SarPhat Author
အသက်မပြည့်တပြည့် ဆယ်ကျော်သက်ကလေးငယ်လေးတစ်ယောက်ရဲ့ နှုတ်ကနေ ရယ်ရယ်မောမောထွက်လာတဲ့ စကားလေးတစ်ခွန်းက
"သမီးမေမေမှာ လင်တွေအများကြီးပဲ"တဲ့။
တောင်ရောက်မြောက်ရောက် စကားဝိုင်းလေးတစ်ခုမှာ ဖွင့်ဟလာတဲ့ ဒီကလေးလေးရဲ့စကားကို ကြားကြားချင်း သူသူကိုယ်ကိုယ် ဟိုဟိုဒီဒီအတွေးလေးတော့ ဝင်လာမယ်ထင်ပါတယ်။
ကျွန်မလဲ ထို့နည်းတူပါပဲ။'ဒီကလေးလေးရဲ့အမေက ဘာအလုပ်လုပ်တာမလို့လဲ'ဆိုပြီး အပေါ်ယံအမြင်နဲ့ ခန့်မှန်းမိတာကို ရှက်ရွံ့စွာ ဝန်ခံပါတယ်။
သိချင်စိတ်များနေပေမဲ့ ကိုယ့်စကားကြောင့် တစ်ဖက်ကသူမလေး ရှက်ရွံ့သွားမှာစိုးလို့ ပုံမှန်လို"ဟုတ်လား" "အင်း""ဘာဖြစ်လို့လဲ"တို့လောက်သာ စကားထောက်ရင်းဆက်နားထောင်ခဲ့ပါတယ်။
ကလေးမလေးက သူရောက်ဖူးတဲ့နေရာတွေအကြောင်း တန်းစီရွတ်ပြပါတယ်။သူ့အမေနဲ့ လျှောက်လိုက်ခဲ့ရတာပါတဲ့လေ။သူရောက်ဖူးကြောင်း ပြောပြတဲ့နေရာတွေက လေးငါးခုမက ရှိပါတယ်။စကားပြောရင်းနဲ့လဲ "ဖေဖေနဲ့တုန်းက""မေမေနဲ့တုန်းက"ဆိုပြီး သူကိုယ်တိုင်တောင် သတိမထားမိပဲ အချိန်ကာလလေးတွေ ခွဲခြားပြောနေမိတာပါ။
ကလေးလေးရဲ့အဖေက ကားမောင်းပါတယ်။ကားမောင်းသမားအများစုရဲ့မိန်းမတွေက ဒီပြဿနာကို ရင်ဆိုင်ရမယ်ဆိုတာ စကားကျွံပြီးပြောပါရစေ။ကားမောင်းတဲ့လူတိုင်းကို ဆိုလိုတာမဟုတ်ပေမဲ့ အများစုကတော့ မိန်းမအရှုပ်အရှင်းမကင်းဘူးဆိုတာ ပတ်ဝန်းကျင်မှာရော အင်တာနက်အကူအညီတွေအရရော စိမ်းသက်မနေတဲ့ အချက်တစ်ချက်ပါ။
ဒီလိုပြဿနာတွေကြောင့် ကလေးမလေးရဲ့အဖေနဲ့အမေက ခနခနကွဲလိုက်ပေါင်းလိုက်ဖြစ်ရင်းက တကယ်အဆုံးသတ်ကြတဲ့နေ့အထိ ဖြစ်လာခဲ့ကြတယ်။
ဒီအချိန်မှာ အမေဖြစ်သူက နောက်အိမ်ထောင်ပြုတော့ ကလေးမလေးက အဖေဘက်ကအဘိုးအဘွားတွေနဲ့ ကျန်နေခဲ့ရပါတယ်။အဖေဖြစ်သူကလဲ နောက်အိမ်ထောင်ပြုတော့ ကလေးမလေးက သူ့အဖေအိမ်ထောင်ကျတဲ့ နေရာကိုလိုက်နေရပါတယ်။
"မမရယ် အဖေ့နောက်မိန်းမကတော့ ကောင်းပါတယ်။သူ့သားနဲ့တော့ မတည့်ဘူး။ရန်ဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် လေးဂွတွေနဲ့ ပစ်တာသိလား"
သူများအိမ်မှာ ဘယ်လောက်တောင် စိတ်ပင်ပန်းလိုက်ရမလဲလို့ ကျွန်မ သနားမိသွားတယ်။
ဒီလိုကနေ သူ့အဖိုးအဖွားတွေဆီ ပြန်ရောက်လာတယ်ထင်ပါရဲ့။သူ့အမေနဲ့တော့ ခိုးခိုးပြီးတွေ့ရတဲ့အခြေအနေပါ။အဖေဘက်က အဖိုးအဖွားတွေက မကြိုက်လို့တဲ့လေ။နောက်တော့ အမေဖြစ်သူနဲ့ လိုက်နေဖြစ်တယ်ထင်ပါတယ်။ကလေးရဲ့ စကားတွေက သူသတိရတာတွေကို ကရားရေလွှတ်ပြောတော့ ကျွန်မလဲအစပ်အဆက် မမိပါဘူး။
"အမေယူတဲ့လူကြီးက သဘောတော့ကောင်းပါတယ်။သူ့မှာ မယားကြီးရှိတယ်မမရဲ့။တစ်နေ့ သူ့မိန်းမကြီးက ရောက်လာပြီး သမီးကိုရန်တွေ့သွားတာ။အိမ်မှာ ဘယ်သူမှမရှိဘူး။သမီးပဲရှိတာ သမီးအချောင်အပြောခံလိုက်ရရော"
ပြောရင်း ရယ်နေပေမဲ့ ဒီကလေးမလေး အ့ဒီအချိန်က ဘာလုပ်လို့ဘာကိုင်ရမှန်းမသိပဲ ဘယ်လောက်တောင် အကူအညီမဲ့ကြောက်ရွံ့နေလိုက်မလဲ ကျွန်မခန့်မှန်းကြည့်မိတယ်။သူပြောတဲ့အရွယ်ဆို ဆယ့်နှစ်နှစ်လောက်ပဲ ရှိဦးမှာ။ဒီလိုအပြောအဆိုတွေ ခံရဖို့ငယ်လွန်းမနေဘူးလား။
"ပထမဆုံးယူတဲ့လေးလေးကြီးက နှာဗူးကြီးမမရဲ့!တော်တော်ဆိုးတယ်။မေမေက အထည်ချုပ်မှာလုပ်တာလေ။မေမေအလုပ်သွားတော့ သမီးကသူနဲ့ကျန်ခဲ့ရတာ!သမီးကို လက်တွေကိုင်ခါးတွေဖက်နဲ့"
ဘုရား!ဘုရား!ကျွန်မလေ နားထောင်ရင်းနဲ့ကို ရင်တွေပူတက်လာတာပါ။
"ဘာဖြစ်သွားသေးလဲ"လို့ ပါးစပ်ကမထွက်ရက်လို့
"နင်ဘယ်နှစ်ရက်လောက် နေရလဲအ့ဒီ့လူကြီးနဲ့"လို့မေးလိုက်မိတယ်။
"သိပ်မကြာဘူးမမရဲ့။သမီးကြောက်လို့ အမေနဲ့သိတဲ့အပ်ချုပ်ဆိုင်ကို ပြေးတာပြီးရော။ထမင်းတောင် ပြန်မစားဘူး။အမေပြန်ရောက်တော့ သမီးပြန်ပြောတာလေ။အမေက စိတ်ဆိုးပြီးအ့လူနဲ့ ကွာပလိုက်ရော..ပြီးတော့ ဒီကိုပြန်ရောက်လာပြန်ရော"
ကျွန်မ သူ့အမေကို လေးစားမိပါတယ်။သူဘယ်လိုပဲ ခက်ခဲနေတဲ့အခြေအနေရောက်နေပါစေ..သူ့သမီးလေးအတွက်တော့ စဥ်းစားပေးသားပဲလို့။
"သံတွဲဘက်မှာ လိုက်နေရသေးတယ်မမရဲ့။အ့ဒီမှာက မိုက်တယ်။အချိုရည်တွေအများကြီးပဲ။သမီးနိုးလာတာနဲ့အ့ဒီ့ဦးလေးက အချိုရည်ဝယ်ပြီးသား။အခန်းက အဝေးကြီးပဲ။သူတို့နှစ်ယောက်က တစ်ခန်း၊သမီးကတစ်ခန်း။ဒါမဲ့ ဘာလို့လဲတော့မသိဘူး။ကွဲသွားတယ်"
သူပြောပြနေတဲ့မြေပုံအရ ကလေးမလေးတစ်ခုခု လိုအပ်လို့အကူအညီတောင်းချင်ရင်တောင် အမေဖြစ်သူဆီမနည်းရောက်အောင် ကွေ့ပတ်သွားနေရမဲ့အနေအထားပါ။
"အ့ဒီဦးလေးကြီးလဲ သဘောကောင်းတယ်။ဒါပေမဲ့လေ အိပ်ရင်တော့ စိတ်ညစ်တယ်။ခြင်ထောင်ချင်းက ကပ်ရပ်လေ။ဟိုဘက်မှာ သူတို့နှစ်ယောက်က ဘာတွေလုပ်မှန်းလဲမသိဘူး။အသံတွေကြားနေရတာ စိတ်တအားညစ်တာပဲ။ မနေချင်ဘူးသမီး"
ကျွန်မလေ ဒီကလေးရယ်မောပြီး ပြောနေတဲ့စကားတွေကို နားထောင်ရင်း ဘာလို့ရင်နာလာရပါလိမ့်။
ဒီကလေးပြောပြနေတဲ့ သူ့ရဲ့အတွေ့အကြုံတွေက သူ့ရဲ့စိတ်ဒဏ်ရာတွေဆိုတာ သူမလေးသိချင်မှသိပါလိမ့်မယ်။ကျွန်မကတော့ သူ့ရဲ့စိတ်မလုံခြုံမှု၊ခိုးကိုးရာမဲ့မှုတွေကို အတိုင်းသားမြင်နေရပါပြီ။
"နင်ဒီလောက် စိတ်ညစ်နေရတာ ဘာလို့လိုက်နေသေးလဲ။နင့်အဖေတွေရဲ့အဖိုးအဖွားနဲ့ မနေချင်ရင် နင့်အမေတွေရဲ့အဖိုးအဖွားနဲ့နေပါလား"
ကျွန်မ အားမလိုအားမရ ပြောမိတော့ သူ့အမေမှာက အဖေတွေအမေတွေ မရှိတော့ပါဘူးတဲ့။အမေဖြစ်သူရဲ့ ဆွေမျိုးတွေကလဲ မကူညီကြဘူးတဲ့လေ။
ဒီတော့မှ ကျွန်မလဲ သူ့အမေကိုလဲ နားလည်နိုင်သွားပါတော့တယ်။
ထူထောင်ထားတဲ့ အိမ်ထောင်ရေးလေးပျက်ဆီးသွားတော့ မှီခိုအားထားရာမရှိ၊ခိုးကိုးစရာအိမ်မရှိနဲ့ အခြေကျမလားရယ်လို့ အားကိုးမိလိုက်တဲ့လူတွေကလဲ ကောင်းမွန်မနေတော့ သမီးကလေးတစ်ယောက်လက်ဆွဲပြီး နယ်စုံကလူတွေနဲ့အကြောင်းစုံနေရတဲ့အခြေအနေဖြစ်လာတယ်။
ဒီနေရာမှာ တစ်ယောက်နဲ့တစ်ယောက် အမြင်ချင်းတူနေမှာမဟုတ်ပေမဲ့ ကျွန်မကတော့အပြည့်အဝ နားလည်ပေးနိုင်ပါတယ်။မိန်းမသားတစ်ယောက်ချင်းစီမှာရှိတဲ့ စိတ်ဓာတ်တွေ၊ခံယူချက်တွေ၊ခံနိုင်ရည်တွေက တူညီမနေပါဘူး။ပြီးတော့ မိသားစုနောက်ခံမရှိတဲ့ မိန်းမသားတစ်ယောက်အဖို့ သမီးလေးတစ်ယောက်နဲ့ တစ်ကိုယ်တည်းရပ်တည်ဖို့ဆိုတာ ထင်သလောက် လွယ်ကူမနေပါဘူး။ဒါကြောင့် ဘယ်လိုလုပ်သင့်တယ်လို့ တစ်စိုးတစ်စိမျှ မဝေဖန်လိုပါ။ဒီကလေးရဲ့ဝဋ်ကြွေးက ဒီလိုဖန်လာတယ်ပဲ မှတ်ယူလိုက်ပါတယ်။
အခုတော့ နေထိုင်ရာမြို့လေးမှာပဲ အမေဖြစ်သူက လူကောင်းတစ်ယောက်နဲ့အိမ်ထောင်ကျပြီး အခြေတကျလေးဖြစ်နေပါပြီ။ဒါပေမဲ့ ကလေးမလေးအပေါ်မှာတော့ ပထွေးဆိုတဲ့အရိပ်မဲတွေ ဖုံးလွှမ်းနေဆဲမို့ ပတ်ဝန်းကျင်အမြင်တွေကို ကြောက်ရွံ့ရတာနဲ့ပဲ ညဆိုရင် အဒေါ်တွေအဘွားတွေအိမ်မှာ သွားအိပ်ရပါသတဲ့။
အော်....ဒီကလေးလေးမှာ ဘယ်တော့များမှ စိတ်လုံခြုံပြီးနွေးထွေးတဲ့ အိမ်လေးတစ်လုံးကို ပိုင်ဆိုင်ရပါ့မလဲ!
ရင်နင့်စရာဇာတ်လမ်းလေးတစ်ပုဒ်ကို ပြောသူကတော့ ရယ်ရယ်မောမောပြောနိုင်ပေမဲ့ ကျွန်မကတော့ ပျော်ပျော်ရွှင်ရွှင်နားမထောင်နိုင်ခဲ့ပါဘူး။
ပျော်ရွှင်စရာ အရိပ်အမြုံလေးတစ်ခု မဖန်တီးပေးနိုင်ရင် ကလေးတွေကို လူ့လောကထဲ မခေါ်လာကြဖို့ ဒီဖြစ်ရပ်မှန်လေးနဲ့ မေတ္တာရပ်ခံလိုက်ပါတယ်။
.
.
✍Nwe Ni Maung
✍17/6/24
---–---------------------------------------------
Keep Reading