Reviews by Benevolent
ဒီစာအုပ်က ခေတ်ကာလတစ်ခုသို့ အလည်တစ်ခေါက် ခေတ်စနစ်ပုံရိပ်တွေကို နောက်ခံထားပြီး ခေတ်ပျက်တစ်ခုကို ဖြတ်သန်းခဲ့ရတဲ့ လူတစ်ယောက်အကြောင်းဆိုတာထက် အများကြီးပိုပါတယ်။အတွေးအခေါ်တွေနဲ့ နိုင်ငံရေး၊စီးပွားရေး၊ လူမှု့ဆက်ဆံရေး၊ လူမိုက်ရပ်ဝန်း ၊စာပေ စတဲ့ နယ်ပယ်အသီးသီးကို ဝင်ရောက်ခဲ့ရတဲ့ လူတစ်ယောက်ရဲ့ နောက်ဆုံးရလာဒ်က ဒီစာအုပ်ဖြစ်ပေါ်လာတာလို့ ထင်မြင်မိတယ်။ဇာတ်လိုက်က လူမိုက်ဆိုလည်းဟုတ်သလို လူလိမ္မာဆိုလည်း မမှားပြန်ဘူး။ လူမိုက်တော့ လူမိုက်ဘဲ ဒါပေမဲ့ အသိဥာဏ်ရှိတဲ့လူမိုက်ခေါင်းဆောင် တစ်ယောက်အနေနဲ့ ပုံဖော်ထားတယ်။ကျောင်းဆရာ ၊ အင်ဂျင်နီယာ နှင့် ဥပဒေဘွဲ့ ရ လူတော်တစ်ယောက်ဆိုလည်း ဟုတ်နေပြန်တယ်။အခြေအနေနဲ့ အချိန်ခါလိုက်ပြီး ပြောင်းလဲတတ်တဲ့ လူလည်တစ်ယောက်လို့လည်းဆိုနိုင်တယ်။ ၁၉၈၀ နဲ့ ၂၀၀၀ ခုနစ် ကြားမှာ ဇာတ်လမ်းကိုလှုပ်ရှားထားပြီး လူလည်ကျ ခဲ့တဲ့လူတစ်ယောက်က ဘယ်နေရာဘဲ ဘယ်အချိန်ဘဲရောက်ရောက် သက်ခိုင်ဆိုတဲ့နာမည်က ခရာကျနေတယ်။ခေတ်ပျက်ထဲ ကူးခတ်ရှင်သန်ခဲ့ရတဲ့ လူလည်တစ်ယောက်ရဲ့အကြောင်းဆိုပြီးတော့လည်း ပြောကြတဲ့ စာအုပ်ပါ။
ကျောင်းဆရာ၊တရားမဝင် ဂျီတီအိုင်ကျောင်းသားဖြစ်တဲ့ဇာတ်ကောင်(သက်ခိုင်)က စာရေးဆရာ ဆရာမြသန်းတင့်၊ ဆရာလယ်တွင်းသားစောချစ်၊ ဆရာအောင်သင်း၊ ဆရာသော်တာဆွေ တို့နဲ့ သောက်ဖူး စားဖူးတဲ့ သူတစ်ယောက်ဖြစ်တယ်။ ဆရာသော်တာဆွေနဲ့ဆို အလွန်ရင်းနှီး မသေခင်အထိ အတူတူသောက်ခဲ့ကြပြီး ဆရာလယ်တွင်းသားစောချစ်ကို ဇာတ်ခွံ့ခံရသူ၊ ဆရာအောင်သင်းရဲ့ ဖာခေါင်ထက်ဆိုးတဲ့ အလုပ်အကြောင်း၊ အဆိုတော် လွှမ်းမိုးတို့ သီချင်းမဆိုခင် ဘိန်းခြောက်လေးနည်းနည်းလုပ်ပြီး မှ ဟဲ တဲ့အကြောင်း၊ အေးချမ်းမေ ၊နော်လီဇာ ၊ မာမာအေး ပထမယောင်္ကျားအကြောင်း ၊ မွန်ပြည်သစ်ပါတီ ခေါင်းဆောင် နိုင်ကင်ချွန်း ၊ ဝ ခေါင်းဆောင် ကျောက်အိုက်နက် အစရှိတဲ့ လွတ်မြောက်နယ်မြေများနဲ့ ဆက်ဆံ လှုပ်ရှားပုံရိပ်တွေ လည်းပါတယ်။
ဒီစာအုပ်က ရဲဘက်စခန်းနဲ့ အစပျိုးထားပြီး ရဲဘက်တွေရဲ့ နေ့စဥ်ဘဝ၊ ထောင်သဘာဝတွေ၊ နေပုံထိုင်ပုံ ဒုက္ခရောက်ပုံ၊ စခန်းမှူးတွေက ဘယ်လိုအကွက်ရွေ့သလဲ၊ လမ်းကြောင်း တွေကို စာဖတ်သူပါ လိုက်ပါစီးမျောအောင်ရေးထားတယ်။ဒါအပြင် သမိုင်းကြောင်းနဲ့ ခေတ်အခြေအနေ စနစ်တွေ၊ နိမ့်ချည် မြင့်ချည် ဘဝအကြောင်းတွေ ၊ရွှေဥာဏ်တော် ‘စူးရောက်’ တဲ့ စစ်အစိုးခေါင်းဆောင်တချို့အကြောင်း၊၈၈ အရေးခင်းကြောင့် လူမသေဘဲ ဘဝသေခဲ့ရတဲ့ လူတွေအကြောင်း၊ဆိုင်ရာပိုင်ရာ တာဝန်ရှိလူကြီးတွေ ပေါင်းပြီး ဘယ်လိုတွေ ဂွင်ရွှေ့ခဲ့တာတွေ၊ ရှုပ်ထွေးလှတဲ့မြန်မာနိုင်ငံရဲ့စီးပွားရေး၊လူမှုရေး၊နိုင်ငံရေးအခြေအနေတွေ သာမက ၈၈ အရေးအခင်းရဲ့မြန်မာပြည်အနေအထား၊မဆလ၊နဝတ၊နအဖ၊ခေတ်အဆက်ဆက် စစ်အစိုးရရဲ့အုပ်ချုပ်ရေးပိုင်းတွေ၊စစ်အစိုးရနဲ့ပူးပေါင်းပြီး အမြတ်ထုတ်ခဲ့တဲ့ခရိုနီတွေ အစရှိတာတွေကို ပွင့်လင်းမြင်သာစွာရေးပြထားပါတယ်။ခေတ်ဆိုးကြီးရဲ့ ပုံရိပ်တွေကို ရှင်းရှင်းလင်းလင်းမြင်ရသလို ဘဝမျိုးစုံ စရိုက်မျိုးစုံကို ခေတ်ပျက်ကြီးထဲမှာ လူလည်ကျ၊အကွက်ရွေ့တာတော်ပြီး ညဏ်သွားတဲ့ပညာတတ်လူမိုက်သက်ခိုင်ကို သမိုင်းပုံရိပ်လွှာအဖြစ် ကြားခံထားပြီး ခေတ်ကိုပုံဖော်ထားတယ်။
“ ကျွန်တော်တို့ ......ဆိုတာ ဘာမဆို လုပ်တတ်တယ် ဆိုတာ ခင်ဗျားတို့ နားလည်ထား ” ဆိုတဲ့ ပြောစကားအတိုင်း အကွက်ကျကျ အစီစဉ်ဆွဲပြီး အရေးခင်းတွင်း လူတွေရဲ့ လောဘနဲ့ ဒေါသ ကို လှုပ်နိုး(instigate)ကာ ပြာပုံထဲပို့လိုက်တဲ့ အခိုက်အတန့်အကြောင်းတွေကလည်း စိတ်ဝင်စားစရာကောင်းတယ်။ဒီဝတ္ထုကိုအထောက်အထားမခိုင်လုံလို့မကြိုက်ဘူးဆိုပြီးပြောကြတာတွေရှိပေမယ့် ရသဝတ္ထုကောင်း တစ်အုပ်တော့ဖြစ်နေတယ်။အပျက်တွေ နောက်ကတန်းစီးပြီး ပါလာတတ်ကြောင်းတော့ သံဝေဂယူလို့ရပါတယ်။
မူးယစ်ဆေးဝါး၊ အရက်၊မိန်းမ ၊ စီးပွားရေးနဲ့ ဥပဒေ ခေတ်ပျက်ကြီးထဲမှာ လူနပ်ချမ်းသာခေတ်မို့ ချမ်းသာဖို့ ဘယ်လိုပါးရည်နပ်ရည်ရှိတဲ့ ခရိုနီတွေနဲ့ သက်ခိုင်တစ်ယောက် ဘယ်လိုလှုပ်ရှားခဲ့သလဲဆိုတာကိုရေးထားပါတယ်။အတွေ့အကြုံ ၊ ဖြစ်ရပ်အကြောင်းအရာတွေ ကယူတတ်ရင် သင်ခန်းစာရပါတယ်။လူအများသိလိုကြတဲ့ လျှို့ဝှက်ချက်များစွာကို အတိတလင်းသိခွင့်ရတဲ့စာအုပ်ပါပဲ။
စာမျက်နှာ - ၇၃၀ နဲ့ ဒီအတ္ထုပ္ပတ္တိစာပေအမျိုးအစားစာအုပ်က တစ်စက်မှမပျင်းရတဲ့စာအုပ်၊ ဖတ်သင့် ဖတ်ထိုက်တဲ့ စာအုပ် ကောင်းတစ်အုပ်လို့ပဲ ပြောပါရစေ။
Please Telegram ?
https://t.me/reviewsbybenevolent
Please YouTube ?
https://youtube.com/@reviewsbybenevolent?si=mvvS6O5nDVl-ygFi
စာဖတ်ခြင်းကို အချိန်ပေး ပျော်မွေ့နိုင်ပါစေ။?
Benevolent Guy
Keep Reading