Author's Profile Photo

SarPhat Author

18/07/2024

နေ့စွဲ

2 mins read
Personal Development
Art
နေ့စွဲ's photo


ဒီကနေ့ ကျွန်မလက်ရှိတက်နေတဲ့ တက္ကသိုလ်ကျောင်းကြီးက ဘွဲ့ယူတော့မယ် ဆရာ၀‌န်အလောင်းအလျာတွေရဲ့ ဆုပေးပွဲ နေ့ဆိုတာ ကျွန်မ သူငယ်ချင်းပြောပြလို့သိလိုက်ရတယ် ။ ကျွန်မက ပထမနှစ်ကျောင်းသူမို့, ထို့နေ့ရောက်ဖို့က ကျွန်မအတွက် ၃နှစ်လောက်လိုပါနေတယ် ။ တိုက်ဆိုင်စွာပဲ ဒီနေ့ဟာ ကျွန်မရဲ့ဒုတိယနှစ်၀က်စာမေးပွဲနောက်ဆုံးရက် ။

အတန်းထဲထွက်လာပြီး အဓိကကျောင်းအဆောက်အအုံကြီးရှေ့က ဖြတ်သွားတော့ အဖြူရောင်လောင်ကုတ်တွေနဲ့ ကျောင်းပြီးသွားတဲ့ ကျောင်းသားအလောင်းအလျာတွေက ထိုအဆောင်ရှေ့မှာ မိဘတွေ, မိတ်ဆွေတွေ, သူငယ်ချင်းတွေနဲ့ အတူ ဓာတ်ပုံတွေရိုက်ကာ ပျော်ရွှင်နေကြတယ် ။ ထို မြင်ကွင်းကို အဝေးကနေကျွန်မ လှမ်းကြည့်နေမိရင်း မထင်မှတ်ပဲ ပန်းစည်းတွေကိုင်ဆောင်ထားတဲ့ ကျောင်းသူလေးက ကျွန်မရဲ့အတွေးတွေထဲ ၀င်ရောက်လို့လာတယ် ။ အတိတ်က အမှတ်တရတစ်ခု , ထင်ထင်ရှားရှားမှတ်မိနေတဲ့ ထိုနေ့လေးဆီ ။

မှတ်မှတ်ရရ မူကြိုဘွဲ့ဆင်းတဲ့နေ့ကို သတိရမိတယ် ။ အဲ့နေ့က အမေတစ်ယောက်တည်း လာတယ် ။ ကျွန်မရဲ့မူကြိုဆင်းပွဲအခမ်းအနားမှာ အမေပါ၀င်ပေးတယ် ။ အခမ်းအနားလည်း ပြီးတော့ ထုံးစံအတိုင်း မိဘတွေ,အုပ်ထိန်းသူတွေက ဘွဲ့ရတဲ့ကလေးတွေကို ပန်းစည်းတွေနဲ့ဂုဏ်ပြုကြတယ် ။ ဘုရားကျောင်းကြီးရဲ့အ၀င်ပေါက်နားလေးမှာ မူကြိုဆရာမတွေကိုယ်တိုင်လည်း ပန်းတွေရောင်းကြတာပေါ့ ။

ပန်းက နှင်းဆီတစ်မျိုးတည်းပါ ။ သို့ပေမဲ့ အရောင်အသွေး သိပ်စုံတယ် ။ အပန်းရောင်၊ အနီရောင်၊ အဝါရောင်၊ အဖြူရောင် ...။ အမေကလည်း ကျွန်မကို ဂုဏ်ပြုတဲ့အနေနဲ့ ၀ယ်ပေးတယ်။ တစ်ပွင့်စီသေချာထုတ်ပိုးထားတဲ့ အနီရောင်နှင်းဆီ နှစ်ပွင့်ကို ကျွန်မလက်ထဲ ထည့်ပေးတယ် ။ တိုက်တိုက်ဆိုင်ဆိုင် အဲ့နေ့က ကျွန်မရဲ့ မူကြိုဘွဲ့၀တ်စုံလေးကလည်း အနီရောင်ပဲ ။ အမေက အဲ့နေ့က အပြာရောင်ပါတိတ်ထမိန်နဲ့ ကြယ်သီးနဲ့ အပြာနုရောင်ချည်သာ အင်္ကျီလက်တိုလေးကို ၀တ်ထားတယ် ။ အမေ့ရဲ့ဆံပင်ရှည်လေးကို ချထားပြီး ဘေးနှစ်ဖက်ကဆံပင်သားတွေကို အနည်းငယ် ချည်ထားတယ် ။ အမေ အဲ့နေ့က သိပ်ကို လှတယ်လို့ ထင်တယ် ။ အမေ့ကို ဆံပင်ချထားတာ မြင်ရဖို့ ခဲယဉ်းတယ် ။ အမေက ပုံမှန် ဆံပင်ကို ချည်ထားလေ့ရှိတယ် ။ မဟုတ်ရင် ညှပ်ကလစ်လေးနဲ့ ညှပ်ထားတတ်တယ် ။ ခေါင်းလျှော်ထားတဲ့ နေ့တွေမှ ဆံပင်မခြောက်သေးဘူးဆိုပြီး အမေ ချလေ့ရှိတယ် ။ ကျွန်မလည်း အခုလိုပဲ အမေ့ဆီက အဲ့အကျင့်လေးကို လက်ဆင့်ကမ်းမိတယ် ထင်တယ် ။ ဒါကြောင့် အစ်မကြီးက ကျွန်မဆံပင်ချထားတိုင်း အမြဲ ပြောတယ်....

"နူး, နင့်ဆံပင်ရှည်တွေကို မချပဲ အမြဲချည်ထားတာ, အတိုပဲ ထားပါလား၊ အမြဲချည်ထားရင် ဆံချည်လေးတွေနာတယ်လေ "

အဲ့နောက်ပိုငါး ကျွန်မ အတိုပဲ ထားလိုက်ပါတယ် ။ အစ်မအခုလိုပြောတော့ ကျွန်မလည်း ကျွန်မဆံ‌ပင်လေးကို တွေးမိတယ် ။

ပွဲကစည်လို့နေတယ် ။ ကင်မရာသမားတွေက တစ်ယောက်ပြီး တစ်ယောက်ပြီးတစ်ယောက်, တစ်အုပ်စုပြီး တစ်အုပ်စုကို ဓာတ်ပုံရိုက်ပေးတယ် ။

အမေနဲ့ ကျွန်မလည်း ဓာတ်ပုံရိုက်ရမဲ့ အလှည့်ကို စောင့်နေချိန် ကျွန်မရဲ့အကြည့်ထဲရောက်လာတဲ့ မြင်ကွင်းတစ်ခု ။

လက်နှစ်ဖက်နဲ့မဆန့်တဲ့ ပန်းပွင့်တွေကို ကျွန်မနဲ့ရွယ်တူကလေးမတစ်ယောက် ပွေဖက်ထားတာလေး မြင်လိုက်ရတယ် ။ အားကျတဲ့စိတ် , အားငယ်တဲ့စိတ် , နဲ့ ရောယှက်လာတဲ့ မနာလိုတဲ့အမြင်တစ်ခုနဲ့များ အဲ့မြင်ကွင်းကို ကျွန်မငေးကြည့်နေခဲ့သလား အကြည့်တွေ ကျွန်မ မလွှဲနိုင်ခဲ့ပါ ။

ကလေးမရဲ့လက်ထဲမှာ နှင်းဆီတွေက အရောင်စုံပါပဲ ။ သူမဆီရောက်လာတာက မိဘနှစ်ပါးတင်မဟုတ်ပဲ အမျိုးတွေလည်း ပါမယ်လို့ ကျွန်မထင်တယ် ။ သူမနားမှာ ရှိနေတဲ့လူတွေက များပါတယ် ။ တစ်ယောက်ပြီး တစ်ယောက် သူမနဲ့ဓာတ်ပုံတွဲရိုက်ကြတယ် ။ ဘွဲ့ရတဲ့တူချင်းအတူတူပေမဲ့ ၀မ်းသာစရာကိစ္စကို အများနဲ့‌ဝေမျှတော့ နှစ်ဆ,သုံးဆ ပိုပြီး ၀မ်းသာရမယ်လို့တော့ တွေးထင်တယ် ။ တကယ်လည်း ကျွန်မ ခံစားလိုက်မိပါတယ် ။

သို့သော် ကျွန်မလက်ကို တွဲထားတဲ့အမေ့ကို ကျွန်မမော့ကြည့်ခဲ့ပြန်ပါတယ် ။ အဲ့နေ့က အမေဟာ ကျွန်မအတွက် အတတ်နိုင်ဆုံးတဲ့ သူမရဲ့အားထုတ်မှုနဲ့ အကောင်းဆုံးသော ရလဒ်တစ်ခုထွက်အောင် , ကျွန်မကို တစ်သက်မျှမမေ့နိုင်တဲ့ နေ့ရက်လေးဖန်တီးခဲ့ပါတယ် ။ ထို့နေဟာ အမေနဲ့ကျွန်မရဲ့နှစ်ယောက်တည်းရဲ့ ပထမဆုံးနဲ့နောက်ဆုံး အတူရှိတဲ့နေ့စွဲလေးအဖြစ် ကျန်ရှိခဲ့ပါတယ် ။

အဲ့နေ့က ပန်းနှစ်ပွင့်နဲ့ဖြစ်ဖြစ် ဂုဏ်ပြုပေးခဲ့တဲ့ အမေ့ကို ကျွန်မ မမေ့သလို, တချို့သော တစ်ထောင့်တစ်နေရာမှ ကျွန်မထက် ပန်းတွေအများကြီးကို ပိုင်ဆိုင်ထားတဲ့ ရွယ်တူမိန်းကလေးအပေါ် အားကျပြီးမနာလိုတဲ့ ခံစားမှုတို့ဟာ အခုထိ အဲ့နေ့ကို မမေ့စေခဲ့ပါ ။ ထိုခံစားမှုတို့သာ မရှိခဲ့ရင် အမေနဲ့အတူရှိခဲ့တဲ့ ကျွန်မရဲ့အရိုးရှင်းဆုံးနဲ့ အနာအဆာကင်းတဲ့ နေ့လေဟာ ကျွန်မရဲ့မှတ်ဉာဏ်လေးထဲ ဆွေးဆွေးမြှေးမြှေးနဲ့ ပြန်ရှာရခက်တဲ့နေ့စွဲတွေထဲများ ရောက်လို့နေခဲ့မလား ။

................

ကျွန်မအတွေးတွေ ပြီးဆုံးပြီးနောက် ပြုံးပျော်ရွှင်နေတဲ့ ကျောင်းသူကျောင်းသားတွေကို ကျွန်မကြည့်ရင်း တိတ်တခိုးပြုံးမိတယ် ။ အဲ့နောက် ထိုမြင်ကွင်းကို ကျွန်မဖြတ်ကျော်ခဲ့တယ် ။

ဤသို့ဖြင့် ကျွန်မတို့ရဲ့ တစ်သက်မမေ့တဲ့ နေ့စွဲတွေရဲ့ တစ်ထောင့်တစ်နေရာမှာ
ထိုနေ့စွဲတွေနဲ့လိုက်ဖက်တဲ့ ခံစားချက်တစ်စုံတစ်ခုတို့ဟာ အမြဲလိုက်ပါလို့နေခဲ့တယ် ။

#Summer


Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ရှည်ပါ။မိုက်ရဲ့ အရင်းအနှီးတွေက ဘာဖြစ်မလဲ။ဘယ်လုပ်ငန်း နယ်ပယ် အရင်းအနှီး ဈေးကွက်ထဲကို ရောက်နေသလဲဆိုတာ အရင်သိအောင်လုပ်ပါ။ဆီလီကွန်ဗယ်လီမှာ မက်လောက်စရာ အကောင်းဆုံး အလုပ်အဆန့်အဖျက်အဲလက်ဇ်ရဲ့ အရင်းအနှီးက ဘာတွေဖြစ်မလဲ။အဲလက်ဇ် ဘာဂျာ ဘယ်လိုနည်းနဲ့ ဟောလီးဝုဒ်ထဲ ရောက်ခဲ့သလဲ အပိုင်းနှစ်အကျိုးရှိမယ့်စာအုပ်ပဲဖတ်ပါ တံခါးပိတ် လောကထဲက သန်းကြွယ်လောင်းတွေ အပိုင်းနှစ်