Author's Profile Photo

Reviews by Benevolent

23/06/2024

'တက်ဘုန်းကြီး

2 mins read
Book Review
'တက်ဘုန်းကြီး's photo

ဒီစာအုပ်က ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတဲ့ စာအုပ်မျိုးမဟုတ်၊ သာသနာ တိုးတတ်ရန်နှင့် သာသနာ့အညစ်အကြေးတို့ကို သုတ်သင်သောစာအုပ်ပင်ဖြစ်တယ်။စာရေးသူက ဒီစာအုပ်ရေးပြီးနောက် ခေတ္တရှောင်ခဲ့ရသည့်အပြင် 'တက်ဘုန်းကြီး သိန်းဖေ ' ကလောင်နာမည်နဲ့ တွဲမြင်ကြရသည့်အထိ စာအုပ်ထဲက ရေးသားဖော်ပြချက်အတော်ပဲ စေ့စပ် ပြောင်မြောက်ပါတယ်။သိပ်ဂျပိုးကျတဲ့ဘုန်းကြီး ဦးသုဓဇ ခေါ် ကိုသန်းမြင့် ၊မယ်သွင်အမည်ရှိ မသီလစာရီ ၊အပျိုကြီးမစောညွှန့် ၊ထွန်းရှိန် ဆိုတဲ့ ဇာတ်ကောင်တွေနဲ့ ဇာတ်ကြောင်းကို လှုပ်လှုပ်ရွရွ ဖြစ်အောင် ဖန်တီးထားတယ်။တချို့စာဖတ်သူတွေက 'တက်ဘုန်းကြီး' ဝတ္ထုကိုဖတ်ပြီးနောက်ပိုင်း စာအုပ်ရဲ့ရည်ရွယ်ချက်ကို သွေးဖယ်ပြီး လက်ခံလိုက်တဲ့အတွေးအခေါ်က ဘာသာရေးအပေါ် အထင်သေးသွား‌စေတယ်။သာသနာကို ညိုးနွမ်းအောင်လုပ်နေတဲ့ ဘုန်းကြီးတွေအကြောင်းကို ရေးထားတာက အော်ကလီဆန်စရာ ၊ မုန်းစရာ အတွေးများနဲ့သာ ရပ်တန့်သွားတယ်။ကျွန်‌တော်အမြင်က စာရေးဆရာရေးတဲ့စာဟာ စာဖတ်ပရိသတ်ရဲ့ လက်ခံပုံအတွေးအခေါ်ကိုလိုက်ပြီး ရည်ရွယ်ချက်ဟာလည်း လိုအပ်သလိုမဖြစ်ဘဲ ပြောင်းလဲသွားတတ်တယ်။လောကကြီးမှာ ကောင်းတာနည်းပြီး မိုက်မဲမှု‌တွေပေါတဲ့အချိန်အခါမို့ အပေါ်ယံအမြင်ကိုသာ ဂရုစိုက်တတ်ကြပါတယ်။

ဆရာသိန်းဖေမြင့်က ဒီဝတ္ထုစရေးတော့ အသက်နှစ်ဆယ်ကျော်အရွယ် စိတ်သန်ရာ၊ မြင်ရာကို တစ်ဖက်သတ် လုပ်တတ်တဲ့အရွယ်သာဖြစ်တယ်။ သာသနာကို ပြုပြင်ချင်တဲ့စိတ်ကသာ များပြီး မတော်မတည့် သီလကြောင်တွေကို ဖော်ထုတ်ရှုတ်ချရာမှာသာ အားသန်ပြီး တစ်ဖက်က သန့်ရှင်းတဲ့ဘုန်းကြီးများ၊ တကယ်ကြည်ညိုစရာကောင်းတဲ့ ရဟန်းသံဃာများ ရှိသေးတာကို မဖော်ပြခဲ့မိဘူး ၊ အဲ့ဒါက ချို့ယွင်းချက်တစ်ခု ဖြစ်ခဲ့တယ်လို့ အမှာစာတွင် ဝန်ခံထားပါတယ်။လောကတွင် အကောင်းအဆိုး ဒွန်တွဲလေ့ရှိပါတယ်။ လူကောင်းရှိသလို ၊လူဆိုးလည်းရှိတယ်။ အလဇ္ဇီဒုဿီလဘုန်းကြီးများရှိသလို၊ လဇ္ဇီပေသလ သိက္ခာကာမ ဝိနည်းတော်နှင့်အညီ သီတင်းသုံးနေထိုင်ကြသော ဘုန်ကြီးများလည်းရှိတယ်။စာရေးသူက ငယ်ရွယ်သူပီပီ၊ တက်ခေတ်တက်လူပီပီ ၊ထက်မြတ်လှသည့်အရွယ်ပီပီ တစ်ဖက်သတ် တအားထိုးနှက်ထားတယ် ၊အလဇ္ဇီဒုဿီများကို ဖော်ထုတ်ရှုတ်ချသလို ၊ စာရေးသူမြစ်ဝကျွန်းပေါ်ကို ခရီးထွက်တုန်းက သင်္ဘောပေါ်မှာ စာရေးသူကိုယ်တွေ့ ကြုံခဲ့ရသော ကြည်ညိုစရာ၊ ဝိနည်းထိန်းသိမ်းတဲ့ တောင်ဖီလာဆရာတော်နဲ့ တွေ့မြင်ခဲ့ပြီးနောက် 'တက်ခေတ် တက်လူ တတ်ဘုန်းကြီး' ဆိုတဲ့စာအုပ်က အလဇ္ဇီပေသလ သိက္ခာကာမ ရဟန်းတော်များကိုလည်း မီးမောင်းထိုးပြ ထပ်ရေးခဲ့ပါ‌သေးတယ်။
စာရေးသူ၏ ရည်ရွယ်ချက်က နောက်ခေတ်ကာလများတွင် မြန်မာပြည်ဗုဒ္ဓသာသနာ စင်ကြယ်ရေးတစ်ခုတည်းသာလို့ ယူဆမိပါတယ်။မုံရွာမြို့ ကာနီဗယ်မှာ ဘုန်းကြီးတွေ ကစားဝိုင်းမှာ လောင်းနေကြတာကို တွေ့ရတော့ အိုးဝေမဂ္ဂဇင်းအယ်ဒီတာ သူငယ်ချင်းဖြစ်သူ ညိုမြက "ဟေ့ ..သိန်းဖေ မင်းကလောင်စွမ်းသလောက်ကလေးနဲ့ နှံစမ်းကွာ " လို့ မြှောက်ပေးရာကနေ ဒီစာအုပ်ဖြစ်လာဖို့ ရောင်နီသန်ခဲ့တယ်။တချို့က ခုခေတ်ကြီးကို တက်ခေတ်တဲ့ ၊ လူငယ်တွေကို တက်လူ ၊ ဒါကြောင့် အဲ့ခေတ်မှာပေါ်တဲ့ ဘုန်းကြီးကို "တက်ဘုန်းကြီး" ဆိုပြီး ရေးပြတာက အပျော်ဖတ်ဖို့မဟုတ် ၊ သာသနာကြီးရဲ့ ချို့ယွင်းချက်တွေကို ကွက်ကွက်ကွင်းကွင်း မြင်လာအောင်ပြထားခြင်းသာဖြစ်တယ်။

ဆရာဇော်ဂျီက ဒီဝတ္ထုကို 'သာသနာပြုဝတ္ထု' ဟု ပြောခဲ့တယ်။ရဟန်းကောင်း ၊ရဟန်းမြတ်တို့ကို ပိုမို၍ ကြည်ညိုလာ စေတယ်။သာသနာ၌ အပြစ်အနာအဆာကိုတွေ့ရင် ထိုအပြစ်အနာအဆာကို ထုတ်ဖော်ပြောပြခြင်းကို 'သာသနာပြုမှု' ဟု ဆိုထိုက်တယ်။ဒီစာအုပ်ကို ဆရာတော်တချို့က သာဓုခေါ်ကြပြီး မစင်ကြယ်၊ခြစားတဲ့အပိုင်းကို တိုက်ထုတ်ဖို့လိုသလို၊ သီလသမာဓိ ပညာနှင့်ပြည့်စုံတဲ့ ရဟန်းသံဃာတွေ အများအပြားရှိပါတယ်၊ အဲ့အရာတွေအတွက် 'တက်ဘုန်းကြီး' ကိုအသုံးချရမှာဘဲယူဆကြပြီး ပြန်ထုတ်ဝေပေးဖို့ နိုင်ငံရေး၊ သတင်းစာအလုပ်များနဲ့ ရှုပ်နေသော ဆရာသိန်းဖေမြင့်ကို တောင်းဆိုခဲ့ကြတယ်၊ ဆရာဖေက "အရှင်ဘုရားများ ကြိုက်သလို စီမံတော်မူပါ..ဘုရား" ပြောပြီး အရှင်ပညာဇောတ (အရှင်အာဒိစ္စဝံသကျောင်း‌တိုက်) ကို လှူဒါန်းခဲ့တယ်။ကနဦးထုတ်ဝေသည့် အချိန်ကို မသိရပါ။ ၁၉၆၈ ခုနှစ်၊ ဇူလိုင်လတွင် အောင်သူရိယ စာပေမှ ပြန်လည်ထုတ်ဝေသည်ကိုသာ သိရပါတယ်။ကျွန်တော်အခုဖတ်နေတာက ၂၀၁၃ ၊ပိတောက်ရနံ့စာအုပ်တိုက်ရဲ့ တတိယအကြိမ်မြောက် စာအုပ်ပါ။နှစ်တစ်ရာအတွင်း အကောင်းဆုံး စာအုပ်စာရင်းထဲပါဝင်ပြီး အတော်လှုပ်ခါခဲ့တဲ့စာအုပ် ၊ ယနေ့ခေတ်စကားအရ ပွဲဆူခဲ့တဲ့စာအုပ် ၊ သမရိုးကျ ဝတ္ထု အတော်များများလို ပါဝင်တဲ့ဇာတ်ကောင်ကို အကောင်းချည်းမရေးဘဲ အဆိုးဖက်ကိုပိုသွားစေတဲ့စာအုပ်မျိုးပါ။

အတိတ်နဲ့ ပစ္စပ္ပုန်တွင် မပြောင်းလဲတဲ့အရာတချို့ လောကတွင်ရှိလိမ့်တယ်။အဲ့အရာထဲတွင် 'တက်ဘုန်းကြီး' စာအုပ်လည်း ပါဝင်နေပါတယ်။Blame ဖို့သက်သက်မဟုတ်ဘဲ၊ လေ့လာဖို့ ၊သတိထားဆင်ခြေနိုင်ဖို့သာ ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။

စာမျက်နှာ -၂၃၀ အတိရှိပါတယ်။

Please Telegram ?
https://t.me/reviewsbybenevolent

Please YouTube ?
https://youtube.com/@reviewsbybenevolent?si=mvvS6O5nDVl-ygFi

စာဖတ်ခြင်းက အတွေးကို လန်းဆန်းစေတယ်။?

Reviews by Benevolent

Keep Reading

နွေဦးအားမာန်ခေါင်းလောင်သံဟိုလိုလို ဒီလိုလို ဝေလည်လည်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်သုံး (၆-၁၀) တဇောက်ကန်းသမားဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၁၅-၂၅) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၂၆-၃၂) မြကတ္တီပါလမ်း (Book review)ပန်းကြာဝတ်မှုံ - ခင်ခင်ထူး