SarPhat Author
#အဇ္ဈတ္တလွင်ပြင်၏ရနံ့များ "
**********************
( စ/ဆုံး ဝတ္ထုတို ) ( ၁ )
ညနေ နေဝင်ရီတရောအချိန်ကိုမကောင်းဆိုးဝါးများ မြူးတူးပျော်ပါးချိန် ၊ နွားရိုင်းသွင်းချိန်စသဖြင့် ပြောလေ့ရှိကြသည်။မကောင်းဆိုးဝါးများ မြူးတူးပျော်ပါးသည် မပျော်ပါးသည်ကို သူမသိသော်လည်း သူ့ရင်ထဲတွင် နွားရိုင်းတစ်ကောင်ခုန်ပေါက်မြူးတူးပျော်ပါးနေသည့် အချိန်ဖြစ်သည်မှာတော့ သေချာသည်။
ညနေ ရုံးကပြန်ရောက်လျှင် အိမ်ရှေ့ဝရံတာမှာ သူ ထွက်ရပ်မိသည်။လူက ငြိမ်ငြိမ်သက်သက်ရပ်နေသော်လည်း စိတ်သည်မြင်းရိုင်းတစ်ကောင်နှယ်ကဆုန်ပေါက်နေတတ်သည်။လမ်းပေါ်တွင်သွားလာလှုပ်ရှားနေကြသော ပျိုပျိုအိုအိုမိန်းမများကိုကြည့်၍ သူစိတ်ထဲ၌သရိုးသရီဖြစ်မိသလို နှလုံးခုန်သံများလည်းမြန်လာတတ်သည်။သူသည်လို ခံစားနေရသည်မှာ ကာလအတန်ကြာခဲ့ပြီဟု ပြောရလေမည်လား။မှတ်မှတ်ရရပြောရမည် ဆိုလျှင် သည်နှစ်နွေရာကျောင်းပိတ်ရက်မှစတင်ခဲ့ခြင်းဖြစ်လေသည်။နွေရာသီကျောင်းများ ပိတ်သွားသောအခါ သူ့အမျိုးသမီးသည် နယ်မှမိဘများဆီအလည်ပြန်ပါရစေဟုခွင့်တောင်းလာသည်။အမှန်တကယ်ဆိုလျှင် သူခွင့်မပြုချင်ခဲ့။
သို့သော်လည်း နေမကောင်းဖြစ်နေရှာသောယောက္ခမဖြစ်သူကြောင့် အမျိုးသမီးအားခွင့်ပြုပေးလိုက်ရသည်။
သူသည် အစက သည်လိုလူမျိုးမဟုတ်တာသေချာသည်။လူပျိုပေါက်ဘဝက မိန်းမကိစ္စနှင့်ပတ်သက်၍ အနည်းငယ်အရှုပ်အရှင်းရှိခဲ့သော်လည်း သူ့အမျိုးသမီးနှင့်တွေ့သည့်အချိန်မှစ၍
အမျိုးသမီးကိုသာချစ်မြတ်နိုးခဲ့သည်။တန်ဖိုးထားခဲ့သည်။ယခု သည်လိုအတွေးများဝင်နေချိန်အထိလည်း သူ့အမျိုးသမီးကိုသာချစ်နေဆဲဖြစ်သည်မှာတော့ သေချာသည်။သားတစ်ယောက်မိခင်ဖြစ်သွားသောအမျိုးသမီး၏ အချိုးမကျတော့သည့်ခန္ဓာကိုယ်ဝဝဖိုင့်ဖိုင့်သည် သူ့အားဆွဲဆောင်နိုင်စွမ်းနည်းပါးသွားသော်လည်း အမျိုးသမီးအားစွန့်ပစ်ရန် မြူတစ်မှုန်စာမျှပင် သူ မတွေးခဲ့ဖူးချေ။နောင်လည်တွေးမိမည် မဟုတ်ပေ။မိန်းမလှလေးများအား သူ့စိတ်က အာသာငမ်းငမ်းလိုချင်တောင့်တမိနေသော်လည်း သူ့နှလုံးသားကမူ ချစ်ခြင်းမေတ္တာတရားကို လေးစားစောင့်ထိန်းခဲ့သည်။ယခုတော့ ထိုအငုံစိတ်သည် ဇနီးဖြစ်သူအနားတွင်မရှိသောအခါ ခေါင်းထောင်အစွမ်းပြခဲ့ချေပြီ။ထို့အတွက်ကြောင့် သူ့မှာစိတ်ကသိကအောက်ဖြစ်ရသလို ရုံးတွင်အိမ်တွင်သိက္ခာသမာဓိအပြည့်နှင့်နေသောသူ့အတွက် ကြီးစွာသောစိတ်ဒုက္ခကိုလူမသိအောင်ဖုံးဖိနေရလေသည်။လေးဆယ်ကျာ်ဆိုသောအသက်အရွယ်သည် တည်ငြိမ်ရင့်ကျက်သင့်သောအရွယ်ဟု သူထင်သည်။ဤကဲ့သို့ဖြစ်နေသော သူ့စိတ်ကိုလည်း သူကိုယ်၌နားမလည်နိုင်အောင်ဖြစ်နေခဲ့ရသည်။
ထိုအချိန်မှစ၍ သူ၏ နေဝင်ချိန်များသည် ဝရံတာတွင်ကုန်ဆုံးခဲ့လေတော့သည်။ထို့သို့ သူ၏ စိတ်ထွက်ပေါက်ရှိရာဝရံတာသည်ပင် သူ့အတွက်ထောင်တစ်ခုဖြစ်လာမည်အစပြုရာနေရာမှန်း နောင်အခါမှ သိခဲ့ရလေသည်။
*************
သူ ကုလားထိုင်မှာ ထိုင်လိုက်သည်။လက်တစ်ဖက်က သတင်းစာကိုကိုင်လျက် ဖတ်ယောင်ပြုသည်။ကျန်လက်တစ်ဖက်ကမူ ဖုန်းအားကိုင်ကာ လမ်းမပေါ်သို့ချိန်လိုက်သည်။ ကင်မရာကိုဖွင့် ဖုန်းကိုလက်နှင့်ထောက်ကာပုံရိပ်များအား အနီးကပ်ဆွဲပြီး တဖျပ်ဖျပ်ရိုက်လိုက်သည်။ဓါတ်ပုံတွေရောဗွီဒီယိုများပါရိုက်ပြီးသောအခါ သူကျေကျေနပ်နပ်ပြုံးလိုက်ပြီး ဖုန်းကိုပိတ်ကာ အိမ်ထဲပြန်ဝင်မည်အပြုတွင်စတင်၍ သတိပြုမိခဲ့ခြင်းဖြစ်လေသည်။
သတိထားမိသည်မှာ သူ့ကျောမလုံသလိုခံစားမိသောကြောင့်ဖြစ်သည်။သူ့အားတစ်စုံတစ်ယောက်က စူးစူစိုက်စိုက်ကြည့်နေသလိုခံစားနေရသည်မှာ လူ၏စိတ်အာရုံခံစားမှုတစ်ခုပင်ဖြစ်မည်ထင်သည်။သူဆတ်ခနဲ လှည့်ကြည့်မိချိန်မှာ သူ့အားစူးစူးရဲရဲစိုက်ကြည့်နေသော မျက်လုံးအစုံကြောင့် ဖြုန်းခနဲ့လန့်သွားပြီး လက်ထဲကဖုန်းပင်ပြုတ်ကျမလိုဖြစ်သွားရလေသည်။သူ ထောင်းခနဲဒေါသတစ်ချက်ထွက်သွားပြီး ခပ်တင်းတင်းကြည့်လိုက်တော့ ထီမထင်မျက်နှာနှင့် နှာခေါင်းကိုပွစိပွစိလုပ်လျက် မျက်တောင်တစ်ချက်မခတ်ဘဲ သူ့အားပြန်ကြည့်နေသော ကောင်လေး၏အကြည့်က "ခင်ဗျားကြီးဘာလုပ်နေတာလဲဆိုတာ...ကျွန်တော်သိတယ်ဗျ"ဆိုသောအကြည့်မျိုးပင်။သူ ရှက်စိတ်၊ဒေါသစိတ်ကိုမျိုသိပ်လျက် အခန်းထဲသို့ဝင်ခဲ့လိုက်ပြီး တံခါးကို "ဒုန်း " ခနဲမြည်အောင်ဆွဲပိတ်ပစ်လိုက်သည်။
************
ညက စိတ်ကသိကအောက်ဖြစ်ကာ အိပ်မပျော်နိုင်ခဲ့သည်မို့သည်မနက် သူအိပ်ရာထနောက်ကျခဲ့သည်။ရေကိုကမန်းကတန်းချိုးလိုက်ပြီး ရုံးသွားဖို့ အခန်းတံခါးအားသော့ပိတ်နေချိန်တွင် သူ့နောက်ကျော၌ ထူးထူးဆန်းဆန်းခံစားလာရပြန်သည်။ဆတ်ခနဲ လှည့်ကြည့်လိုက်တော့ ထင်သည့်အတိုင်း မနေ့ညက ကောင်လေးအားတွေ့လိုက်ရသည်။သူ့ကိုကြည့်နေသောကောင်လေး၏အကြည့် ပွစိပွစိလုပ်နေသော နှာခေါင်းသည် သူ့အားလှောင်ပြောင်သရော်နေသလိုပင်။သူယောင်ယမ်းပြီး ကိုယ်ပေါ်မှ တိုတ်ပုံအင်္ကျီအား အိတ်ဖြင့်ကွယ်လိုက်မိသလို သေသပ်ကျနစွာဖြီးသင်ထားသော ဦးခေါင်းအားခပ်မြန်မြန်ပင်ငုံ့ချလိုက်မိလေသည်။ထိုနောက်အထပ်ငါးထပ်၏ လှေကားထစ်များအား မည်သို့ကျော်ဖြတ်ခဲ့သည်ကို သူမမှတ်မိ။သူမှတ်မိနေသည်မှာ ကောင်လေး၏ အထင်အမြင်သေးသောအကြည့်စူးစူးများသာ။
************
ပေါင်ရင်းနားရောက်နေသော တိုကပ်ကပ်ဘောင်းဘီကြောင့် ဖြူဝင်းသောပေါင်တံမှာပေါ်လွင်နေသည်။မျက်နှာလေးသည်လည်းဖြူဖြူနုနုနှင်ချစ်စရာ။ သူလက်ကအလိုလိုဖုန်းကိုကောက်ကိုင်လိုက်မိပြီး ဘေးဘီဝဲယာကိုအကဲခတ်လိုက်မိသည်။
"ဟင် "
စူးရှသောအကြည့်ကြောင့် သူ့တစ်ကိုယ်လုံးထူပူကာ မျက်စိများပင်ပြာခနဲဖြစ်သွားရလေသည်။ကောင်လေးသည် ဆိုင်ထဲသို့ဘယ်အချိန်တည်းကရောက်နေသည်မသိသော်လည်း သူ့အားကြည့်နေသောအကြည့်တွေက "ခင်ဗျားကြီးအကျင့်ကိုကျွန်တော်သိတယ် "ဆိုသောအထာမျိုးပင်။သူစိတ်ရှုပ်ရှုပ်နှင့် ဖျော်ရည်ကိုတစ်ကျိုက်တည်းမော့သောက်ပစ်လိုက်သည်။
ချိုမြအေးစိမ့်သော အသီးဖျော်ရည်က လည်ချောင်းထဲသို့ပူလောင်စွာစီးဆင်းသွားသလိုပင်။ဒေါသစိတ်များလည်းတဖွားဖွားဖြစ်ပေါ်လာမိသည်။စိတ်ထဲရှိသည့်အတိုင်းသာဆိုလျှင် သူ့အားစူးစိုက်ကြည့်နေသည့် ထိုကောင်လေး၏မျက်လုံးအစုံကို ပြေး၍ ထိုးဖောက်ပစ်လိုက်ချင်သည်။*********************
ညအချိန်ဖြစ်သော
ကြောင့် နောက်ဖေးလမ်း
ကြားသည်မှောင်မည်းနေ၏။သူ တံခါးကိုအသာအယာဖွင့်ပြီး လက်ထဲမှ အမှိုက်ထုတ်အားခပ်ဝေးဝေးသို့လှမ်းပစ်ချလိုက်သည်။ပြီးနောက် သူသည် စစ်အောင်နိုင်သူတစ်ယောက်ပမာ အားရကျေနပ်သောစိတ်ဖြင့်အထဲအမြန်ပြန်ဝင်လိုက်သည်။ထိုအချိန်မှာပင် ဘေးဝရံတာမှ သူ့အားစိုက်ကြည့်နေသော ကောင်လေးကိုတွေ့လိုက်ရပြန်သည်။သူအံ့သြမင်သက်သွားမိသည်။သူ့အဖြစ်က သူခိုးလူမိသွားသကဲ့သို့ပင်။သူ တုန်တုန်ယင်ယင်နှင့်တံခါးကိုပိတ်လိုက်ပြီး လေးတွဲသောခြေလှမ်းများဖြင့်အခန်းထဲသို့ပြန်ဝင်ခဲ့သော်လည်း ကောင်လေး၏ အကြည့်စူးစူးများက သူ့နောက်ကျော၌ကပ်၍ပါလာသလိုခံစားနေရလေသည်ါ
******************
"တိုတ်နံပတ်(.....)အပေါ်ဆုံးထပ်ကိုညကိုးနာရီအရောက်လာခဲ့......"ရေးပြီးတာနှင့်ပို့မည်ဆိုသော နေရာကိုလက်မနှင့်ဖိလိုက်သည်။မွန်းကြပ်လွန်းလှသည့်ဒဏ်ကိုမခံနိုင်သည့်အဆုံး သူ့စိတ်ကိုအလိုလိုက်ပစ်လိုက်သည်။ဘာမဟုတ်သော ကလေးတစ်ယောက်ကြောင့် သူ့လွတ်လပ်ခွင့် သူ့ဆန္ဒတွေပျောက်ဆုံးနေခဲ့သည်မှာ ရက်အတန်ကြာခဲ့ပြီဖြစ်သည်။အလုပ်သွားချိန် ၊အလုပ်ပြန်ချိန် ။အနီးအနားက စီးတီးမက်သို့သွားချိန်တွင်ပင် အမြဲသူနှင့်မလှမ်းမကမ်းတွင်ရှိနေ ၊ကြည့်နေတတ်သောထိုကောင်လေးကြောင့် နေ့နေ့ညည သူ့မှာအကျဥ်းကျနေသလိုခံစားနေရသည်။သူ့မှာစာစားသွားသွား သူ့အားတစ်စုံတစ်ယောက်က အမြဲစောင့်ကြည့်နေသည်ဟု ခံစားနေရသောကြောင့် ရုံးမှအပ ပြင်ပနေရာများသို့ပင်သွားသွားလာလာမလုပ်ဝံ့တောချေ။ကြာတော့ သွားလေရာ ကျီးလန့်စာစားဖြစ်နေမိသော သူ့ပုံစံမှာ စိတ်မနှံ့သူနှင့် တူလာသည်ဟုပင်ကိုယ့်ကိုယ်ကိုထင်မိလေ၏။တစ်စုံတစ်ယောက်၏ စောင့်ကြည့်ခံနေရသော အဖြစ်သည် ခံစားဖူးသူမှသာ ကိုယ်ချင်းစာနိုင်ပေမည်။အဘယ်မျှ စိတ်ရှုပ်ထွေးရသည်ဆိုသော် သူသည်အလုပ်သွားချိန်ကိုမနက်ခြောက်နာရီသို့ပြောင်းလိုက်သလို အလုပ်ပြန်ချိန်ကိုလည်းညရှစ်နာရီကျော်သို့ပြောင်းလိုက်သည်။မနက်ကိုးနာရီအလုပ်ဝင်ရပြီး ညနေငါးနာရီအလုပ်ဆင်းရသောသူ့အတွက် ၊တိုတ်ခန်းနှင့်ရုံးဆယ်မိနစ်သာသာလမ်းလျှောက်ရုံနှင့်ရောက်နေသောအခါ သူသည် လက်ဖက်ရည်ဆိုင်တွင်အဓိပ္ပါယ်မဲ့အချိန်တွေဖြုန်းခဲ့ရသည်။သို့သော်ငြား သူသည် ထိုကောင်လေး၏စောင့်ကြည့်ခံရခြင်းမှမလွတ်မြောက်နိုင်ခဲ့ပါချေ။သူ့အဖြစ်သည် စပါးကြီးမြွေ၏ညှို့ချက်တွင် မိနေသောသားကောင်ကဲ့သို့ ရုန်းမထွက်နိုင်ဘဲ အချိန်မရွေးအမျိုခံရမည့် သဘောဖြစ်နေလေသည်။
ညကိုးနာရီမက်တင်း၌ သူတံခါးဝနားတွင် မလှုပ်မယှက်ငြိမ်သက်စွာရပ်နေမိသည်။မတော် သူ့ခြေသံကြောင့် ကောင်လေးသိသွားမည်ကို အလွန်အမင်းစိုးရိမ်မိလေသည်။ ခြေသံခပ်ဖွဖွကြားရသည်။လာပြီထင်ရဲ့။ခြေသံက တံခါးရှေ့မှာရပ်တန့်သွားသည်။ သူတံခါးကို ခပ်ဖြည်းဖြည်းဖွင့်လိုက်ပြီးလျှင်ကောင်မလေးကိုအလျင်အမြန်ပင် အခန်းထဲသို့ဆွဲသွင်းလိုက်သည်။သူ့အပြုအမူကြောင့် ကောင်မလေးသည် "လောရန်ကော "ဟူသော သဘောမျိုးဖြင့် မျက်စောင်းထိုးလေ၏။သူ့ မှာ ကောင်မလေးအား ဂရုမစိုက်နိုင်သေးဘဲ တံခါးကိုအလျင်အမြန်ပြန်ပိတ်လိုက်သည်တွင် အရှေ့ခန်းသံဘာဂျာတံခါးနောက်ရှိမီးရောင်မှိန်မှိန်အောက်တွင်မတ်မတ်ကြီးရပ်၍
သူ့အားစိမ်းစိမ်းကြီးစိုက်ကြည့်နေသောကောင်လေအားတွေ့လိုက်ရလေသည်။သူ အထိတ်တလန့်နှင့် တံခါးအားဆောင့်ပိတ်ပစ်လိုက်မိလေသည်။
သူ ခုတင်ပေါ်သို့ စိတ်ပျက်လက်ပျက်လှဲချပစ်လိုက်မိသည်။ ကောင်မလေး၏ ရှိုက်ဖို့ကြီးငယ်အသွယ်သွယ်ကို သူအပြည့်အဝရင်မခုန်နိုင်တော့ ။သူ၏စိတ်အစဥ်သည် ကောင်လေး၏အကြည့်စိမ်းစိမ်းများကိုသာ မြင်ယောင်နေမိလေသည်။
**************
သူနိုးလာသောအခါ ခေါင်းက တစစ်စစ်ကိုတ်ခဲနေလေသည်။ညကခေါ်ယူပျော်ပါးခဲ့သော ကောင်မလေးလည်း ဘယ်အချိန်ကပြန်သွားသည်မသိ။ဘီယာတွေတစ်ဘူးပြီးတစ်ဘူးသောက်မိသည်ကိုသာ အမှတ်ရသည်။ ရုံးပိတ်ရက်ဖြစ်၍သာ တော်တော့သည်။သူ့ညကအဖြစ်ကိုတွေးမိပြီးမနက်စောစောစီးစီး၌ပင်
တစ်ကိုယ်လုံးဇောချွေးများပြန်လာသည်အထိ စိတ်ထဲညစ်ထေးရှုပ်ထွေးနေမိလေသည်။သည်အဖြစ်ကို သားနှင့်အမျိုးသမီးသာသိသွားလျှင် သူ ရှေ့ဆက်၍မတွေးဝံ့။ပြီးလျှင် ဝရံတာမှာ ၊စီတီးမက်မှာ သူဓါတ်ပုံရိုက်တတ်တာကို ရုံးကလူများ ၊သူ့အမျိုးသမီးနှင့်သားဖြစ်သူသာသိသွားလျှင် ဆိုသောအတွေးက သူ့အားဖိစီးနှိပ်စက်၍နေ၏။
***********
မှန်ထဲ၌ပေါ်နေသော သူ့မျက်နှာအားကြည့်၍ သူ့အံ့သြတုန့်လှုပ်သွားမိလေသည်။မျက်တွင်းကဟောက်ပက်၊ဆီဝေးသော ဆံပင်ဖုတ်သိုက်နှင့် ထိုးထိုးထောင်ထောင်ဖြစ်နေသော နှုတ်ခမ်းမွှေး ၊မုတ်ဆိတ်မွှေးများနှင့်အတူ ပိန်ချုံးကျသွားသော သူ့ပုံစံက ရုပ်ရှင်ဇာတ်ကားများထဲက စိတ္တဇလူသတ်သမားနှင့်ပင်တူနေလေသည်။ရုံးမှ ဆေးခွင့်ယူပြီးနားနေသည်မှာတစ်ပတ်မပြည့်သေးသော်လည်းသူ့ပုံမှာ ကိုယ့်ကိုယ်ကိုမမှတ်မိနိုင်လောက်အောင်ပင်ညှိုးလျပိန်ချုံး၍နေလေသည်။ညက သူ့အမျိုးသမီးဖုန်းဆက်သည်။ပြန်လာတော့မည်ဟုဆိုသည်။သူ့မှာ ကမူးရှူးထိုးနှင့် ပြင်ရဆင်ရသည်။သန့်ရှင်းရေးလုပ်ရသည်။အမျိုးသမီးပြန်ရောက်လျှင် အိမ်ပြောင်းဖို့ပြောရန်အကြံအမျိုးမျိုးပါထုတ်မိသည်။နေ့လယ် နှစ်နာရီလောက်တွင် သူ့ဗိုက်ကခံနိုင်ရည်မရှိတော့ဘဲ ဆာလောင်လာသည်။သူကိုယ့်ကိုယ်ကို အနည်းငယ်ပြုပြင်လိုက်ပြီး အနံ့အသက်များလျော့ပါးသွားအောင် ဆွတ်နေကျရေမွှေးအားတရှူးရှူးဖျန်းလိုက်သည်။ထိုနောက် ခြေကိုအသာဖော့နင်း တံခါးကိုအသာအယာဖွင့်ကာ လှေကားမှ ဆင်းခဲ့သည်။တစ်ထစ် ၊နှစ်ထစ် ၊ငါးထစ် ၊ခြောက်ထစ်
" ကျွီ "သံဘာဂျာတံခါးအား ဆွဲဖွင့်သံကြားလိုက်ရသည်။သူ့ခန္ဓာကိုယ်က ဆတ်ခနဲတုန်သွားသည်။မဝံမရဲနောက်သို့ ပြန်လှည့်ကြည့်လိုက်သောအခါ ကောင်လေးအားတွေ့လိုက်ရသည်။သူ အသက်မဲ့သူလိုရပ်နေမိသည်။ကောင်လေးက သူ့အား ခနဲ့တဲ့တဲ့အပြုံးများနှင့်ကြည့်ကာ သူ့ရှိရာသို့ဆင်းလာသည်။ဆင်းလာပုံက အလောတကြီးနိုင်လှပေသည်။တစ်ထစ် ၊နှစ်ထစ် သူ့ ကောင်လေးခြေလှမ်းတွေကိုအဓိပ္ပါယ်မဲ့ ရေတွက်နေမိသည်။သုံးထစ်သို့လှမ်းအဆင်းတွင် ကောင်လေး၏ခြေထောက်သည်လေဟာနယ်သို့သာ နင်းမိသွားလေသည်။ကောင်လေး၏ ခန္ဓာကိုယ်သည် သူ့ဆီသို့တန်းတန်းမတ်မတ်ကြီးပြုတ်ကျလာသည်။သူအချိန်မှီ ဖမ်းဆွဲလိုက်လျှင်ရသော်လည်း သူ့လက်တွေတုံ့ဆိုင်းနေခဲ့သည်။သူ့ခန္ဓာကိုယ်က အလိုအလျောက်ပင် နံရံသို့ကပ်ရှောင်ပေးလိုက်မိသည်။ဝရုန်းသုန်းကားပြုတ်ကျလာသောကောင်လေး၏ခန္ဓာကိုယ်သည် လှေကားများမှတဆင့် ထောင့်ကအုတ်နံရံနှင့်ပြေး၍ဆောင့်လေသည်။
သွေးများမှာ မြင်မကောင်။
သူ့တစ်ကိုယ်လုံးတဆတ်ဆတ်တုန်၍ မျက်လုံးများပြာဝေလာသည် ။သည်လောက်အထိဖြစ်သွားမည်ဟု သူမထင်မိခဲ။
သူလှေကားများကို ကျော်လွှားပြေးတက်ခဲ့ပြီး အခန်းတံခါးအားသော့ပါပိတ်ပစ်လိုက်သည်။
*****************
( ၂ )
မင်းမင်းတစ်ယောက်တည်း ဧည့်ခန်းထဲတွင်ဆော့နေသည်။ အဖေနှင့်အမေက အလုပ်သွားကြလေပြီ။အိမ်ထဲတွင် အန်တီသက်သက်နှင့်မင်းမင်းတို့နှစ်ယောက်သာ ကျန်ခဲ့သည်။မင်းမင်းဆော့နေရင်းမှ စူးရှသောမွှေးရနံ့ကိုရလိုက်သည်။ ရနံ့ရှိရာသို့ မင်းမင်းလျှောက်သွားပြီး မျှော်ကြည့်မိသည်။ရနံ့သည် မင်းမင်းတို့အိမ်တံခါးပေါက်၏ အရှေ့မှလာခြင်းဖြစ်လေသည်။မင်းမင်း နှာခေါင်းအားပွစိပွစိလုပ်၍ မွှေးရနံ့အားရှူရှိုက်ပစ်လိုက်သည်။ထိုမွှေးရနံ့မျိုးအား နယ်မှအဘွားအိမ်သို့သွားလည်စဥ်ကရခဲ့ဖူးသည်။မေမေကတော့ပြောသည်။ဒန်းပန်း၏အနံ့တဲ့။အနီးကပ်မွှေးကြည့်လျှင်မမွှေးဘဲနံသည်တဲ့။မင်းမင်းဒန်းပန်းနံ့ကိုနှစ်သက်သည်။ခပ်ဝေးဝေးမှပင်ရစေသောထိုရနံ့သည် မင်းမင်း၏အထီးကျန်မှုကို
လျော့ပါးသက်သာစေသည်။
************
တစ်ညနေ မင်းမင်းဝရံတာနားတွင်ဆော့နေစဥ် ထိုရနံ့ကိုရပြန်သည်။မင်းမင်းဝရံတာသို့ထွက်ခဲ့သည် ။ရနံ့ရှိရာသို့ငေးကြည့်နေမိပြီး နာခေါင်းကိုပွစိပွစိလုပ်ကာရှူရှိုက်မိပြန်၏။
ကြာတော့မင်းမင်း ထိုရနံ့ကို ပို၍နှစ်သက်မိလာသည်။ရနံ့ပိုင်ရှင်နှင့်ခင်မင်ရင်းနှီးချင်လာသည်။သိချင်လာသည်။ရနံ့ပိုင်ရှင်အားစောင့်မျှော်မိလာသည်။
တစ်ရက်မှနှစ်ရက်ကြာသောအခါ ရနံ့ပိုင်ရှင်၏အပြင်ထွက်ချိန် ၊ပြန်ချိန်နှင့်အားလပ်ချိန်များကို မင်းမင်းမှတ်သားလာနိုင်သည်။တကယ်ဆိုလျှင် အထူးတလည်မှတ်သားရသည်တော့မဟုတ်ပေ။ရနံ့များက သူသွားလေးရာနေရာကို ညွှန်ပြနေသည်။
***********
" မေမေ...အိမ်ရှေ့အိမ်ကတံခါးတွေကပျက်နေတာထင်တယ်... တံခါးပိတ်တဲ့အခါအသံမြည်အောင်အတင်းဆွဲပိတ်ရတာမေမေရဲ့...ဟိုတစ်နေ့ကဆို...တံခါးပိတ်လို့မရလို တက်ခေါက်တဲ့ အသံပါသားကြားလိုက်တယ် မေမေ "
"သြော်... သားရယ် ...အဲ့ဒါက အိမ်ရှင်ကပြင်ပေးရမှာ...ဘာလဲသားကသွားပြင်ပေးချင်လို့လား ဟင် "
ရယ်ရယ်မောမောနှင့် ပြောသောအမေ့ စကားကြောင့် မင်းမင်းစိတ်ထဲဘဝင်မကျဖြစ်ခဲ့ရသည်။အိမ်ရှင်ကလည်း ပြင်ပေးစရာရှိ ပြင်ပေးလိုက်သည်မဟုတ်။ယခုတော့ မင်းမင်းချစ်ခင်ရသော ရနံ့ပိုင်ရှင်မှာ သည်တံခါးများကြောင့်နေစဥ်ဒုက္ခများနေရသည်မဟုတ်လား။
***************
" မင်းမင်းရေ...တီတီသက်...သူငယ်ချင်းနဲ့သွားတွေ့မို့ သားလိုက်မှာလား "
တီတီသက် အမေးကို မင်းမင်းခေါင်းခါပြလိုက်သည်။ယခုတလော မင်းမင်းစိတ်ထဲ မပျော်ရွှင်နိုင်ဖြစ်နေသည်။ ရှေ့အခန်းမှရနံ့ပိုင်ရှင်နှင့်မဆုံရသည်မှာ အတော်လေးကြာနေလေပြီ။
ယခင်ကဆိုလျှင် စီးတီးမက်မှာဖြစ်စေ ၊လမ်းထိပ်က အအေးဆိုင်မှာဖြစ်စေ မကြာခဏဆုံရတတ်သည်။ထိုသို့ ဆုံတိုင်းလည်းမင်းမင်းမှာ ရနံ့ပိုင်ရှင်ရှိရာဆီငေးမျှော်ကြည့်ခဲ့ရသည်။ထိုအချိန်တိုင်း ရနံပိုင်ရှင်အား မင်းမင်းသွားနှုတ်ဆက်ချင်သော်လည်း သူစိမ်းများနှင့်စကားမပြောရဟု မှာထားသောတီတီသက်ကြောင့် နှုတ်ဆက်ဖို့ အခွင့်မသာခဲ့ချေ။
မင်းမင်းသည်ထိုင်နေရာမှ တံခါးဝဆီသို့ မျှော်ငေးနေမိသည်။ရနံ့ပိုင်ရှင်နှင့်မဆုံရသည်မှာ ရက်အနည်းငယ်ကြာခဲ့လေပြီ။သေချာသည်မှာလွန်ခဲ့သောတစ်ညကနောက်ဆုံး ဆုံခဲ့ရခြင်းဖြစ်သည်။အမေက " အိမ်ရှေ့မီး...သွားပိတ်လိုက်ဦးသားလေး "ဆိုသော ခိုင်းစေမှုကြောင့် မင်းမင်းအိမ်ရှေ့ခန်းသို့ရောက်ရှိချိန်မှာ ရနံ့ကိုရခဲ့သည် ။မင်းမင်းလည်း မီးကိုမပိတ်မိသေးဘဲ ရှေ့ခန်းသို့ မျှော်ကြည့်နေမိသည်။ထိုနေ့ကနောက်ဆုံးပင်ဖြစ်သည်။
တီတီသက် ထွက်သွားသည်နှင့် မင်းမင်းဧည့်ခန်းတွင်ထိုင်၍ ဖုန်းထဲတွင်သွင်းထားသော အမေ့အသံကိုခပ်တိုးတိုးဖွင့်၍နားထောင်နေမိသည်။ထိုစဥ်မှာပင် စူးရှမွှေးမြသောရနုံ့အားရှူရှိုက်လိုက်မိလေသည်။မင်းမင်းထိုင်နေရာမှ ဆတ်ခနဲထရပ်လိုက်သည်။တံခါးသော့ထားနေကျနေရာကို လက်နှင့်အသာစမ်းကြည့်လိုက်သည်။လက်ထဲစမ်းမိသော သော့အားအမြန်ယူလိုက်ပြီး သံဘာဂျာတံခါးအားအမြန်ဆွဲဖွင့်လိုက်သည်။ယနေ့တွင် အိမ်မှာမင်းမင်းတစ်ယောက်တည်းရှိသည်။ဒါဟာ ရနံပိုင်ရှင်နှင့်မိတ်ဆက်ဖို့အခွင့်အရေးဖြစ်သည်။မင်းမင်းတံခါးအားအမြန်ဖွင့်ပြီးရနံ့ပိုင်ရှင်ရှိရာဆီခပ်သွက်သွက်ပြေးသွားမိသည်။ "အရင်နေ့တွေက ဘယ်သွားနေတာလဲ...သားကသတိရနေတာ"ဟု ရနံ့ပိုင်ရှင်အားပြောချင်ဇောဖြင့် လှေကားထစ်တွေကို အမြန်ဖြတ်ကျော်မိလေသည်။တစ်ထစ် ၊နှစ်ထစ် ၊သုံးထစ်မြောက်၌ မင်းမင်း၏ခြေထောက်သည်လေဟာနယ်ကိုသာနင်းမိသွားပြီး ခန္ဓာကိုယ်ကတစ်ရှိန်ထိုးပြုတ်ကျသွားသည်။မင်းမင်းခေါင်းထဲမှာ မိုက်ခနဲအေးခနဲဖြစ်သွားသည်။ "သားကိုကယ်ပါဦး ရနံ့ပိုင်ရှင်ရယ် "ဟု မင်းမင်းအော်လိုက်သော်လည်း ကြောက်လွန်း၍ အသံကထွက်မလာခဲ့ပါချေ။
**********************
( ၃ )
သူစိတ်မသက်မသာနှင့်ပင် ဆွတ်နေကျရေမွှေးအား ခန္ဓာကိုယ်အနံ့သို့ဖျန်းပက်လိုက်သောအခါ အမျိုးသမီးက မနှစ်သက်သလိုလှမ်းကြည့်သည်။
"မောင်ရယ် ဒီနေ့တော့ ရေမွှေးမဆွတ်ပါနဲ့လား "
" မောင်မှရေမွှေးမဆွတ်ဘဲအပြင်မသွားတတ်တာ...အဲဒါကြောင့်ပြောတာပေါ့... မသွားချင်ပါဘူးလို့ "
"မသွားလို့ ဖြစ်မလား...လူမှုရေးကရှိသေးတယ်လေ.... "
တကယ်ဆိုသူဘယ်လိုမှ မသွားချင်။မသွားချင်တာထက် မသွားရဲမသွားဝံ့သည်ဆိုပိုမှန်မည်။အရိပ်မည်းက သူ့စိတ်အားခြောက်လှန့်နေသည်။သည်လို အချိန်မျိုးမှာ မည်သူနှင့်မျှမတွေ့ချင်မဆုံချင်။စကားလည်းမပြောချင်။အသက်ရှူဖို့တောင် မလုံမလဲဖြစ်နေချိန်၌ မိသားစုနှင့်လိုက်လျောညီထွေအောင်နေရသည်မှာ ခက်ခဲပင်ပန်းလွန်းလှလေသည်။
*****************
ကားပေါ်မှဆင်းလျှင်ဆင်းချင်း အမျိုးသမီးက ရှေ့မှဦးစွာဆင်းချသွားပြီး ကောင်လေးရှိရာဆီ လျှောက်သွားသည် ။အမျိုးသမီး၏လက်အား ခပ်မြန်မြန်ဖမ်းဆွဲလိုက်သော်လည်း မမှီလိုက်။သူ့မှာ အမျိုးသမီးနောက်အပြေးလိုက်သွားမိသည်။ အမျိုးသမီးသည် ရီဝေသောမျက်လုံးများဖြင့် ကောင်လေးအားငေးကြည့်နေ၏။သူလည်းကြောက်ကြောက်လန့်လန့်နှင့်ပင် ကောင်လေးအားတစ်ချက်ကြည့်လိုက်မိသည်။တင်းတင်းစေ့ထားသောနှုတ်ခမ်း၊ပွစိပွစိလုပ်နေတတ်သောနှာခေါင်း၊ မျက်တောင်မခတ်ဘဲစိုက်ကြည့်နေတတ်သောစူးစူးရဲရဲမျက်လုံးများ။ "အား "ဟုအော်မိမယောင်ဖြစ်သွားသော သူ့ပါးစပ်အားလက််ဝါးနှင့်အမြန်ဖိပိတ်လိုက်မိသည်။ဘေးမှာအမျိုးသမီးကမရှိတော့။ခပ်လှမ်းလှမ်းတွင် မိန်းမတစ်ယောက်နှင့်စကားပြောနေသည်ကိုတွေ့လိုက်ရ၏။ စကားပြောနေသောမိန်းမ၏မျက်နှာကိုမြင်လိုက်ရသောအခါ သူ့စိတ်ထဲတုန်လှုပ်ချောက်ချားသွားရပြီး ရုတ်တရက်သူ့တစ်ကိုယ်လုံး ဇောချွေးများပြန်လာပြီးကမူးရှူးထိုးနှင့် အမျိုးသမီး၏လက်အားဆောင့်ဆွဲ၍ခေါ်ခဲ့လိုက်သည်။
" မင်းတို့ဘာတွေပြောနေကြတာလဲ မေ "
"ဘာမှမဟုတ်ပါဘူး မောင်ရယ်...ကောင်လေးအကြောင်းပြောတာပါ...ကောင်လေးက လှေကားအတက်အဆင်းသိပ်ကျွမ်းတာတဲ့...အဲ့ဒီနေ့ကမှဘယ်လိုများဖြစ်ရတာလဲမသိပါဘူးနော်...ပြီးတော့ပြုတ်ကျတဲ့အချိန်က...လူရှင်းတဲ့အချိန်ကြီးဖြစ်နေတော့ ပိုဆိုးသွားတာတဲ့...သူ့ကို
နည်းနည်းသာစောတွေ့ခဲ့ရင်အသက်ရှင်နိုင်တယ်တဲ့လေ...ကိုးနှစ်ပဲရှိသေးတဲ့ကလေးအတွက် ကံကြမ္မာကရက်စက်လွန်းတယ် "
သူ့အမျိုးသမီးပြောနေသော ကောင်လေးအကြောင်းကိုနားထောင်ပြီး သူ့တစ်ကိုယ်လုံး အင်အားတစ်စက်မျှမရှိတော့သည့်အလား တုန်ရီမောဟိုက်လာလေသည်။မီးသင်္ဂြိုဟ်စက်မှ တလူလူလွင့်နေသောမီးခိုးများကိုကြည့်ရသည်မှာလည်း သူ့အားတစ်စုံတစ်ယောက်က အပေါ်မှစီးမိုး၍ စောင့်ကြည့်နေသလိုခံစားရလေသည်။
" ဒါနဲ့...မောင်သိလား...
ကောင်လေးကမျက်စိကွယ်နေတာတဲ့...သနားပါတယ်နော် "
အမျိုးသမီးအား
သူ အထိတ်တလန့် မော့ကြည့်မိလိုက်သည်။
"ဘာ....ဘာပြောတယ်
...ကောင်လေးက မျက်လုံးမမြင်ဘူး ဟုတ်...ဟုတ်လား.... "
သူတုန်လှုပ်ချောက်ချားစွာ အမျိုးသမီးအားပြန်မေးလိုက်သည်။ထို့နောက်တွင် သူ့ခေါင်းတစ်ခုလုံးချာချာလည်းမူးဝေလာပြီး ရင်ခေါင်းထဲမှ ဆိုးဆိုးဝါးဝါးစူးအောင့်လာလေသည်။
################
#ဧကြည်ဖြူ
Keep Reading