Hnin
ကျွန်မတို့တွေနေ့စဥ်နှင့်အမျှရုန်းကန်လှုပ်ရှားနေကြရတာ။ကိုယ့်ကိုတန်ဖိုးထားတဲ့သူတွေနှင့်လည်းတွေ့နိုင်သလို၊ကိုယ့်တန်ဖိုးနားမလည်တဲ့သူတွေနှင့်လည်း တွေ့ကြမယ်လို့ထင်ပါတယ်။အဲလိုအချိန်မျိုးဆိုရင် ငါဟာဘာတန်ဖိုးမှမရှိပါလား၊ငါဟာ ဘယ်သူ့အတွက်မှအသုံးမဝင်ပါလားဆိုတဲ့အတွေးမျိုး ဝင်လာတတ်ကြမှာပါ။
ကျွန်မဆိုရင် ငါဟာဘာတန်ဖိုးမှမရှိပါလား ဆိုတဲ့အတွေးမျိုးကို တစ်ပတ်မှာ ၅ရက်လောက်ဝင်ဝင်လာတတ်တယ်။အဲလိုဆိုရင် စိတ်ဓာတ်တွေကျပြီး ဘာမှမလုပ်ချင်တော့ဘူး။ အဲလိုခံစားနေရတာတွေကိုလေ လျော့ချပေးတဲ့နည်းလမ်းလေးတစ်ခု တွေ့ထားပြီးနောက်ပိုင်း တန်ဖိုးမရှိဘူးဆိုတဲ့ ခံစားချက်ဝင်မလာတော့ဘူး။နည်းလမ်းလေးက မထင်မှတ်ဘဲတွေ့လာရတာပါ။
ကိုယ်တစ်ယောက်ထဲအဝေးမှာရုန်းကန်နေရတော့ တစ်ခါတစ်လေ အားငယ်လာတယ်၊ပြီးတော့ အလုပ်သစ်မှာ ငါဘာမှတန်ဖိုးမရှိတာပါလားဆိုပြီး တွေးမိပြန်တယ်။ တစ်ရက်တော့ အိမ်ကဖုန်းဆက်လာတယ်။ငါမနက်ဖြန် နေရာတစ်ခုသွားစရာရှိလို့တဲ့ ဘယ်ကားစီးရမှာလဲဆိုပြီးမေးတယ်။ကိုယ်က နံပါတ်ဘယ်လောက်စီး၊ပြီးရင် ဘယ်လိုဆက်စီးဆိုတာပြောလိုက်တယ်။နောက်တစ်နေ့ အိမ်ကပြန်ပြောတယ်၊တော်သေးတာပေါ့တဲ့၊နင်ကိုမေးသွားလို့ မဟုတ်ရင်ငါဘာမှမသိဘူးတဲ့။အဲဒိအချိန်မှာ အတွေးလေးဝင်သွားတယ်...ငါက ဘယ်သူ့အတွက်မှအသုံးမဝင်ခဲ့ရင်တောင် ငါ့မိသားစုအတွက် အသုံးဝင်ပါလားဆိုတဲ့ အတွေးလေးဝင်လာတယ်။
အဲလိုအတွေးလေးဝင်လာပြီးနောက်ပိုင်း ကိုယ့်ကိုအထက်လူကြီးတွေ လုပ်ဖော်ကိုင်ဖက်တွေက စိတ်ညစ်အောင်ဘယ်လောက်ပြောပြော ကိုယ်ကအေးဆေးဖြစ်သွားပြီ။သူတို့ပြောလာရင် ကိုယ်ကမှန်ရှေ့ကို သွားလိုက်တယ်။ပြီးရင် ကိုယ့်ကိုယ်ကို ပြောလိုက်တယ်''ဟယ့်..နှင်း။ ဘာလို့ သူတို့ပြောတာတွေခံစားနေမှာလဲ၊သူတို့အတွက် အသက်ရှင်တာလား၊ ဘာကြောင့်အသက်ရှင်တာလဲ။နင့်ကိုတန်ဖိုးထားတဲ့မိသားစုတွေရှိသေးတယ်လေ''အဲလိုဘဲ ပြောဖြစ်တော့တယ်။
ကိုယ့်ကိုယ်ကိုတန်ဖိုးမရှိဘူးလို့ ခံစားရတဲ့အချိန်တွေရှိနေရင် ကိုယ့်မိဘ၊ကိုယ်ငယ်ငယ်ကတည်းကနေကြီးပြင်းခဲ့တဲ့ ဆွေမျိုးတွေကိုပိုပြီးအချိန်ပေးကြည့်ပါ။ကိုယ်မွေးကတည်းကနေ သူတို့လက်ထဲမှာကြီးလာတော့ သူတို့က တန်ဖိုးထားတယ်၊ပြီးတော့ သူတို့တွေအမြဲပြောတယ်၊ အော်..ကြီးလာတော့ အားကိုးရပြီဆိုတဲ့ စကားမျိုးအမြဲပြောတယ်လေ။အဲလိုစကားလေးတွေကလေ ကိုယ်တစ်ယောက်ထဲဖြတ်သန်းနေတဲ့ကာလမှာ motivation speech တစ်ခုဘဲလို့ထင်မိတယ်။
Hnin(22.6.2024)9:20Pm
Keep Reading