Author's Profile Photo

Myaing Hay Won

5/06/2024

Non-Immigrant ED Visa ဘယ်လိုလျှောက်မလဲ

3 mins read
Personal Development
Education
General Knowledge
Non-Immigrant ED Visa ဘယ်လိုလျှောက်မလဲ's photo

အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါ မျှဝေပေးချင်တဲ့ အကြောင်းအရာကတော့ ထိုင်းသံရုံးမှာ Non-Immigrant ED Visa ဘယ်လိုလျှောက်ရမလဲဆိုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။

ထိုင်းသံရုံးမှာ လျှောက်ထားနိုင်တဲ့ ဗီဇာအမျိုးအစား (၆)မျိုးရှိပါတယ်။
(၁) Diplomatic Visa
(၂) Official Visa
(၃) Courtesy Visa
(၄) Non-Immigrant Visa
(၅) Tourist Visa
(၆) Transit Visa တို့ပဲ ဖြစ်ပါတယ်။ အဲ့ဒီထဲကမှ ED Visa လို့ လူသိများတဲ့ Non-Immigrant ED Visa အကြောင်းကို အသေးစိတ်ကျကျ ပြောပြချင်ပါတယ်။

ဗီဇာအားလုံးအတွက် ပထမဆုံးလုပ်ရမယ့် အခြေခံတူညီတဲ့ အချက်ကတော့ ဗီဇာရက်ချိန်း(Visa Appointment) ကို အွန်လိုင်းမှ တဆင့် ရယူခြင်းပဲ ဖြစ်ပါတယ်။ ရက်ချိန်း ရယူရမယ့် တရားဝင် ဝက်ဘ်ဆိုဒ်ကို Royal Thai Embassy Yangon facebook pageက ပေးထားပါတယ်။

အောက်မှာ link ချပေးထားပါတယ်?
https://thaiconsularyangon.com/visa

Online booking ယူတဲ့အခါ စိတ်ရှည်သည်းခံပြီး လျင်မြန်ဖို့ လိုပါတယ်။ ဝက်ဘ်ဆိုဒ်ရဲ့ Time Slotဟာ မနက်(၆)နာရီခွဲဆို စဖွင့်တာဖြစ်လို့ (၆)နာရီမခွဲခင်ကတည်းက ပြင်ဆင်ထားဖို့ လိုပါမယ်။ ရက်ချိန်းယူတဲ့သူများတဲ့အတွက် အများဆုံး၁၅မိနစ်လောက်ဆို ရက်ချိန်းပြည့်သွားတတ်ပါတယ်။ ဒီနေ့အတွက် ရက်ချိန်းယူလို့ မရတော့ဘူးဆိုရင်တော့ နောက်နေ့မနက်မှာ ထပ်ကြိုးစားကြည့်ရပါမယ်။

ရက်ချိန်းယူတဲ့ နေရာမှာ အရေးကြီးတဲ့ နောက်တစ်ချက်ကတော့ ကိုယ့်email ထဲ ဝင်လာတဲ့ ဗီဇာရက်ချိန်း အတည်ပြုခြင်းစာမျက်နှာကို screenshot ရိုက်၊ print ထုတ်ပြီး သိမ်းထားပါ။ သံရုံးဝင်တဲ့အခါ ဒါကို ပြနိုင်မှ ဝင်လို့ရပါတယ်။ ပြတဲ့နေရာမှာလည်း ဖုန်းထဲက scrennshot ကို ပြတာထက် Printထုတ်ပြီး ပြတာက ပိုပြီး အဆင်ပြေပါတယ်။

Online booking လုပ်ပြီးသွားရင်တော့ နောက်တစ်ဆင့်က လိုအပ်တဲ့ အထောက်အထားတွေ စုဆောင်းဖို့ပါ။ ကိုယ်လျှောက်မယ့် ဗီဇာအမျိုးအစားအလိုက် လိုအပ်တဲ့အထောက်အထားတွေကို ဝက်ဘ်ဆိုဒ်ထဲမှာ တစ်ခုချင်း ဖော်ပြပေးထားပါတယ်။ အခုကတော့ Non-Immigrant ED ဗီဇာကို အလေးပေးပြောပြသွားမှာ ဖြစ်တဲ့အတွက် ဆက်ကြည့်လိုက်ကြရအောင်။

"လိုအပ်သော စာရွက်စာတမ်းများ "
နံပါတ်(၁) Passport
Passport ဟာ အနည်းဆုံး ၆လသက်တမ်းရှိတဲ့ Passport ဖြစ်ရပါမယ်။

နံပါတ်(၂) Visa Application Form (ဗီဇာလျှောက်လွှာ)

ဗီဇာလျှောက်လွှာကိုတော့ ဝက်ဘ်ဆိုဒ်ထဲမှာ Download ရယူလို့ ရပါတယ်။ Download ဆွဲ၊ ပရင့်ထုတ်ပြီး အိမ်မှာကတည်းက အချက်အလက်တွေ စုံအောင် ဖြည့်ထားပါ။

နံပါတ်(၃) 3.5cm ×4.5cm ရှိတဲ့ဓာတ်ပုံ နှစ်ပုံ။
နောက်ခံbackground က အဖြူရောင်ဖြစ်ရပါမယ်။
အဲ့ဒီဓာတ်ပုံနှစ်ပုံကို ခုနက ဗီဇာလျှောက်လွှာပေါ်မှာ ဘေးချင်းယှဉ်ပြီး ကပ်ပေးရပါမယ်။ အဲ့ဒါကိုလည်း အိမ်မှာကတည်းက ကပ်သွားပါ။ ကိုယ့်တုန်းက မသိတော့ ကပ်မသွားမိဘဲ ရုံးရှေ့ရောက်မှ ကော်ဘူးလိုက်ငှားပြီး ကပ်နေရတာ ကသီလင်တ နိုင်လှပါတယ်။ ဒါကြောင့် ကြိုတင်ပြင်ဆင်သွားပါနော်။

နံပါတ်(၄) Letter of Acceptance
ဒါကတော့ ထိုင်းက ကိုယ်တက်မယ့် ကျောင်းက ထုတ်ပေးတဲ့စာပါ။ သံရုံးမဝင်ခင်ကတည်းက ကိုယ့်လက်ထဲမှာ အဲ့ဒီစာရောက်နေဖို့အတွက် ကိုယ့်ကျောင်းနဲ့ ချိတ်ဆက်ရယူဖို့ လိုပါတယ်။

နံပါတ် (၅) 80 USD။
ဒါကတော့ သံရုံးကို သွင်းရတဲ့ ဒေါ်လာ ၈၀ ပါ။ money exchangerတွေမှာ ဒေါ်လာလဲလို့ ရပါတယ်။ အကြွေ ရှာမရရင်တော့ ဒေါ်လာ၁၀၀တန်သာ လဲပြီး သံရုံးကို သွင်းလို့ရပါတယ်။ သံရုံးက ဒေါ်လာ၂၀ ပြန်အမ်းပေးပါတယ်။ ဒေါ်လာလဲတဲ့အခါမှာ သတိပြုရမှာက အသစ်အရွက်မဟုတ်ခဲ့ရင်တောင် သန့်ဖို့ လိုပါတယ်။ အစွန်းအထင်းသေချာစစ်ပါ။ ခေါက်ရာတွေမပါပါစေနဲ့။ ကိုယ့်လက်ထဲရောက်ရင်လည်း ခေါက်သိမ်းတာမျိုး မလုပ်ဘဲ အရွက်အပြန့်လိုက်သာ သိမ်းထားသင့်ပါတယ်။ အမှားမခံလို့ပါ။

နံပါတ်(၆) Bank Statement

ဒါကတော့ ဝက်ဘ်ဆိုဒ်ထဲမှာ ဖော်ပြမထားပေမယ့် အရေးကြီးတဲ့ အချက်ပါ။ လုပ်မသွားမိလို့ ပြန်လွှတ်ခံရရင် အချိန်ကုန်၊ လူပင်ပန်းတာသာ အဖတ်တင်ပါမယ်။ ဒါကြောင့် ကိုယ့်ဘက်က ပိုပိုမိုမိုလေး ပြင်ဆင်သွားတာ ကောင်းပါတယ်။
ဒီတော့ Bank Statement ဆိုတာ ဘာလဲ။
Bank Statement ဆိုတာ ကိုယ့်ရဲ့ ဘဏ်အကောင့်ထဲမှာ သွင်းထားတဲ့ သိန်း၂၀ ပါ။ ဘဏ်ကိုသွားပြီး bank statement တောင်းလို့ရပါတယ်။ bank statement က သံရုံးမဝင်ခင် ငါးရက်နဲ့ ငါးရက်အတွင်းထုတ်ထားတဲ့ bank statement ဖြစ်ဖို့လိုပါတယ်။ ဘဏ်ပေါ်မူတည်ပြီး bank statement ဝန်ဆောင်ခ ပေးရပါတယ်။ ကိုယ့်တုန်းကတော့ ဘဏ်ကို ၅၀၀၀ပေးခဲ့ရပါတယ်။ ဘဏ်ထဲက သိန်း၂၀ကို ဗီဇာရတဲ့ အခါ ပြန်ထုတ်လို့ရပါတယ်။

နောက်ပြီး bank စာအုပ်ကို မိတ္တူဆွဲပြီးယူသွားပေးပါ။ ကိုယ့်တုန်းက မလိုပေမယ့် ဆောင်သွားတာက စိတ်အေးရပါတယ်။

နောက်ဆုံးတစ်ခုကတော့ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ ရဲစခန်းထောက်ခံစာပါ။ ဒါကလည်း လျှောက်တဲ့သူတွေကြား ဒွိဟဖြစ်ရတဲ့ အချက်အလက်တစ်ခုပါ။ ယူသွားရမလား မယူသွားရမလား စဉ်းစားနေမယ့်အစား ယူလို့လွယ်ရင် ယူသွားပါ။ ယူလို့ မလွယ်လည်း မယူပါနဲ့။ ကိုယ့်အတွေ့အကြုံအရ ပြောရမယ်ဆိုရင် သံရုံးက ဒါကို မတောင်းပါဘူး။ အပေါ်မှာ နံပါတ်စဉ်အလိုက် ပြောပြထားတဲ့ စာရွက်စာတမ်းတွေပဲ တောင်းပါတယ်။ ဒါဆိုရင်တော့ မယူလည်း အဆင်ပြေပါတယ်။

လိုအပ်တဲ့ စာရွက်စာတမ်းတွေ စုံလင်အောင် လုပ်ပြီးပြီဆိုရင်တော့ ဗီဇာရက်ချိန်းမှာ ပါတဲ့နေ့မှာ ပြုလုပ်ရတဲ့ process အဆင့်ဆင့်ကို ပြောပြပါမယ်။

သံရုံးရှေ့မှာ မနက်၆နာရီခွဲလောက်ဆို လူတစ်ယောက်စ၊ နှစ်ယောက်စ ရောက်နေပါပြီ။ ကိုယ်က စောစောပြီးချင်တယ်ဆိုရင်တော့ စောစောသွားပြီး နေရာဦးထားတာ အကောင်းဆုံးပါ။ သံရုံးရှေ့မှာ ချပေးထားတဲ့ ခုံတန်းရှည်ကို အရှေ့ရောက်နိုင်သမျှရောက်တဲ့နေရာမှာ ထိုင်ပါ။

ရုံးကတော့ ၈နာရီခွဲလောက်မှ စဖွင့်ပြီး ဗီဇာရက်ချိန်းစာရွက်တွေကို ရက်ချိန်းမှန်မမှန် လိုက်စစ်ပါတယ်။ ၉နာရီလောက်ဆိုရင်တော့ အထဲကို ခုံတန်းအလိုက် ခေါ်ပါတယ်။ အထဲမှာလည်း ရက်ချိန်းစာရွက်ကို တစ်ယောက်က ထပ်စစ်ဆေးပြီးမှ ကောင်တာ 1 ကို သွားခိုင်းပါတယ်။ ကောင်တာ 1မှာ ကိုယ်ပြင်ဆင်လာခဲ့တဲ့ စာရွက်စာတမ်းတွေကို အဆင်သင့် ထုတ်ထားပြီး ရပ်နေပါ။ officer တောင်းတဲ့ စာရွက်စာတမ်းတစ်ခုချင်းစီကို ထုတ်ပေးပါ။ တောင်းတဲ့ဟာပဲ ပေးပါ။ မတောင်းတဲ့ဟာဆို မပေးပါနဲ့။

အဲ့ဒါပြီးရင်တော့ ဘယ်ဘက်ကပ်လျက် ကောင်တာ2မှာ USDငွေသွင်းရပါတယ်။ ကိုယ့်တုန်းက 100တန် ပေးထားတဲ့အတွက် အကြွေပြန်အမ်းဖို့ ခဏစောင့်ခိုင်းပါတယ်။ သူတို့ဆီမှာ အကြွေရပြီဆိုရင် ကိုယ့်နာမည်ကို ခေါ်ပြီး အကြွေအမ်းပါတယ်။ စလစ်စာရွက်လည်း အဲ့မှာ တစ်ခါတည်းပေးပါတယ်။ စလစ်စာရွက် ရလာခဲ့ရင်တော့ ဗီဇာလျှောက်တဲ့ အဆင့် ပြီးဆုံးပါပြီ။ ပြန်ထွက်လာခဲ့ရုံပါပဲ။

စလစ်မှာပါတဲ့ ရက်ချိန်းရက်ကျမှ passport စာအုပ်ကို ပြန်သွားထုတ်ရပါတယ်။ နှစ်ရက် ခွာချိန်းတတ်ပါတယ်။ ကြားထဲမှာ ပိတ်ရက်မခံဘူးဆိုရင်တော့ နှစ်ရက်နဲ့ ရပါတယ်။ ဥပမာ ကြာသပတေးနေ့ဆိုရင် ကြားထဲမှာ သောကြာအပြင် စနေ၊ တနင်္ဂနွေနှစ်ရက်ခံသွားတဲ့ အတွက် တနင်္လာနေ့မှ ရပါတော့မယ်။ အဲ့ဒီနေ့ကျရင်တော့ စလစ်စာရွက်ယူလာပြီး ကောင်တာ4မှာ သွားထုတ်ရုံပါပဲ။

တခြားဗီဇာလျှောက်ပုံလျှောက်နည်းတွေ သိချင်တယ်ဆိုရင်တော့ facebookမှာ သတင်းအချက်အလက်ရှာဖွေလို့ရတဲ့ groupတစ်ခုကိုလည်း recommend ပေးချင်ပါတယ်။ အဲ့ဒါကတော့
"Thai Visa အကြောင်းသိလိုရာမေးမယ် by Hybrid Solutions" ပါ။ မသိတာရှိရင် ဝင်မေးလို့ရပါတယ်။
https://www.facebook.com/groups/aboutthailandbyhybrid/?mibextid=NSMWBT

ဒါဆိုရင်တော့ Non-Immigrant ED Visa အကြောင်း အနည်းအကျဉ်းလေးဖြစ်ဖြစ် ဗဟုသုတ ရသွားကြမယ်လို့ မျှော်လင့်ပါတယ်။ အားလုံး အဆင်ပြေကြပါစေ။

မေတ္တာဖြင့်
မြိုငဟေဝန်
June5, 2024

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအပေါ်ယံသမားစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း