SarPhat Author

အချိန်ခရီးသွားနိုင်တဲ့သူတစ်ယောက်ရဲ့ ဇနီးမယားတစ်ယောက်ဖြစ်ရတာဟာ ဘယ်လို ဘဝမျိုးပါလဲ..။
ဒီဝတ္ထုထဲက Mrs. Clare De Tamble ကတော့ သူ့ခင်ပွန်းဖြစ်သူ Mr. Henry De Tamble တစ်ယောက် သူ့ဘေးနားကနေ ရုတ်တရက်ဆိုသလို မကြာခဏပျောက်ကွယ်သွားပြီးအချိန်ခရီးသွားပြီဆိုတိုင်း ဘယ်တော့ပြန်လာမလဲ၊ ဘယ်နေရာမှာ ဘာတွေဖြစ်နေမလဲဆိုတဲ့စိတ်တွေနဲ့ပဲ သူ့ခင်ပွန်း လက်ရှိကာလကို ပြန်လာမယ့်အချိန်ကိုပဲ စောင့်ဆိုင်းနေရပါတယ်။
Henry ဟာ အသက် ၃၆ နှစ်အရွယ်မှာ အတိတ်ကာလကို အချိန်ခရီးသွားရင်း အသက် ၆ နှစ်အရွယ် Clare ကို စတွေ့ခဲ့တယ်။ အဲ့အချိန်ကတည်းကစလို့ Henry နဲ့ Clare တို့နှစ်ယောက် ခင်မင်လာခဲ့ကြပါတယ်။
Clare အတွက် ကံကောင်းတဲ့အရာတစ်ခုက သူ့ရဲ့ ငယ်ဘဝ အချိန်တွေကတည်းကနေစလို့ လက်ရှိကာလတွေအထိ ခင်ပွန်းဖြစ်လာမယ့်သူနဲ့ အမြဲ အတူတူရှိခွင့်ရနေခဲ့တာပါပဲ။ Henry အနေနဲ့ကျတော့ တကယ်တမ်း Clare ကို အပြင်က လက်ရှိကာလမှာ အမှန်တကယ် ဆုံတွေ့ရတဲ့အချိန်က သူ့အသက် ၂၂ နှစ်မှသာဖြစ်ပါတယ်။
Clare ငယ်ငယ်က ကျွန်မတို့နှစ်ယောက် ဘယ်နေရာမှာ ဘယ်လိုတွေ့ပြီး ဘာတွေဆက်ဖြစ်မှာလဲ’လို့ မေးတိုင်း Henry က ‘အရာအားလုံးဟာ ဖြစ်လာဖို့ ကံပါလာပြီးသားမို့ ဒီအရာတွေ ဖြစ်လာမယ်လို့သာ ယုံကြည်ပြီး နေထိုင်သွားပါ’ လို့ပဲ အမြဲပြန်ဖြေလေ့ရှိပါတယ်။
သူတို့နှစ်ယောက် လက်ထပ်ပြီး အချိန်အတော်ကြာသည့်အထိကို သားသမီးမထွန်းကားနိုင်ဖြစ်တယ်။ မထွန်းကားနိုင်တဲ့ အကြောင်းရင်းကလည်း Henry ရဲ့ ကိုယ်ထဲမှာ ရှိတဲ့ အချိန်ခရီးသွားခြင်းကို ဖြစ်ပေါ်စေတဲ့ Genes တွေကြောင့်ဆိုပြီး ဆရာဝန်တွေက ပြောကြပေမယ့် Clare ဟာ Henry ကိုချစ်တဲ့စိတ်ရယ်၊ Henry အချိန်ခရီးသွားလို့သူ့နားမှာ မရှိရင်တောင် သူ့ရဲ့ ကိုယ်ပွားလေးအနေနဲ့ ကလေးလေးတစ်ယောက်တော့ လိုချင်တယ်ဆိုတဲ့စိတ်နဲ့ ကလေးယူဖို့ကို စိတ်အားထက်သန်နေပါတယ်။ ၆ ကြိမ်တိုင်တိုင် ကိုယ်ဝန်ဆောင်လိုက်၊ ပျက်ကျလိုက် ဖြစ်ပြီးနောက် လုံးဝ ကလေးမရနိုင်တော့ဘူးလို့ထင်ပြီး လက်လျှော့တော့မယ့်အချိန်မှာမှ ခုနစ်ကြိမ်မြောက် ကိုယ်ဝန်ကိုလွယ်ရပြီး Albra ဆိုတဲ့သမီးလေးကို မွေးနိုင်ခဲ့တယ်။
Clare တို့ အတွက် ကံကောင်းတယ်ပဲ ဆိုရမလား၊ ကံဆိုးတယ်ပဲ ပြောရမလား။ သမီးလေးမှာလည်း Henry ရဲ့ genes နဲ့တူတဲ့ အချိန်ခရီးသွားနိုင်တဲ့ genes တွေပါပြီး မွေးဖွားလာတာပါပဲ။
အဲ့ဒီနောက်ပိုင်း သူတို့သုံးယောက်ရဲ့ မိသားစု ဘဝခရီးလေးက တောက်လျှောက် သာယာနိုင်မလား..ကံကြမ္မာရဲ့ ဘယ်လိုလှည့်စားမှု တွေကို ကြုံဆုံရမလဲဆိုတာကို စိတ်ဝင်စားစွာ ဖတ်ရှုရမယ့် ဝတ္ထုကောင်းလေး တစ်ပုဒ်ပါ။
အဆုံးသတ်မှာ အလွမ်းတွေ တစ်ပွေ့တစ်ပိုက်နဲ့ ထားခဲ့ဦးမှာလည်း အသေအချာဆိုပေမယ့်Clare နဲ့ Henry တို့ရဲ့ တစ်ယောက်အပေါ်တစ်ယောက်ထားတဲ့ နားလည်မှု၊ နွေးထွေးမှု၊ ယုံကြည်မှု၊ အပြန်အလှန် ဖေးမမှု တွေကို အပြည့်အဝ ခံစားရင်း သက်ဝင်လို့ အင်မတန်် ကောင်းတဲ့ ဝတ္ထုလေးပါပဲ။
Clare ရဲ့ နေရာကို ဝင်ကြည့်ရင်း ခံစားရတာကတော့ စောင့်မျှော်နေရခြင်း နဲ့ ထပ်တူကျတဲ့ ချစ်ခြင်းတစ်စုံကို ပိုင်ဆိုင်ခွင့်ရတဲ့ ဒီအမျိုးသမီးလေး သိပ်ကိုကံကောင်းပါလား ဆိုတာပါပဲ??
(မူရင်း English ဝတ္ထုကို တက်သလောက်လေး ကြိုးစားပြီး ဖတ်ထားတာမို့ review ထဲမှာ တစ်ချို့သော အချက်အလက်လေးတွေ လွဲမှားနေခဲ့ရင် ဝေကိုယ်တိုင်ရဲ့ လိုအပ်ချက်သာဖြစ်ပါတယ်။)
Photo crd to original uploader on Pinterest.
Keep Reading