးတစ်ခုနဲ့တင် ရူးချင်တဲ့ ကျွန်မ ‘နောက်ဆို ငါ့မှာ အမေဆိုပြီး ခေါ်စရာမရှိတော့ဘူး’ ဆိုတဲ့ ဒီအတွေးကလေ သိပ်ကို သွေးပျက်ဖို့ကောင်းတယ်။ အမေ့ကို ဆေးရုံစောင့်ပေးနေခဲ့တဲ့ တစ်လခွဲကျော် အချိန်အတွင်း ကိုယ့်မျက်စိရှေ့မှာပဲ သေဆုံးသွားတဲ့သူတွေ၊ သူတို့ရဲ့ ကျန်ရစ်သူမိသားစုဝင်တွေရဲ့ ညှိုးမှိန်သွားတဲ့ မျှော်လ့င့်ချက်တွေ နဲ့ ကျွန်မတို့ကို နှုတ်ဆက်ထွက်ခွာသွားတဲ့ အမေ...သူတို့အကြောင်းကိုတွေးရင်း ကျွန်မတို့ အသက်ရှင်နေစဉ်အချိန်အတွင်းမှာ ချစ်ခြင်းမေတ္တာကို စကားလုံးတွေ၊ ကိုယ်ဟန်အမူအရာတွေ၊ လုပ်ဆောင်ချက်တွေနဲ့ပါ ထုတ်ဖော်ပြသဖို့ ဘယ်လောက်အရေးကြီးလဲဆိုတာ သိလာရတယ်။ ဒါကြောင့် ၁၈ နှစ်အရွယ်ကိုပြန်ရောက်ခဲ့ရင် အမေ့ကို ချစ်တယ်ဆိုတာ လုံလောက်တာထက်ကိုပိုပြီး အမေ ခံစားမိလောက်တဲ့အထိ ချစ်ပေးမယ်။ အမေ့ကိုတင်မကပါဘူး။ အဖေနဲ့ ကျွန်မရဲ့ မောင်နှမတွေ၊ သူငယ်ချင်းတွေ.. သူတို့ကိုပါ ကျွန်မရဲ့ ချစ်ခြင်းမေတ္တာကို ခံစားမိအောင်လုပ်ပေးမယ်။ သူတို့ရဲ့ အနားမှာနေရင်း လုံခြုံမှု၊ နွေးထွေးမှု၊ ဂရုစိုက်မှုတွေ ပိုပေးဖြစ်မယ်..။ သူတို့ ဝမ်းနည်းတဲ့အခါတွေရော၊ ဝမ်းသာတဲ့အခါတွေမှာပါ၊ ကျရှုံးတဲ့အချိန်တွေရော၊ အောင်မြင်တဲ့အချိန်တွေမှာပါ ရှိနေပေးမယ်...။
ကျွန်မပြောသွားခဲ့တဲ့ ဒီအချက်သုံးချက်ကို အခုလုပ်လို့လည်း မရဘူးလားဆိုတော့...ရတာပေါ့။ ကျွန်မတို့ဘဝမှာ ကိုယ်ပြုပြင်ပြောင်းလဲရတော့မယ့် အရာတွေကို သိသိချင်း စတင်ပြောင်းလဲနိုင်သ၍ ဘယ်တော့မှ နောက်မကျသေးဘူး။ ကျွန်မအတွက် ဒီသုံးချက်ဟာ စတင်ပြောင်းလဲပြီး လုပ်ကိုင်ရတော့မယ်ဆိုတာ သေချာသိသွားတဲ့အချိန်မှာ လေလွင့်မိခဲ့တဲ့ နှစ်နှစ်တာကာလကို နှမြောတသ ဖြစ်မိတာတော့ အမှန်ပဲ။ အခုဒီစာကို ဖတ်နေကြတဲ့ စာဖတ်သူတို့လည်း ဘဝရဲ့ အချိန်တစ်နေရာအရောက်မှာ ကိုယ့်အတိတ်ကို ပြန်သုံးသပ်တိုင်း "ငါ ဒါကို လုပ်ခဲ့ရမှာ" ဆိုတဲ့အတွေးတွေ နေရာမှာ "ငါ ဒါကိုလုပ်နိုင်ခဲ့တာပဲ" ဆိုတဲ့ အတွေးလေးတွေပဲ ပြည့်နှက်နေစေနိုင်ဖို့ ဆန္ဒပြုပါတယ်..။
Keep Reading