Youth’s Book Reflections
“အချစ်တို့၊ အချစ်နှင့် ပတ်သက်သော သစ္စာတို့ စသည်မှာ ဝမ်းမပူရသူ တို့၏ နှလုံးသားဆိုင်ရာ ဇိမ်ခံပစ္စည်း တစ်မျိုးပေလော။”
- နှင်းငွေတထောင့် မိုးတမှောင့်, p. 38
တက္ကသိုလ်ဘုန်းနိုင်စာအုပ်တော်တော်များများဟာ မဖတ်ရသေးရင်တောင် ဖတ်ပြီးသလောက်ဖြစ်နေအောင် spoilခံရနေပါပြီ။spoilမခံရသေးဘူးဆိုရင်တော့ ဒီစာအုပ်ကို အလျင်မီပြေးဖတ်လိုက်ပါတော့။spoilခံရပြီးသားသူတွေလည်း မဖတ်ဖူးသေးရင် ကိုယ်တိုင်ဖတ်ကြည့်လိုက်ပါတော့လို့တိုက်တွန်းချင်ပါတယ်။
စာရေးသူက ဒီစာအုပ်ကို psychologyသဘောရှုထောင့်ကနေ ချဉ်းကပ်ပြီးတင်ပြသွားပါတယ်။ဆရာက စိတ်ပညာဝိဇ္ဇာဂုဏ်ထူး ရထားသူပီပီ ပညာရပ်အပေါ် နှံ့စပ်ပုံများကတော့ ပညာရပ်ဆိုင်ရာကသပ်သပ် အဓိပ္ပာယ်ပေါ်အောင်သပ်သပ် ဥပမာ ဥပမေယျာတို့နဲ့သုံးနှုံးပြသွားတာမလို့ နားလည်ရခက်တဲ့ စိတ်ပညာအခေါ်အဝေါ်ရောဂါဗဟုသုတတွေကို စာဖတ်သူတိုင်း နားလည်သဘောပေါက်သွားစေပါတယ်။ကလေးတွေကို မသိလိုက်မသိဘာသာအရောင်ဆိုးမိစေတဲ့ လက်ဦးဆရာများရဲ့ ကဏ္ဍကိုလည်း ထောက်ပြထားပါသေးတယ်။
ဇာတ်လမ်းအကြောင်းပြောရရင် မြင့်နွယ်ဆိုတဲ့ ဘ၀ကို ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရတဲ့ ကောင်လေးနဲ့ ငယ်စဉ်ကတည်းက လိုရာပြည့်၀ခဲ့တဲ့ အရေးပိုင်သမီး စင်သီယာတို့ရဲ့ အချစ်ဇာတ်လမ်းလေး။ spoilတာတော့ မဟုတ်ပါဘူး ဒါပေမယ့် အခြေအနေ အဆင့်အတန်းကွာခြားလွန်းလှတဲ့ ပတ်သက်မှုတစ်ခုဟာ ကြာရှည်မခံတာအမှန်ပါ။ဒီတော့ ဒီအချစ်ဇာတ်လမ်းလေးရဲ့အဆုံးသတ်ကို မပြောတောင် ကြိုသိလောက်ပါပြီ။ ဆရာက ဇာတ်ကောင်တွေကို လူ့လောကအတွက် စံပြထားရေးပေမယ့်လို့ လူ့သဘာ၀ကိုတော့ တအားသွေဖယ်မရေးထားတဲ့အပြင် တရားသဘောကို အတော်လေး အလေးပေးရေးထားတာပါ။
“တူနှစ်ကိုယ် တဲအိုပျက်မှာ နေရ၊ ချစ်တာ ချစ်တာ ပဓာန ဆိုတဲ့ သီချင်းကို မောင်လဲ ခဏ ခဏ ဆိုဖူးတယ်။ ဒါပေမဲ့ ဒီသီချင်းကို တဲအိုပျက်မှာ မနေဖူးသူက စပ်ထားတယ် ထင်တယ်။ တဲအိုပျက်မှာ မနေဖူး သူတွေက နှစ်သက်ကြတယ် ထင်တယ်။ တဲအိုပျက်မှာ နေရရင်လေ အဲဒီအချစ်ဆိုတာဟာလဲ အိုပြီး ပျက်သွားလိမ့်မယ်။ မြန်မြန်အိုပြီး မြန်မြန် ပျက်သွား လိမ့်မယ်။”
- နှင်းငွေတထောင့် မိုးတမှောင့်, p. 181
မြင့်နွယ်နဲ့စင်သီယာ ဇာတ်လမ်းလေးက တစ်ခန်းရပ်ခဲ့ပြီ။ အသက်အရွယ်တွေရလာတဲ့ မြင့်နွယ် တည်ငြိမ်ရင့်ကျက်တဲ့အရွယ်ရောက်လာနေပြီ။အရပ်အခေါ်တော့ လူပျိုသိုးကြီးပေါ့။ တက္ကသိုလ်ဖျော်ဖြေရေးညတစ်ညမှာ အမှတ်မထင်ဆုံစည်းခဲ့ရာကစလို့ အနည်ထိုင်နေတဲ့ နှလုံးသားက ပြန်ရှင်သန်လာဖို့အကြောင်းဖန်လာတယ်။ ရောဂါဆန်းနဲ့ စိတ်ရောဂါဝေဒနာရှင် ကလေးမလေး မွန်မွန်ကို စမြင်ကတည်းကသူ့ရင်ထဲ စူးစမ်းသိလိုစိတ်ပြင်းပြနေတယ်။ “ခန္ဓာငါးပါးရဲ့လက်သည် ဥပါဒါန်ကြီးကိုတော့ ဝိပဿနာတရားက ဖျက်ပေးတယ် ဥပါဒါန် အသေးလေးတွေကိုတော့ စိတ်ပညာက ဖျက်ပေးတယ် ”တဲ့။မွန့်မှာကပ်ငြိတွယ်နေတဲ့ ဥပါဒါန်ကို ဖော်ထုတ်ရှာဖွေပေးသွားတာကလည်း တကယ်ကိုဗဟုသုတရပါတယ်။
ရေကြည်ရေနောက်ဥပမာကိုသုံးလို့ မေတ္တာထုံမွှမ်းပြီး တဏှာကင်းတဲ့အချစ်ကို မြင့်နွယ်က စာဖတ်သူကိုတင်ပြသွားခဲ့တယ်။
စာရေးဆရာတို့ထုံးစံ တတ်သည့်ပညာမနေသာဆိုသလို ကဗျာတွေ ပြင်ပဗဟုသုတတွေ သင့်ရာထည့်ပြသွားတာမလို့ ခွက်စုတ်နဲ့မခံဘဲ ဇလားကြီးနဲ့သာခံထားပေတော့ဗျာ။
“သိပ္ပံပညာသမားမို့ စာပေကဗျာတွေ အနုပညာတွေကို ပစ်ပယ်သလိုလိုလုပ်တဲ့လူဟာ အင်မတန်တုံးတဲ့လူပဲ၊ ဦးနှောက်ကောင်းတိုင်း လူတစ်ယောက်ဟာ ရာခိုင်နှုန်း တစ်ရာပြည့်တဲ့လူ မဟုတ်သေးဘူး၊ နှလုံးသားလည်း သိမ်မွေ့မှနှလုံးသား သိမ်မွေ့ဖို့က စာပေကဗျာတွေ အနုပညာတွေကမှတတ်နိုင်တာ၊ ”
-“နှင်းငွေတထောင့် မိုးတမှောင့်”စာအုပ်မှ
Rating-⭐️⭐️⭐️⭐️
#bookreview #နှင်းငွေတထောင့်မိုးတမှောင့်
#တက္ကသိုလ်ဘုန်းနိုင်
Keep Reading