Author's Profile Photo

Reviews by Benevolent

20/06/2024

'သူငယ်ချင်းတွေကို ပြောပြပေးပါ

2 mins read
Book Review
'သူငယ်ချင်းတွေကို ပြောပြပေးပါ's photo

လူတစ်ယောက်စီ ‌တစ်ယောက်စီတိုင်းမှာ ရင်ထဲ လူမသိ သူမသိ ကျိတ်ပြီး ခံပြင်းနေရတဲ့အပူကလေးတွေ ကိုယ်စီရှိကြတယ်။အဲ့အရာထဲမှာ Society ကပေးတဲ့ ဒဏ်ရာက ၈၀ ရာခိုင်နှုန်းလောက်ရှိမယ် ထင်တယ်။သက်ဝင်ယုံကြည်ထားကြတဲ့ မျိုးရိုးယဉ်ကျေးမှု ၊ ဓလေ့ ၊ဘာသာတရား ၊ အတိတ်သမိုင်းဖြစ်စဉ် ဒါတွေကို ဓမ္မဓိဌာန် ကျကျ နားလည်ဖို့ထက် ပုဂ္ဂလိကဓိဌာန်အဖြစ်သာ ရိုက်ထည့်ပြီး လက်ခံထားကြတယ်။အမြင်မှား ၊အတွေးအခေါ်မှား (Misconception) တွေကိုလည်း လက်ဆင့်ကမ်း အမွေအဖြစ် ဦးနှောက်ထဲ နေရာပေးထားကြတယ်။ ရေသောက်မြစ်အားနည်းရင် ပင်စည်ကြီးထွားဖို့လည်းခက်ခဲနိုင်သလို ၊ အပွင့်အခက်တွေ လှလှပပ မဝေမဆာနိုင်တော့ဘူး။ဥဩအသိုက်ဖျက်တဲ့ ပတ်ဝန်းကျင်စနစ်ဆိုးကြောင့်လို့ဆိုရမယ်။

ဒီစာအုပ်က ဘော်ဒါ အချင်းချင်း လက်တို့ တော်ကီ ပစ်ထားတဲ့စာအုပ်ဆိုပေမယ့် လက်ရှိပတ်ဝန်းကျင်အမြင်လမ်းလွဲလေး တွေကို ပြောပြထားတဲ့စာအုပ်ဆို ပိုမှန်ပါလိမ့်မယ်။အမြင်လို့ ပြောရင် နှစ်မျိုး ရှိလိမ့်မယ်။ ခံစားချက်ဝေဒနာ အမြင် နဲ့ အချက်အလက်ပေါ် မူတည်ပြီး ပြောပြတဲ့အမြင် ဆိုပြီးတော့။ပင်လယ်ကြီးကို လက်ပစ်ကူးနိုင်အောင် ၊ ကောင်းကင်ကို ဒူးနဲ့တိုက် နိုင်လောက်တဲ့ Motivation မပါဘူး။လေသံကြား ဖမ်းတရားဟောထားတဲ့ ဆရာကြီးအထာ စာအုပ်မျိုးလည်းမဟုတ်ပြန်ဘူး။ စာအုပ်ထဲက အကြောင်းတွေက အဓိပ္ပါယ်မဲ့ လိုရာကို စွဲပြောနေတာမျိုးမဟုတ်ပဲ နေ့စဉ် လူငယ်တွေ ကြုံနေရတဲ့ အခက်အခဲတွေ ၊ မတရားသွတ်သွင်း ဘောင်ခတ်ခံထားရတဲ့အရာတွေကို ပွင့်ပွင့်လင်းလင်းချပြထားတာပါ။မြန်မာပြည်ရှိ အရိုးစွဲ ဆွေးမြေ့နေတဲ့ အယူအဆအမှားတချို့ကို ကွက်ကွက်ကွင်းကွင်း မြင်လာအောင် ရုပ်ရှင် ၊ စာအုပ် ၊ သတင်း ၊ ဆေးပညာဆိုင်ရာ အထောက်အထားတွေနဲ့ ပမာပြုပြီး နားလည်လွယ်အောင် မိတ်ဆွေရင်းတစ်ယောက်က ပေါ့ပေါ့ပါးပါးပြောတဲ့ ပုံစံမျိုးပါပဲ။ လူငယ်တစ်ယောက် ရင်ဖွင့်ထားတဲ့ စကားလုံးအကြွတွေကိုလည်း မြင်ရမယ်။

ဘယ်သူကစတင်လိုက်မှန်းမသိတဲ့ LGBT ဆို သိက္ခာမဲ့နောက်ပြောင်ရမယ်၊ ကလေးကို ဆုံးမရင် ရိုက်ရမယ်၊ ဖိုမဝါဒီ အုပ်ထိန်းမှုပုံစံတွေ ၊ ကိုယ့်ထက် ပိုနိမ့်ကျပြီလို့ ထင်ရင် ခွဲခြားဆက်ဆံ(Segregation)တတ်ကြတဲ့ အယူအဆတွေ၊ NBA ဘက်စပ်ဘောသမား ကိုဘေးဘရိုင်ရန် (Kobe Bryant) ကို ပမာပြုပြီး မိဘနဲ့သားသမီး ကြားက ဆက်ဆံရေး parenting style ရှုထောင့်တွေ၊ ပညာရေးရဲ့မရှိမဖြစ်အမိုးအကာ ဖြစ်တဲ့ တကယ့်တတ်တဲ့ဆရာ တွေလိုတယ်၊ တတ်တဲ့ဆရာတွေကလည်း ဒီနိုင်ငံမှာ ရေရှည်မနေနိုင်ကြတာများတယ်။ပညာရေး စိတ်ပညာ၊ အရည်သွေးပြည့်မီတဲ့ ပညာရေးတစ်ခုကို ပံ့ပိုးပေနိုင်တဲ့အခါ ငွေဆိုတာ ဘာမှမဟုတ်တော့ဘူး ဖင်လန်နိုင်ငံ ကဆရာ ပြောတဲ့စကားပါ။ကမ္ဘာ့အေးချမ်းဆုံးနိုင်ငံဖြစ်ရုံသာမက ကမ္ဘာနံပါတ်တစ် ပညာစနစ်ပိုင်ဆိုင်ထားတဲ့ နိုင်ငံ လည်းဖြစ်တယ်။ခေါင်းစဉ် ၄၃ ခု ၊စာမျက်နှာ ၂၁၆ သာရှိတဲ့ ပါးပါးကြည်ကြည်စာအုပ်ကို တစ်ထိုင်တည်းဖတ်လို့ရနိုင်တယ်။ မိဘနဲ့ သားသမီးအသင်းတူခြင်း ၊ကလေးတစ်ယောက် ရိုင်းရတယ်ဆိုတာ ၊ ရေထဲကန်ချခံရသူများ အကြောင်း ၊ Super Education ၊ ( တာဝန်သိမှု၊ တာဝန်ယူမှု ၊ တာဝန်ခံမှု) စတဲ့ ဆွေးနွေးမှုတွေကို ကျွန်တော်တစ်ဦးအမြင်အရ သဘောကျတယ်။ဆက်နွယ် နေခြင်း(correlation)အကြောင်းတွေကြောင့်လို့ ပြောရမယ်။

သံမှိုစွဲ အကျင့်ရှိတဲ့ အသက်ကြီးပိုင်းအများစုမှာ လူငယ် တွေဆန္ဒထက် သူတို့ဂုဏ်သိက္ခာကို ပိုလိုလားကြတယ်၊ ပိုငဲ့ကွက်ကြတယ်။ပိုပြီး အကြည်ညိုခံချင်တယ်၊ ပိုပြီး အပူဇော်ခံချင်ကြတယ်။Same team ဖြစ်အောင် မလုပ်ကြပဲ different team ဖြစ်နေကြတာများတယ်။" ဒီနိုင်ငံလူတွေကို ကျုပ်မကြိုက်တာ အားနာတဲ့စိတ် နဲ့ အကြည်ညို ခံချင်တဲ့စိတ်ပဲဗျ" ဆရာမောင်ချောနွယ် စကားကို ဒီစာအုပ်ဖတ်နေချိန် ခေါင်းထဲပေါ်လာတယ်။ ဒီစာအုပ်ထဲမှာလည်း အဲ့ရာတွေကိုပဲ အိတ်သွန်ဖာမှောက် တင်ပြထားတယ်။ အသိဉာဏ်လွတ်လပ်မှုတွေများစွာကို ပိတ်ပင်ကာ မိန်းကလေးဆို ခြောက်လှန့်ပြီး ၊ ယောင်္ကျားလေးဆို မြှောက်ပင့်ပြီး မသိမသာ အမြင်မှားအတွေးမှား တွေကို မီးမောင်းထိုးပြထားတယ်။ဘော်ဒါအချင်းချင်း ၊ စာသမားအချင်းချင်း မှတ်သားထားတဲ့မှတ်စုတွေ ၊ ရင်ဆိုင်နေရတဲ့ ပကဓိ ပြရုပ်ကိုတွေကို သိသာမြင်သာအောင် ရင်ဖွင့် ထားတဲ့ စကားဝိုင်းပုံစံမျိုးပါပဲ။ပြောတဲ့စကားတိုင်းကို အကုန်လိုက်လုပ်ကြည့်ဖို့ပြောတာမဟုတ်ပဲ နားထောင်ကြည့်ပါ ၊ စဉ်းစားကြည့်ပါ ဒီလောက်ပါပဲ။


Please Telegram ?
https://t.me/reviewsbybenevolent

Please YouTube ?
https://youtube.com/@reviewsbybenevolent?si=mvvS6O5nDVl-ygFi

? စာဖတ်ခြင်းက အတွေးကို ပြောင်းလဲစေတယ်။

Benevolent Guy

Jun-24



Keep Reading

တောရိုင်းမြေသုံးနှစ်သုံးမိုးမိုက်ရဲ့ အရင်းအနှီးတွေက ဘာဖြစ်မလဲ။အရင်းအနှီးအကြောင်း ဂဃနဏ သိပါစေ။Ernest Hemingway ဘဝဟာသများဘယ်လိုလုပ်ပြီး မိုက် ဂျက်ဆန် ရင်းနှီးမြှုပ်နှံသူ ဖြစ်လာတာလဲ။ မိတ်ဆွေမှရန်သူဖြစ်သွားခြင်းပင်လယ်ဝံပုလွေအချစ်ကိုကိုးကွယ်ခဲ့တဲ့မြန်မာဘုရင်ရူးThe Gentleman in the Parlour