Author's Profile Photo

လေပြေညင်း

10/07/2024

နိုင်ငံတော်သီချင်း ဥပဒေ??

1 min read
General Knowledge
Culture
History
နိုင်ငံတော်သီချင်း ဥပဒေ??'s photo

"ကမ္ဘာမကျေ၊ မြန်မာပြည်၊ တို့ဘိုးဘွားအမွေစစ်မို့ ချစ်မြတ်နိုးပေ။ ပြည်ထောင်စုကိုအသက်ပေးလို့ တို့ကာကွယ်မလေ၊ ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်နက်မြေ။"

"ကမ္ဘာမကျေ" သီချင်းဟာ ကျွန်မတို့ရဲ့နိုင်ငံတော်သီချင်းဖြစ်ပါတယ်။ ထိုသီချင်းဟာ အစပိုင်းကို မြန်မာသံစဉ်ဖြင့်တီးခတ်ကာ နောက်ပိုင်းကို အနောက်တိုင်းသံစဉ်ဖြင့်ပေါင်းစပ်တီးခတ်ထားတာကိုတွေ့ရပါတယ်။ "ကမ္ဘာမကျေ"ဟာ မူရင်းသီချင်းတော့မဟုတ်ပါဘူး။ မူရင်းသီချင်းဟာ တို့ဗမာအစည်းအရုံးရဲ့ အမျိုးသား သီချင်းဖြစ်တဲ့ "တို့ဗမာ" သီချင်းဖြစ်ပါတယ်။ ထိုသီချင်းကို ဝိုင်အမ်ဘီ ဆရာတင် ခေါ် သခင်တင်က ရေးဖွဲ့သီကုံးခဲ့ခြင်းဖြစ်ပါတယ်။ နောင်အခါ "ကမ္ဘာမကျေ" ဖြစ်လာမဲ့ "တို့ဗမာ" သီချင်းကို ၁၉၃၀ ပြည့်နှစ် ဇူလိုင်လ ၂၀ ရက် တနင်္ဂနွေနေ့ ညနေ ၅ နာရီ မှာ ရွှေတိဂုံစေတီတော် ရာဟုထောင့် တန်ဆောင်းကြီးမှာ တူရိယာအခမ်းအနားများနဲ့ သခင်တင်ကိုယ်တိုင် သီဆိုခဲ့ခြင်းဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ် စက်တင်ဘာ ၂၂ မှာတော့ တိုင်းပြု ပြည်ပြုလွှတ်တော် တတိယညီလာခံ ဆဌမမြောက် အစည်းအဝေးမှာ "ကမ္ဘာမကျေ"ကို နိုင်ငံတော်သီချင်းအဖြစ် အတည်ပြုခဲ့ပါတယ်။ "ကမ္ဘာမကျေ" သီချင်းကို တော့ ဦးစိန်မြမောင်ဟာ "တို့ဗမာ"သီချင်းကို မှီငြမ်းကာ ထပ်မံရေးစပ်ခဲ့ပါတယ်။

ဤနေရာမှာ သခင်ဘသောင်းရဲ့ "ကမ္ဘာမကျေ" စကားလုံးအပေါ် အနက်အဓိပ္ပာယ်ပြန်ဆိုပုံကို တင်ပြပေးချင်ပါတယ်။

"ယူဇနာနှစ်သိန်း လေးသောင်းအထုရှိတဲ့ ဤကမ္ဘာမြေကြီးဟာ ကြေပျက်မသွား‌သမျှကာလပတ်လုံး ဗမာပြည်ဟာ ငါတို့ပိုင်တဲ့ပြည်ဖြစ်သည်"

ဟု အဓိပ္ပာယ်ဖွင့်ခဲ့သည်။

ကြက်သီးဖြန်းဖြန်းထသွားလောက်အောင် ကြည်လင်ပြတ်သားသော၊ ရဲဝံ့သော၊ ဖြောင့်မတ်သော၊ ဇာတိသွေး ဇာတိမာန် အားကောင်းသော၊ မျိုးချစ်စိတ်အခြေခံသော စကားပင်ဖြစ်ပါတယ်။ နှလုံးအိမ်ထဲ၌ ဇာတိသွေးတွေဗွက်‌ဗွက်ဆူလာအောင် လုပ်နိုင်သော အနက်အဓိပ္ပာယ်ပြန်ဆိုမှုဖြစ်ပါတယ်။ ဒီလိုအနက်အဓိပ္ပာယ်တွေကိုသိပြီးတဲ့နောက်မှာတော့ နောင်အခါနိုင်ငံတော်သီချင်းသီဆိုရခဲ့လျှင် ခံစားချက်ပါပါ သိဆိုမိတော့မှာ အမှန်ပါပဲ။

ဆက်လက်ပြီး နိုင်ငံတော် သီချင်းဥပဒေ ကို ဗဟုသုတအနေနဲ့မျှဝေပေးချင်ပါတယ်။ ထိုဥပဒေကို ၃၁/၁/၂၀၁၁ ခုနှစ်မှာ ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေက အတည်ပြုခဲ့တာဖြစ်ပါတယ်။
ထိုဥပဒေရဲ့ ပုဒ်မ ၄ မှာဆိုလျှင် -

" ၄။ နိုင်ငံတော်သီချင်းနှင့်စပ်လျဉ်း၍ မည်သူမျှ အောက်ဖော်ပြပါ တစ်ခုခုကို မပြုလုပ်ရ -

(က) နိုင်ငံတော်သီချင်း၏ တေးသွားနှင့်စာသားကို ဂုဏ်သိက္ခာမဲ့သော နည်းလမ်းဖြင့် အသုံးပြုခြင်း၊

(ခ) နိုင်ငံတော်သီချင်းတစ်ခုလုံးကိုဖြစ်စေ၊ အစိတ်အပိုင်းတစ်ခုခုကိုဖြစ်စေဖျက်ခြင်း၊ ပျက်စီးစေခြင်း သို့မဟုတ် သေးသိမ်စေအောင် သီဆိုခြင်း၊

(ဂ) နိုင်ငံတော်သီချင်း၏ ဂုဏ်ကျက်သရေကို ထိခိုက်စေရန် တမင်သက်သက် ပြုခြင်း သို့မဟုတ် မလေး မစားပြုခြင်း၊

(ဃ) နိုင်ငံတော်သီချင်းကို စာသားဖျက်၍ သီဆိုခြင်း သို့မဟုတ် နိုင်ငံတော်သီချင်းသံစဉ်နှင့် တီးလုံး ကို အခြားစာသားများသွင်း၍ သီဆိုတီးမှုတ်ခြင်း၊

(င) နိုင်ငံတော်သီချင်းကဲ့သို့ သဘောသက်ရောက်သော သီချင်းမျိုးကို ထပ်မံစပ်ဆိုသုံးစွဲခြင်း။ "  ဆိုပြီး ပြဌာန်းထားပါတယ်။

ပုဒ်မ ၅ မှာတော့ ဖောက်ဖျက်ကျူးလွန်သူများကို သုံးနှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမယ် လို့ ဆိုထားပါတယ်။

စာဖတ်သူများလည်း ဗဟုသုတအများကြီးရရှိလောက်မယ်လို့ထင်ပါတယ်။ စာဖတ်သူများအားလုံး မိမိနိုင်ငံ မိမိလူမျိုးအပေါ် ချစ်ခင်မြတ်နိုးစိတ်ရှိပြီး မိမိနိုင်ငံအကျိုးသယ်‌ပိုးဆောင်ရွက်နိုင်ကြသော လူတော်လူကောင်း၊ နိုင်ငံကြီးသားများ ဖြစ်ကြပါစေဟု ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

#စာပေဖြင့်အမျိုးဂုဏ်မြင့်အံ့

လေပြေညင်း (10/7/2024)
10:31 p.m.

Keep Reading

အလွယ်တကူအောင်မြင်နိုင်တဲ့ တနိုင်ကိုယ်ပိုင်လုပ်ငန်းငယ်လေး စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်Leonardo da Vinci ရဲ့ ထူးထူးဆန်းဆန်းတီထွင်မှုများနဲ့ အတွေးအခေါ်များ ပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ မျိုးရိုးစဉ်ဆက် လက်မှုအနုပညာတစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၅)Personal Finance Levelsရှယ်ယာခေါ်တဲ့ ကိစ္စကို လုပ်ငန်းရှင် အနေနဲ့စဉ်းစား ကြည့်ရအောင်။ ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်ငွေမစုတဲ့ သူဌေးများ