Author's Profile Photo

ရိန်​ဇော်

9/06/2024

ဇိနတ္ထပကာသနီကျမ်း ကျီးသဲ​လေးထပ် ဆရာ​တော် Book review by Reinzaw

1 min read
Book Review
ဇိနတ္ထပကာသနီကျမ်း
ကျီးသဲ​လေးထပ် ဆရာ​တော်
Book review by Reinzaw's photo

ဗုဒ္ဓဘာသာ၀င်ဖြစ်ပေမယ့် ကျွန်တော်ဒီလိုကျမ်းစာအုပ်ကို မဖတ်ဘူးပါ။ ဗုဒ္ဓစာပေ အများစုဟာ ပါဠိလို ရေးထားတာကို အနက်ပြန် စသဖြင့် ခပ်သွက်သွက်ဖတ်နိုင်ဖို့ ခက်ပါတယ်။ ဒီလိုနဲ့ ဗုဒ္ဓစာပေနဲ့ အလှမ်းဝေးလှပါတယ်။ ခုကတော့ ကိုယ်ကိုးကွယ်ရာဘုရားအကြောင်း သေချာသိသင့်တယ် ထင်လို့ ဖတ်ပါတယ်။ ဒီစာအုပ်ကတော့ "လူထဲသို့ ထွင်းဖောက်တိုး၀င်နိုင်သည့် ဝေါဟာရ စကားလုံးတို့ဖြင့် ရေးသားပြုစုထား"ပြီး "ရေးသားဟန်မှာ ခံညားမှု၊ ညက်ညောမှု၊ လွယ်ကူမှု၊ မြန်မာဆန်မှုတို့ဖြင့် ထုံမွှမ်းထား"ဟု ညွှန်းဆိုသလိုပင် ဖတ်ရတာ ရှင်းလင်းလွယ်ကူပါတယ်။

ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး၏ ဇိနတ္ထပကာသနီကျမ်းဆိုတာ ဘာလဲ။
ဇိန = မြတ်စွာဘုရား
အတ္ထ = အကြောင်းအရာ အတ္ထုပ္ပတ္တိတော်ကို
ပကာသနီ = ပြဆိုသောကျမ်းလို့ ဆိုပါတယ်။

ဖတ်ပြီးတဲ့အခါ မေးခွန်းများစွာနဲ့ ကျန်ရစ်ခဲ့တဲ့ စာအုပ်။ နေရာဒေသက အိန္ဒိယနဲ့ နီပေါနိုင်ငံအကြား ဟိမ၀န္တာတောင်တန်းကြီးက နောက်ခံ ဂင်္ဂါမြစ်ကြီးက စီးဆင်းနေလေရဲ့။ အကြောင်းအရာက ဘီစီ ၅ရာစုနဲ့ ၄ရာစုကြားအချိန်က မွေးဖွားခဲ့တဲ့ လူသားတစ်ယောက်အကြောင်း။ နာမည်က သိဒ္ဓတ္ထ။ ခေတ်ပြိုင်နိုင်ငံငယ်လေးတွေထဲက တစ်ခုဖြစ်တဲ့ ကပိလ၀တ်ပြည်မှာ ဘုရင့်သားတော်။ ချမ်းသာတယ်။ အချိန်တန်ရင် ဘုရင်ဖြစ်မယ်။ မက်မောဖွယ်စည်းစိမ်ချမ်းသာနဲ့ ဘုရင်ဖြစ်ချင်လွန်းလို့ အဖေကိုသားက သတ်နေတဲ့ ခေတ်မှာ သူဟာ ဘုရင် မဖြစ်ချင်လို့ အဟန့်အတား‌တွေကြားက တောထဲကို သွားသတဲ့။ ဖန်ရေဆွတ် အ၀တ်ကို ၀တ်ပြီး ခွက်အမည်းကြီးနဲ့ တောင်းစားတယ်လို့ ကဲ့ရဲ့ခံရသတဲ့။ ကျွန်တော်တို့ လူသားတစ်ယောက်အမြင်နဲ့ ပြောရရင် ဘာလို့ဒီဘ၀ကို ရွေးချယ်ခဲ့လဲဆိုတာ မေးခွန်းထုတ်မိတယ်။ ဒီလိုအဆင်ချောနေတဲ့ ဘ၀ထက် ပိုကောင်းတဲ့ဘ၀ရှိလား။ ဒီ့ထက်ပိုချမ်းသာမှုကဘာလဲ။ ဒီလိုဘာလို့ လုပ်ခဲ့သလဲ။ ကျွန်တော်တို့ ခံစားသိနဲ့ နားမလည်နိုင်တဲ့ အဖြေတော့ ရှိပါတယ်။ သူ့ရဲ့ အဖြေက အဖန်ဖန်ကျင်လည်နေသော သံသရာကို ရပ်တန့်ဖို့။ ဒီသံသရာကနေ လွတ်မြောက်ဖို့တဲ့။ ဘာလို့ လွတ်မြောက်ချင်တာလဲ။ ဘ၀ဆိုတာ ဒုက္ခဖြစ်ခြင်းပါပဲတဲ့။ ကျွန်တော်တို့တွေ လုံး၀မတွေးမိတဲ့ ဝါဒတစ်ခုကို သင်ကြားပေးခဲ့တယ်။

ဒီစာအုပ်ထဲက အကြောင်းအရာများစွာထဲက တစ်ခုဟာ သူရွေးချယ်ခဲ့တဲ့ ဘ၀အကြောင်းကို ‌ရှင်းပြမည့် အဖြေလား။ အဟိံသကဆိုတဲ့ ဆရာစကားကို တသွေမသိမ်းနားထောင်တတ်တဲ့ တပည့်တစ်ယောက်ဟာ လူတွေကို လိုက်သတ်တယ်။ လက်ညှိုးတစ်ထောင်နဲ့ ကန်တော့လို့ ဆရာကခိုင်းလို့။ ခိုးသားကြီးလို့ အခေါ်ခံရပြီး ဘုရင့်စစ်တပ်နဲ့ နှိမ်နင်းတော့မှ ရမည့်အခြေအနေ။ အဟိံသကရဲ့ အမေက သူ့သားအသတ်ခံရမှာစိုးလို့ လာခေါ်တဲ့အခါ လက်ညှိုးတစ်ထောင်ပြည့်အောင် အမေကိုသတ်ပြီး ယူမယ်လုပ်တဲ့အချိန် ဗုဒ္ဓက ကြား၀င်လာတယ်။ဗုဒ္ဓကိုလိုက်တယ် မမီဘူး။
"အရှင်ရဟန်း ရပ်ဦးလော့"တဲ့။
"ငါကား ရပ်၏။ သင်သာ မရပ်သည်"တဲ့။
ဘာအဓိပ္ပာယ်လဲ။ ဒီစကားပြောလိုက်တာနဲ့ လူမိုက်ကြီးဟာ လုံး၀ပြာင်းလဲသွားခဲ့သတဲ့။ ဒီလိုဆိုးမိုက်နေတဲ့ လူတွေကို လမ်းပြဖို့ သူလာခဲ့သတဲ့။

သူ့ဘ၀မှာ နောက်ဆုံးမှာကြားခဲ့တာက
"၀ယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္မာဒေထ"
"ကံ၊စိတ်၊ဥတု၊အာဟာရ တည်းဟူသော အကြောင်းလေးပါး အစုတို့သည်
ပြုပြင်၍ ဖြစ်သမျှသော သင်္ခါရတရားတို့သည် ပျက်တတ်သောသဘော ရှိကုန်၏။
သင်တို့သည်မမေ့မလျော့မပေါ့မလစ်သဖြင့် သတိဖြင့် ပြည့်စုံစေကုန်လော့"တဲ့။

ကျွန်တော်တို့အတွက် နားမလည်နိုင်ခြင်းများစွာနဲ့ စာအုပ်တစ်အုပ်။ နတ် ဗြဟ္မာ နဂါး ဘီလူးစသဖြင့် ကိုယ်တိုင်မြင်နိုင်စွမ်းမရှိသော ဘုံဘ၀တွေအကြောင်း မြင်းမိုရ်တောင်အကြောင်း ရှေးဘ၀ နောက်ဘ၀အကြောင်း ငရဲအကြောင်း စတာတွေဟာ ကျွန်တော်တို့ ဉာဏ်စွမ်း မြင်နိုင်စွမ်းရဲ့ အဝေးမှာ ရောက်နေတယ်။ ဘ၀ဆိုတာ ဘာလဲ။ ဗုဒ္ဓက ဘာတွေကို ညွှန်ပြပေးခဲ့သလဲ စတဲ့ မေးခွန်းများစွာနဲ့ ကျန်ရစ်စေခဲ့တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။

#reinzaw

Keep Reading

မေတ္တာမဏ္ဍိုင်ဘာကြောင့် စာပေနိုဘယ်ဆုမရသေးတာလဲအပေါ်ယံသမားဟိုလိုလို ဒီလိုလို ဝေလည်လည်အဖေကို ဘာကြောင့်မုန်းတာလဲတဇောက်ကန်းသမားဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၂၆-၃၂) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ခြောက် (၁-၁၀) ရှန်ဂရီလာ