Tainlwhar
ကျွန်မတို့တွေဟာ အောင်မြင်တိုးတက်တဲ့လူသားတစ်ယောက်အနေနဲ့ရှင်သန်ချင်တယ်ဆိုရင်တော့ စာများများဖတ်ပေးဖို့လိုအပ်ပါလိမ့်မယ်။ စာပေတွေဟာ ကျွန်မတို့ရဲ့အတွေးအခေါ်တွေကိုပြောင်းလဲစေရုံမက လောကကြီးအကြောင်းကို ပိုပြီးနားလည်လာစေပါတယ်။ ဒါပေမဲ့ ကျွန်မလိုပဲ အခုမှစပြီးစာဖတ်မဲ့သူလေးတွေအတွက်က "သုတနဲ့ရသ" ဘယ်လိုစာတွေကိုဖတ်ရမလဲ ဝေခွဲမရဖြစ်နေတတ်တာမို့ သုတစာပေနဲ့ရသစာပေရဲ့ကွာခြားမှုနဲ့ တစ်ခုစီကပေးစွမ်းနိုင်မဲ့အနှစ်သာရတွေကို ပြောပြပေးသွားပါ့မယ်။
"သုတစာပေ"
သုတစာပေဆိုတာက လူတစ်ယောက်ကို အသိပညာဗဟုသုတတွေရစေတယ်။ အတွေးအခေါ်တွေပြောင်းလဲတိုးတက်လာစေတယ်။ လူ့လောကကြီးရဲ့အချိုးအကွေ့တွေကို ကြံ့ကြံ့ခံရင်ဆိုင်တတ်အောင်သင်ပေးတယ်။ ဥပမာအနေနဲ့ပြောရရင် - "Good Vibes Good Life by Vex King" တို့၊ "How to Win Friends and Influence People by Dale Carnege" တို့လို self-development စာအုပ်မျိုးတွေက ကိုယ့်ရဲ့ဘဝကို အောင်အောင်မြင်မြင်နဲ့ အေးချမ်းစွာနေထိုင်တတ်အောင်သင်ပေးရုံမက လူတွေရဲ့သဘောသဘာဝတွေကိုလည်း နားလည်လာစေပြီး ပိုမိုကောင်းမွန်တဲ့ community တစ်ခုကိုယူဆောင်ပေးနိုင်အောင်လည်း ကူညီပေးနိုင်ပါတယ်။ ဒါတွေကတော့ ကိုယ့်ဘဝတိုးတက်ရေးအတွက် သုတစာပေတွေကပေးတဲ့ အကျိုးအမြတ်တွေပဲဖြစ်ပါတယ်။
"ရသစာပေ"
ရသဆိုတာ ပါဠိလိုဆိုရင် "ခံစားမှု၊အရသာ"လို့အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် ရသစာပေကိုဖတ်မယ်ဆိုရင် စာဖတ်သူမှာ ရသတစ်မျိုးမျိုး ဒါမှမဟုတ် တစ်မျိုးမကရသွားစေတတ်ပါတယ်။ ဥပမာပြောရရင် ဝတ္ထုတွေ၊ ကဗျာတွေဟာ အကြောင်းအရာတစ်ခုကို ဇာတ်လမ်းသဘောအရဖြစ်စေ၊ အဖွဲ့အနွဲ့တွေနဲ့ဖြစ်စေသီကုံးထားပြီး စာရေးသူကပေးတဲ့ရသထက် ပရိသတ်အပေါ်လိုက်ပြီး စာဖတ်သူရင်မှာ ဇာတ်ကောင်တစ်ဦးစီရဲ့အပြုအမူအတိုင်း မတူညီတဲ့ရသတွေကိုခံစားရစေနိုင်ပါတယ်။ ဒီလိုရသစာပေတွေကနေလည်း လူ့သဘာဝ၊ လောကဓံရဲ့အချိုးအကွေ့တွေကို ဘယ်လိုရင်ဆိုင်တွေ့ရတတ်ပုံ၊ ဖြေရှင်းကြပုံတွေနဲ့ လောကကြီးရဲ့မြတ်နိုးဖွယ်သဘာဝအလှအပတွေကို ရှုထောင့်အမျိုးမျိုးကနေတွေ့မြင်ရနိုင်ပါတယ်။
ဒါကြောင့်မလို့ ဘယ်လိုစာကိုဖတ်သင့်တယ်။ ဘယ်စာကတော့ကောင်းတယ်ဆိုတာမရှိပါဘူး။
အားလုံးကသူ့ပုံစံနဲ့သူ ယူတတ်ရင်ယူတတ်သလိုအကျိုးရှိပါတယ်။ ကိုယ့်အနေနဲ့ကစာဖတ်တော့မယ်ဆိုရင် စာအုပ်တစ်အုပ်က သုတလား၊ ရသလားဆိုတာရယ်၊ ဒီစာအုပ်က ဘာ message ပေးချင်တာလဲနဲ့ ကိုယ့်အတွက်ဘာတွေအကျိုးရသွားလဲဆိုတာကို ခွဲခြားတတ်ဖို့ပဲလိုပါတယ်။
အရင်ကဆိုရင် ကျွန်မက ရသစာပေထက် သုတစာပေကိုပဲသဘောကျတတ်လေ့ရှိတယ်။ ဒါပေမဲ့ ရသစာပေတွေကနေလည်း သုတတွေပေးနိုင်တယ်ဆိုတာကိုသိပြီးတဲ့နောက်တော့ ကျွန်မကိုကျွန်မရော၊ အနီးနားကလူတွေကိုရော၊ စာဖတ်သူငယ်ချင်းတွေကိုရောကို "သုတနဲ့ရသ" နှစ်မျိုးလုံးကိုဖတ်ကြည့်ဖို့အကြံပေးဖြစ်ပါတယ်။
အားလုံးပဲ "သုတ၊ရသ" ခွဲခြားတတ်ပြီး သာယာတဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ တောင်းဆုပြုပါတယ်ရှင်...??
#Tainlwhar
Keep Reading