SarPhat Author

လောကတွင် အောင်မြင်ခြင်းနှင့်ရှုံးနိမ့်ခြင်းသည် အတူဒွန်တွဲ တည်ရှိနေတတ်ပေသည်။
ရှုံးနိမ့်ခြင်းကို ခံနိုင်ရည်မရှိသူသည် အောင်မြင်နိုင်မည်မဟုတ်ချေ။အလုပ်ကိစ္စတစ်ခုခုကို
မဆောင်ရွက်ခင်ကပင် ကြိုတင်၍ " မဖြစ်နိုင် " ဟုစဥ်းစားကာ ရှုံးနိမ့်မှုနှင့်ရင်ဆိုင်ရမည်ကို ကြောက်ရွံ့နေပါက ထိုကိစ္စသည် မည်သို့မျှ လက်တွေ့အကောင်အထည်ပေါ်လာမည် မဟုတ်ချေ။အောင်မြင်မှုသည်လည်း ဘယ်ဆီနေမှန်းမသိ ဖြစ်ပေလိမ့်မည်။ထိုအခါ ဘဝကို စိတ်ပျက်အားငယ်စွာ ဖြတ်သန်းရတတ်၏။မျှော်လင့်ချက်များ ပျောက်ဆုံးကာ ညှိုးငယ်စွာ နေရတတ်၏။
အောင်မြင်ခြင်း၏ အနက်အဓိပ္ပါယ်ကို လူအမျိုးမျိုးက ကိုယ်စီကိုယ်စီ ကွဲပြားစွာ သတ်မှတ်ထားကြပေသည်။ ဆရာဝန်ဖြစ်ချင်သူက ဆရာဝန်ဖြစ်သွားခဲ့လျှင် ၊အင်ဂျင်နီယာဖြစ်ချင်သူက အင်ဂျင်နီယာဖြစ်သွားခဲ့လျှင် ထိုသူတို့အား အောင်မြင်မှုကို ရရှိပိုင်ဆိုင်ကြသူများဟု သတ်မှတ်ကြပေသည်။ထိုသို့သော ကြီးမားသည့် ရည်မှန်းချက်များ ပြည့်ဝမှသာလျှင် အောင်မြင်ခြင်းဟု ဆိုနိုင်သည်မဟုတ်ချေ။ မိမိတို့ ချမှတ်ထားသော ပန်းတိုင်ငယ်လေးများဆီသို့ အရောက်
တက်လှမ်းနိုင်ခြင်းသည်လည်း အောင်မြင်ခြင်းတစ်မျိုးပင်ဖြစ်သည်။သာဓကအားဖြင့် မိမိသည် ဘာသာစကားတစ်မျိုးမျိုးကို ကျွမ်းကျင်စွာတတ်မြောက်အောင် သင်ယူမည်ဟု စိတ်ဆုံးဖြတ်ကာ မဆုတ်မနစ် ကြိုးစားပြီးသည့် အဆုံးတွင် အမှန်တကယ် တတ်မြောက်သွားသည့်အခါ အောင်မြင်ခြင်းဟူသော အရသာကို ခံစားရရှိနိုင်ပေသည်။ထို့ကြောင့် မိမိ၏အောင်မြင်မှုကို မိမိကိုယ်တိုင်သာလျှင် သတ်မှတ်နိုင်ပေသည်။သူတစ်ပါးက သတ်မှတ်ပေး၍မရချေ။သူတစ်ပါးက သတ်မှတ်ထားသော အောင်မြင်ခြင်းကို မိမိက ရရှိသောအခါတွင်လည်း မိမိ၏စိတ်ထဲတွင် ပျော်ရွှင်ဝမ်းမြောက်နိုင်မည်မဟုတ်ချေ။မိမိလိုချင်သောအရာ မဟုတ်သည့်အတွက် ပီတိဖြစ်နိုင်မည်မဟုတ်ချေ။ဤသည်ကို လက်တွေ့ဘဝတွင် အထင်းသား မြင်တွေ့နိုင်ပေသည်။လူငယ်အရွယ်သို့ဝင်ရောက်လာသည့်အခါတွင် ကျောင်းသားအများစုကြုံတွေ့ရသောအခက်အခဲမှာ မိဘက ခိုင်းစေသည့် အသက်မွေးဝမ်းကြောင်းနှင့် မိမိ စိတ်ဝင်စားသည့် အသက်မွေးဝမ်းကြောင်း ပညာရပ်များအကြား မည်သည်ကို ရွေးချယ်ရမည်ကို ဝေခွဲမရခြင်းပင်ဖြစ်သည်။ တချို့ကျောင်းသားများက မိဘရွေးချယ်ပေးသောလမ်းကို လိုက်ကြသည်။တချို့ကမူ မိမိ ဝါသနာအရင်းခံရာ လမ်းကိုလိုက်ကြသည်။မည်သည့်လမ်းကို လိုက်သည်ပင်ဖြစ်စေ အခက်အခဲများက ရှိစမြဲပင်။သို့သော် မိမိ ဖြစ်ချင်သောအရာကို စွန့်လွှတ်၍ မိဘ၏ ရွေးချယ်မှုကို လက်ခံမည်ဆိုလျှင် နောင်တစ်ချိန်တွင် မိမိလုပ်ချင်သည့်အရာကို မလုပ်ခဲ့ရလေခြင်းဟူ၍ နောင်တရတတ်ပေသည်။မိမိ၏အလုပ်တွင်လည်း စိတ်ကျေနပ်မှုရှိနိုင်မည်မဟုတ်ချေ။မိမိ ကြိုက်နှစ်သက်သော အသက်မွေးဝမ်းကြောင်းကို ရွေးချယ်ခဲ့သူများကမူ ကျေနပ်
ရောင့်ရဲမှုကိုရရှိပိုင်ဆိုင်နိုင်ပေသည်။ကြိုးစားမှု၏ ရလဒ်ဖြစ်သော အောင်မြင်ခြင်း၏ အရသာကို အပြည့်အဝခံစားနိုင်ပေသည်။ယေဘူယျအားဖြင့် မိမိတို့၏ရည်မှန်းချက်များ၊အိမ်မက်များ ပြည့်ဝသွားမှသာ စစ်မှန်သော အောင်မြင်ခြင်းဟုခေါ်သည့် ခံစားချက်ကို သိရှိနိုင်ပေသည်။ထို့ကြောင့် စစ်မှန်သော အောင်မြင်ခြင်းကို ဆွတ်ခူးနိုင်ဖို့ရာ မိဘသည် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်နေပေသည်။မိဘများက မိမိတို့၏သားသမီးများအား စစ်မှန်သော အောင်မြင်ခြင်း၏အရသာကို ခံစားနိုင်စေရန် ထိုက်သင့်သလောက် လိုက်လျောပေးရမည်။ သားသမီးများက ၎င်းတို့၏အစွမ်းအစများအား ပြသနိုင်ရန် အခွင့်အရေးပေးရမည်။သူတို့ စိတ်ဝင်စားသောပညာရပ်များကို သင်ကြားခွင့်ပေးရမည် ဖြစ်သည်။သို့မှသာ သားသမီးများက မိမိတို့ဖြစ်ချင်သောအရာအတွက် အပတ်တကုတ်ကြိုစားခွင့်ရကာ ၎င်းတို့ ဘဝ၏ အောင်မြင်ခြင်းအစစ်ကို ပိုင်ဆိုင်ခွင့်ရနိုင်ပေမည်။ထိုသို့မဟုတ်ဘဲ စိတ်မပါသည့်အရာကို လုပ်ဆောင်ရန် အတင်းအကျပ်ခိုင်းစေပါက မိဘနှင့်သားသမီးအကြားတွင် အမုန်းတရားများဖြစ်ပေါ်လာကာ စိတ်ဆင်းရဲရတတ်သည်။အောင်မြင်ခြင်းကို အစပင်ရှာမရ ဖြစ်တတ်ပေသည်။အနောက်နိုင်ငံများတွင်မူ မိဘများသည် သူတို့၏ သားသမီးများအား လွတ်လပ်စွာစဥ်းစားတွေးခေါ်
စွန့်စားခွင့်ကို အပြည့်အဝပေးထားသည်။ထို့ကြောင့်လည်း ယင်းနိုင်ငံသားများကမူ
ငယ်ရွယ်စဥ်ကလေးဘဝကတည်းကပင် အာရှနိုင်ငံသားများထက် ပို၍လေ့လာမှုအားကောင်း
ခဲ့ကြကာ အရွယ်ရောက်လာသောအခါ အစစ အရာရာတွင် သာလွန်နေခြင်းဖြစ်သည်။နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို နှိုင်းယှဥ်ကြည့်လျှင်လည်း အစများစွာ ကွာဟနေသည်ကိုတွေ့ရပေသည်။အာရှနိုင်ငံသား မိဘများသည် မိမိတို့၏သားသမီးများကို စိတ်ပူ၍ အရာရာတွင် ထိန်းချုပ်တတ်ကြသည်။ထိုသို့ ထိန်းချုပ်ခြင်းသည် လိုအပ်သည်ထက် ပို၍လွန်ကဲနေလျှင် သားသမီးတို့၏ စစ်မှန်သော အောင်မြင်ခြင်းကို တားဆီးပိတ်ပင်ရာ ရောက်ပေလိမ့်မည်။
စစ်မှန်သော အောင်မြင်ခြင်းဟူသည် ရယူနိုင်ရန် လွန်စွာ ခဲယဥ်းလှပေသည်။အဓိကလိုအပ်ချက်သည်ကား မိမိကိုယ်ကိုယုံကြည်မှုရှိခြင်း၊မဆုတ်မနစ် ကြိုးစားခြင်းနှင့် အရှုံးကို
ရင်ဆိုင်ရဲသော သတ္တိရှိခြင်းပင်ဖြစ်သည်။ လူတို့သည် တစ်ဦးနှင့် တစ်ဦး ရုပ်ဆင်းသွင်ပြင်၊ခန္ဓာကိုယ် အချိုးအစား၊ကျောထောက်နောက်ခံမိသားစု အသိုင်းအဝိုင်း စသည်ဖြင့် ကွဲပြားကြသည့်အလျောက် စိတ်ကူးစိတ်သန်းများ၊ကြံရွယ်ချက်များသည်လည်း မတူညီကြပေ။မိမိသည် ဆင်းရဲသော မိသားစုမှ ပေါက်ဖွားလာသည့်အတွက် မိမိနိုင်ငံတွင်းရှိ သို့မဟုတ် ရေမြေရပ်ခြားရှိ အဆင်မြင့်ပညာရေးကို မသင်ယူနိုင်၊သူတစ်ပါးလုပ်နိုင်သောကိစ္စများကို ငွေကြေးအခက်အခဲရှိသည့် မိမိက မလုပ်ဆောင်နိုင်၊မိမိတွင်ရှိသောအရာဖြင့်သာ ကျေနပ်ရောင့်ရဲရမည် စသော ပုံသေတွက်ခြင်းမျိုးကို မပြုလုပ်သင့်ပေ။လဲကျတိုင်း ပြန်ထကာ ဇွဲ၊လုံ့လ၊ဝီရိယတို့ဖြင့် ရုန်းကန်ကြိုးပမ်းရမည်သာဖြစ်သည်။ဘဝသည် လှေကားထစ်ကဲ့သို့ တစ်ဆင့်ပြီးတစ်ဆင့် အထက်သို့ ဖြည်းဖြည်းမှန်မှန်တက်ရောက်ရသည်မျိုး ဖြစ်သည့်အတွက် မိမိ၏လိုအပ်ချက်များကို ကြိုးစားဖြည့်ဆည်းကာ ရေကုန်ရေခန်း အားထုတ်ပါက မိမိ၏ရည်မှန်းချက်များသည် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ပြည့်ဝဖြစ်မြောက်လာမည်မှာ မလွဲမသွေပင် ဖြစ်သည်။သို့မှသာ မိမိ၏ကြိုးစားမှုသည် နောင်တစ်ချိန်တွင် အရာထင်လာပြီး အောင်မြင်သောဘဝကို မုချပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
စစ်မှန်သော အောင်မြင်ခြင်းအတွက် ကြိုးစားရာ လမ်းခုလတ် တွင် အခက်အခဲများ၊ရှုံးနိမ့်မှုများက စောင့်ကြိုနေပေလိမ့်မည်။လောကဓံတရားများကလည်း မိမိကို အောက်ဆုံးအထိ ဆွဲချကြပေလိမ့်မည်။လူအများစုသည် လောကဓံတရား၏ ရိုက်ခတ်မှုအောက်တွင် လက်မြှောက်အရှုံးပေးကြသည့်အတွက် အောင်မြင်မှုနှင့် ဝေးကွာကြရသည်။ထို့ကြောင့် အဖန်ဖန် ရှုံးနိမ့်မှုများကို ကြံ့ကြံ့ခံ အန်တုကာ မိမိ၏အစွမ်းအစကို အပြည့်အဝယုံကြည်၍ ဆက်လက်ကြိုးစားသူများသာလျှင် အောင်မြင်စစ်မှန်သောဘဝကို ပိုင်ဆိုင်နိုင်ကြခြင်း ဖြစ်သည်။
မိဘအားကိုးဖြင့် နေရာတစ်ခုသို့ရောက်ရှိလာသူများကမူ စစ်မှန်သော အောင်မြင်ခြင်း၏ အနှစ်သာရကို နားလည်နိုင်မည်မဟုတ်ချေ။လူအများအလယ်တွင်လည်း အဆင်းသာရှိ၍ အချင်းမရှိသူဟု လှောင်ပြောင်ကဲ့ရဲ့ခြင်းကိုခံရပေမည်။ ကိုယ့်အားကိုယ်ကိုး၍ လောကဓံတရားကို အံကြိတ် တွန်းလှန်ကာ အထက်သို့ တက်လာသူများကသာ စစ်မှန်သော အောင်မြင်ခြင်းကပေးသည့် ဂုဏ်ပုဒ်ကို ထိုက်ထိုက်တန်တန်ခံယူနိုင်မည် ဖြစ်သည်။လူအများ၏ လေးစားမှု၊မြတ်နိုးမှု နှင့် တန်ဖိုးထားမှုတို့ကို ရရှိနိုင်မည်ဖြစ်သည်။
ယခုအခါတွင်မူ အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ငွေကြေးလုံးဝကောက်ခံခြင်းမရှိသော အခမဲ့ အွန်လိုင်းသင်တန်းများက မှိုပေါက်သလို ပေါက်လာပေသည်။ဘာသာစကား၊စီမံခန့်ခွဲမှုနှင့် ခေတ်မီနည်းပညာ အစရှိသည်တို့ကို သင်ကြားပေးသော ပညာဒါနသင်တန်းများ ပေါများလာသည့်အလျောက် မိမိတို့၏ ဘဝ တိုးတက်အောင်မြင်ရေးကို ဆောင်ကျဥ်းပေးနိုင်သော ပညာရပ်များအား အရင်ကထက်ပို၍ လက်လှမ်းမှီလာကြသည်။သို့ရာတွင် သင်ကြားပေးမည့် ဆရာရှိသော်လည်း မိမိတွင် သင်ယူလိုသည့် စိတ်အားထက်သန်မှုနှင့် ကြိုးစားအားထုတ်မှုမရှိလျှင် ပညာကို အပြည့်အဝရရှိနိုင်မည် မဟုတ်ချေ။အပတ်တကုတ် ကြိုးစားသင်ယူသူတို့သာလျှင် ပညာကို ပြည့်ပြည့်စုံစုံရရှိကာ ၎င်းကို အသုံးပြု၍ မိမိတို့ဘဝအတွက် အကျိုးဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်ပေသည်။ကြိုးစားမှုကိုလိုက်၍ အောင်မြင်မှုအနည်း အများ ကွာခြားသွားပေသည်။
ပျင်းရိခြင်းက ဖျက်သောကြောင့်လည်းကောင်း၊လောကဓံက ဖျက်သောကြောင့်လည်းကောင်း လူအများစုသည် အောင်မြင်မှုနှင့် ဝေးကွာကြရသည်။အောင်မြင်ခြင်းကို ဆွတ်ခူးနိုင်သူ လူနည်းစုအနက်တွင် စစ်မှန်သော အောင်မြင်ခြင်းကိုရရှိပိုင်ဆိုင်နိုင်သူ အရေအတွက်မှာ
မပြောပလောက်ပေ။ထို့ကြောင့် မိမိသည် ဘဝတွင် ရိုးရိုးတန်းတန်းပင် နေထိုင်ချင်သူတစ်ယောက်လော၊ စစ်မှန်သော အောင်မြင်ခြင်းနှင့် ပြည့်စုံသည့် ဘဝကို အလိုရှိသူတစ်ယောက်လော ဟူသည့်မေးခွန်းအား မိမိကိုယ်ကို ပြန်မေးကြည့်ရပေမည်။အကယ်၍ စစ်မှန်သော အောင်မြင်ခြင်းကို ရွေးချယ်ခဲ့လျှင် ယခုအချိန်မှစ၍ နေ့ရက်၊နာရီ၊စက္ကန့် မလပ်ကြိုးစားသင့်ကြောင်း သတိပေး နှိုးဆော်လိုက်ရပါသတည်း။
စိမ်းလဲ့လဲ့လှိုင်း
Keep Reading