Youth’s Book Reflections
~~~~~~~~~~~~~~~~~~~~~~~~~~~~
ရိုးရာယဉ်ကျေးမှုဆိုတာ နိုင်ငံတိုင်း နေရာဒေသအသီးသီးတိုင်းမှာရှိပါတယ်။လူတွေဟာ ဟိုးလွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာက ဘာသာအသီးသီးမပေါ်ခင်ကတိုင် သစ်ပင် နတ်ရုပ် ကျောက်တုံး စသဖြင့် ကိုးကွယ်ရာရှာကြပါတယ်။ဒီလိုကနေ ဘာသာတရားတွေပေါ်ပေါက်လာတဲ့အခါ ဒီယုံကြည်မှုတွေက အားကောင်းလာပြီး ကိုးကွယ်ရာဘာသာကြီးတွေဖြစ်လာကြပါတယ်။
နတ်ကိုးကွယ်မှုဆိုတာဟာ ဘာသာကြီးတွေလို ကမ္ဘာအနှံ့ ပေါက်ရောက်တာမျိုးမရှိသည့်တိုင် သူ့နေရာနဲ့သူ သူ့လူမျိုးနဲ့သူကြားမှာတော့ ရေပန်းစား လူကြိုက်များပြီး လက်ဆင့်ကမ်းနေကြဆဲဖြစ်ပါတယ်။ယခုဒီစာအုပ်ကတော့ မြန်မာပြည်မှာ နာမည်ကြီးတဲ့ သမိုင်းအစဉ်အလာမပျက်ဆင်နွှဲနေဆဲ တောင်ပြုန်းပွဲတော်အကြောင်းဖတ်ရမှာဖြစ်ပါတယ်။မင်းနှစ်ပါးရဲ့ပွဲတော်ဖြစ်တဲ့တောင်ပြုန်းပွဲဟာ ပုဂံခေတ်က ရွှေဖျဉ်းညီနောင်ကိုယ်တော်နှစ်ပါးကိုအစွဲပြုပြီးဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ရွှေဖျဉ်းညီနောင်နှစ်ပါးဟာ ပုဂံရာဇဝင်မှာထင်ရှားခဲ့တဲ့ ပထမမြန်မာနိုင်ငံတော်ကိုတည်ထောင်ခဲ့တဲ့အနော်ရထာမင်းရဲ့ မြေးတော်တော်စပ်ကြပါတယ်။သူတို့ဟာ အမှုတော်ထမ်းရွက်ရာမှာ (ဘုရားအုတ်စီရာမှာ နှစ်ချပ်လွတ်သွားခဲ့) ပေါ့ဆမှုကြောင့်ဆိုပြီး မတရားယိုးစွပ်ခံရပြီး နတ်စိမ်းဖြစ်သွားရပါတယ်။သူတို့ဟာ တခါမှာတော့ အနော်ရထာမင်းတိုင်းခန်းလှည့်လည်စဉ်မှာ ဖောင်တော်ကို သွားမရအောင် ဆွဲထားကြပြီးနေဖို့နတ်နန်းတောင်းခံပြီး နတ်နန်းထားပေးရာကနေ တောင်ပြုန်းပွဲတော်ကြီးသန္ဓေတည်တယ်လို့ ဆိုကြပါတယ်။
တောင်ပြုန်းပွဲတော်ကို ကိုးရက်တိုင်တိုင်စည်ကားသိုက်မြိုက်စွာ ကျင်းပကြပါတယ်။”ကန်တော့ခံပွဲ၊ညညီလာခံပွဲ၊ချိုးရေတော်သုံးပွဲ၊ယုန်ထိုးပွဲ၊ထိမ်ခုတ်ပွဲ၊ပခန်းမင်းပို့ပွဲ၊ရွှေဘုံဆင်းပွဲ”စသည်ဖြင့် သမိုင်းအစဉ်အလာရှိခဲ့တဲ့ ပွဲတော်ရက်တွေဖြင့် ကြက်ပျံမကျ စည်ကားလှပါတယ်။ဒီပွဲတော်တွေဟာ ခေတ်ကာလကိုလိုက်ပြီး ပြောင်းလဲလာတာမျိုးလည်းရှိပါတယ်။ဥပမာ မင်းနှစ်ပါးအသက်အရွယ်ရလာတယ်ဆို၍ ဥပုသ်ဆောင်ဝင်တာမျိုး (အရက်မဆက်သတော့ခြင်း)၊ချိုးရေတော်သုံးပွဲဆိုရင် မြစ်ထဲထိမဆင်းဘဲ နန်းမှာသာကျင်းပတာမျိုးတွေပြောင်းလဲလာပါတယ်။သို့သော် ထိုပွဲတော်တွေရဲ့ရာဇဝင်တွေက မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်လက်ဆငိ့ကမ်းလာနေကြဆဲပါပဲ။
ကိုယ်တော်ကြီးနှစ်ပါးဟာ ယုန်ကင်ကို အမြည်းအဖြစ် ခုန်မင်ကြတယ်။မင်းနှစ်ပါးကြွလာတိုင်း ယုန်ကင်ဆက်အစဉ်အလာရှိဆဲတစ်နေ့ကျတော့ မင်းနှစ်ပါးအတွက် ဆက်ဖို့ယုန်ကို မိန်းမကြီး တစ်ယောက်က လှောင်အိမ်ကနေ လွှတ်ပစ်လိုက်တဲ့အခါ မင်းနှစ်ပါးကြွလာတော့ ဆက်ဖို့ ယုန်ကင်ကမရှိဘူး။အဲ့အခါ မင်းနှစ်ပါးက ငယ်ရွယ်သူများဖြစ်ကြတဲ့အလျောက် စိတ်ဆိုးပြီး ဆူပူကြိမ်းမောင်း၊ အစွမ်းကုန် ဆဲဆိုတာကို အကြောင်းပြုပြီး မင်းနှစ်ပါး ပွဲတော်ကျင်းပတဲ့အခါ ခြောက်ရက်မြောက်နေ့ကိုယုန်ထိုးနေလို့ သတ်မှတ်၍ယုန်ကင်ဆက် ရတဲ့ရွာက ယုန်ကင်များကို နှစ်စဉ်လာဆက်သရပါတယ်။ ဆက်သဖို့အတွက် လာရာ လမ်းတစ်လျှောက်မှာ ယုန်ကင်ဆက်သူများက မည်သူ့ကိုမဆို ကြိုက်သလို အဆဲမျိုးစုံနဲ့ ဆဲဆိုနိုင်တယ်။ ဆဲဆိုခံရသူများကလည်း စိတ်မဆိုးဘူး။ ဆဲဆိုသူများရော၊ ဆဲဆိုခံရသူများရော ဒီနေ့ ဒီရက်မှာ အစွမ်းကုန် ဆဲဆိုနိုင်လေ၊ အစွမ်းကုန် ဆဲဆိုခံရလေ ဒီနှစ်အဖို့ လာဘ်လာဘ ပေါများပြီး စည်းစိမ်ဥစ္စာတိုးတက်လေဆိုတဲ့ ထူးဆန်းစိတ်ဝင်စားစရာဓလေ့ပွဲရက်ဖြစ်ပါတယ်။
ထိန်ခုတ်ပွဲတို့ဆိုတာတွေဟာလည်း မင်းနှစ်ပါးရဲ့ ဘိုးတော် အနော်ရထာမင်းကို ထိန်ပင်စောင့်နတ်က ကျွဲဖန်ဆင်းပြီးခတ်ခံရ၊နတ်ရွာစံရတာကိုအကြောင်းပြုလို့ နန်းတစ်ဝိုက် ထိန်ပင်တွေနှစ်စဉ်စိုက်ပြီး ပွဲတော်ရက်ရောက်တဲ့အခါ ခုတ်ပစ်ကြပါတယ်။ထိုသို့ သူ့အစဉ်အလာ ရာဇဝင်တို့နဲ့ကျင်းပနေတဲ့တောင်ပြုန်းပွဲကြီးဟာ ပွဲတော်သာမက ပွဲလာသူတွေရဲ့သက်ဝင်ယုံကြည်မှုကလည်း အံ့ဩမင်သက်စရာ။နန်းထိန်းကြီးတွေနတ်ဝင်ပြီးထိန်ပင်ခုတ်နေစဉ် စွန့်စွန့်စားစားထိန်ပင်ကိုင်းပြတ်တွေကို လုကောက်ကြတာမျိုး၊ချိုးရေတော်သုံးနေ့မှာ နန်းထိန်းတွေကြိမ်ကိုင်ပြီးရိုက်ပုတ်လမ်းရှင်းနေတဲ့ကြားကတောင် မရရအောင် အတင်းတိုးဝှေ့ ကန်တော့ကြတာတွေ။ (နန်းထိန်းတွေဆိုတာ နန်းထိန်းမျိုးရိုးကဆင်းသက်လာသူကပဲဆက်ခံပိုင်ခွင့်ရှိပြီး ပွဲတော်မှာ ဩဇာအရှိဆုံးသူတွေပါ။)
ရိုးရာနတ်ပွဲတွေနဲ့တွဲဖက် နတ်ကတော်လူတန်းစားတစ်ရပ်ကိုလည်း ဖော်ပြပါတယ်။”ဒေစီဂျိန်း”ဆိုတဲ့ မိန်းမလျာနတ်ကတော် (အမည်ရင်း-ဦးဘစီ)က ခေတ်ကာလရဲ့တောင်ပြုန်းနတ်ကတော်တွေဘဝကိုဖော်ပြပါတယ်။”မင်းမင်း”လိုမျိုး နတ်ကတော်ရဲ့လက်စွဲလေးတွေလည်း နတ်ကတော်လူတန်းစားနဲ့တွဲရက်ရှိနေမှာပါပဲ။လောကကြီးက သူ့ဟာနဲ့သူ အပေးအယူမျှနေဖို့ပါပဲ။relationshipတိုင်းမှာ အစွန်းရောက်လာရင် အဆုံးသတ်မလှနိုင်ပါဘူး။ကြိုးဟာတင်းထားရင်လည်းမရသလို လျော့လွန်းနေလည်းမရပါဘူး။relationship တိုင်းမှာလည်း မမြင်ရတဲ့သံယောဇဉ်ကြိုးလေးကရှိနေပါတယ်။
ဖောင်တုပ်တို့၊ အနှီးပို့တို့၊ ဖောင်ဆွဲတို့ယုန်ကင်ပို့သူတွေ၊နတ်အုတ်မင်းတို့၊ မိဖုရားကြီးတို့၊ဝန်ကြီးလေးပါး၊ အမတ်ချုပ်ကြီး၊ သိုးဆောင်း၊ ဗောင်းဆောင်းတွေ၊နန်းထိန်း၊နတ်ကတော်၊နတ်ပွဲလာသူပရိသတ်တို့သည် အဆင့်ဆင့်လက်ဆင့်ကမ်းလာကြတဲ့ ပွဲတော်တစ်ရပ်၏ယဉ်ကျေးမှုတွေတိမ်မြုပ်မသွားအောင်ထိန်းသိမ်းပေးတဲ့ ခိုင်မာတဲ့သက်ရှိသက်သေတွေပါပဲ။ဒီအရာတွေဆက်ရှိနေသရွေ့ တောင်ပြုန်းပွဲတော်ကြီးဟာလည်း နှစ်ပေါင်းများစွာတည်တံ့နေဦးမှာပါပဲ။
“တောင်ပြုန်းပွဲကြီးဟာ နတ်ကတော်တွေ လိမ်စား တဲ့ပွဲဆိုပြီး မင်းတုန်းမင်းတရားကြီး လက်ထက်မှာ တောင်ပြုန်းပွဲကြီးကို ပိတ်ကို ပစ်လိုက်တာ ကြားဖူးမှာပေါ့။ မင်းတုန်းမင်းတရားကြီးလက်ထက် ကစပြီး ဒီနေ့ထိ တောင်ပြုန်းပွဲကြီးဟာ တစ်နှစ်ထက်တစ်နှစ် စည်ကား၊ စည်ကား လာနေတယ်။ နတ်ကိုးကွယ်သူတွေ များများလာတယ်။ အဲဒါ ဘာကြောင့်လဲ။ လူဆိုတာ ကိုယ့်ဘဝ လူမှုရေး၊ စီးပွားရေး အဆင်မပြေ တော့ဘူးဆိုရင် ကိုးကွယ်ရာ တိုင်တည်ရာ သိပ်ရှာချင်တဲ့ လူစားမျိုး မဟုတ်ဘူးလား။ အင်္ဂလိပ်အစိုးရ တောင်ပြုန်းပွဲပြန်ဖွင့်တာကိုက ရည်ရွယ်ချက်ရှိတယ်။ ပြည်သူပြည်သားတွေ ပျော်ပါစေတော့၊ ပါးပါစေ တော့ဟဲ့ဆိုတဲ့ ရည်ရွယ်ချက်လို့များ မထင်နဲ့။ အဲဒီစေတနာ တစ်ပြား သားမှမပါဘူး။ မြန်မာတွေ သူ့ကျွန်ဘဝနဲ့ ဝမ်းနည်းအားငယ်နေတဲ့ အချိန်၊ ကျွန်ပြုသူ အင်္ဂလိပ်ကို အမုန်းကြီးမုန်း၊ စိတ်နာနေတဲ့အချိန်မှာ တမင်တကာ အာရုံပြောင်းသွားအောင် လုပ်တာ။ ပွဲကြိုက်တဲ့ အပျော် အပါးကြိုက်တဲ့ မြန်မာတွေကို ပွဲလမ်းသဘင် အပျော်အပါးတွေနဲ့ အာရုံ ပြောင်းပေးတာပေါ့။”
ဪ…ဒါလေးကတော့ ချိန်ထိုးစဉ်းစားစရာလေးတွေ?
Rating-⭐️⭐️⭐️
Keep Reading