Author's Profile Photo

ကိုခန့်

1/06/2024

ချစ်ရသူတွေသိပါစေ (Self Introduction)

2 mins read
Personal Development
Art
ချစ်ရသူတွေသိပါစေ
(Self Introduction)'s photo

SarPhat မှာ စာပေရေးသားမျှဝေနေတဲ့ ဝါသနာတူ Authors များနဲ့ ချစ်ရတဲ့ စာဖတ်ပရိတ်သတ်များအားလုံးပဲ မင်္ဂလာပါခင်ဗျာ။
အခုစာလေးကတော့ SarPhat မှာရှိနေတဲ့ စာရေးသူ၊စာဖတ်သူများအားလုံးနဲ့ ရင်းနှီးမှုတည်ဆောက်ဖို့ ရည်ရွယ်ရေးသားခြင်းပဲ ဖြစ်ပါတယ်။

ကျွန်တော့်အမည်အရင်းကတော့ မင်းခန့်ကျော်ဖြစ်ပါတယ်။အသက်ကတော့ ၂၁နှစ်ပါ။ငယ်စဥ်ကတည်းက စာဖတ်ရတာကို နှစ်သက်ခဲ့ပါတယ်။စာပေတွေ ဖတ်ရင်းဖတ်ရင်းနဲ့ ကိုယ်သိထားတဲ့ အသိတွေကို ပြန်လည် မျှဝေချင်စိတ်တွေ၊စာရေးချင်စိတ်တွေ ပေါ်ပေါက်လာခဲ့တယ်လို့ပဲ ဆိုချင်ပါတယ်။
ဒါကြောင့်ပဲ ကျောင်းသား အရွယ်ကတတည်းက စာစီစာကုံးပြိုင်ပွဲတွေ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး ဆုတွေလည်း အတန်အသင့်ရခဲ့ပါတယ်။စာဖတ်ခြင်းကနေ ရခဲ့တဲ့ ဗဟုသုတတွေ အသိပညာတွေကြောင့်ပဲ အခုလိုပြိုင်ပွဲတွေမှာ ဆုရခဲ့တာဖြစ်ပါတယ်။(စာဖတ်ခြင်းကြောင့် ဆုရခဲ့တာ ဖြစ်သလို ဆုရခြင်းကပဲ စာပိုဖတ်ဖြစ်စေခဲ့တာပါ။)
ဒီလိုနဲ့ တက္ကသိုလ်ဝင်တန်းရောက်တော့ မြန်မာစာဆရာကြီး ဦးချစ်မြိုင်နဲ့ သင်ကြားခဲ့ရပါတယ်။(မြန်မာစာပေကို ချစ်မြတ်နိုးစိတ်တွေရှင်သန်လာအောင် မျိုးစေ့ချပေးခဲ့ပါသော ဆရာကြီးရဲ့ကျေးဇူးဂုဏ်ကို ဒီနေရာကနေ ရှိခိုးကန်တော့ပါတယ်) ။ ဆရာကြီးရဲ့ လှုံ့ဆော်မှု၊ သင်ကြားမှုတွေကြောင့် ကျွန်တော် စာပို ဖတ်ဖြစ်လာတယ်။စာစီစာကုံး၊အဆိုအချေရေးရတာကိုလည်း ပိုမိုသဘာကျလာခဲ့တယ်။ဒီလိုနဲ့ပဲ တက္ကသိုလ်ဝင်တန်းမှာ မြန်မာ၊ဘောဂ နှစ်ဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပြီး အခုလက်ရှိမှာတော့ ကျောင်းတက်နေဆဲပဲဖြစ်ပါတယ်။
ကျောင်းတက်နေစဥ်မှာလည်း စာပေချစ်မြတ်နိုးခြင်းဆိုတဲ့ မျိုးစေ့လေးက ရှင်သန်နေဆဲဖြစ်တာမို့ အချိန်ရရင် ရသလို စာဖတ်ခဲ့ပါတယ်။(ဆရာကြီးလယ်တွင်းသားစောချစ်ရဲ့ စာပေတွေ၊ဆရာမဂျူးရဲ့ စာပေတွေ၊ဆရာ ဗန်းမော်သိန်းဖေရဲ့စာပေတွေ၊ဆရာမ သက်တံ့မေရီရဲ့စာပေတွေ၊အခြားစာရေးဆရာတွေရဲ့ စာပေတွေသာမက ဆရာတော် ဦးဇောတိက၊မေတ္တာရှင်ရွှေပြည်သာ တို့ရဲ့စာအုပ်တွေလည်း ဖတ်ဖြစ်ခဲ့ပါတယ်)
စာဖတ်ခြင်းက ကျွန်တော်တို့ကို ထူးခြားစေတယ်ဆိုတာ အမှန်ပါ။စာဖတ်အားတွေကောင်းလာတာနဲ့အမျှ စာပေကရတဲ့ အသိတွေ အတော်များလာပါတယ်။အတွေးအခေါ်တွေ၊သိမြင်မှုတွေလည်း ထူးခြားလာပါတယ်။စာဖတ်တဲ့အတွက် ဘဝအကြောင်းကိုလည်း ပိုနားလည်လာတယ်။(အထုပ္ပတ္တိတွေ၊ဝတ္ထုတွေဖတ်ခြင်းအားဖြင့် အခြားသူတွေရဲ့ ဘဝကို ပိုပြီးသိနိုင်သလို သူတို့ရဲ့ ကောင်းမွန်တဲ့ လုပ်ရပ်တွေကို အတုယူပြီး၊အမှားတွေရှိခဲ့ရင်လည်း သူတို့လို အမှားတွေ မကြုံတွေ့ရအောင် စာပေတွေကနေ သင်ကြားပေးနေပါတယ်။)

ဒီလိုနဲ့ စာတွေဖတ်ရင်းကနေ ရလာတဲ့ အသိတွေကို ပြန်လည် မျှဝေချင်စိတ်တွေ ရင့်သန်နေချိန်မှာပဲ "ရေကန်အသင့် ကြာအသင့်" ဆိုသလို SarPhat နဲ့စတင်တွေ့ရှိခဲ့ပါတယ်။စာဖတ်ရဲ့" If I Were 18 Again" ဆိုတဲ့ပြိုင်ပွဲလေးမှာ ဆောင်းပါးပြိုင်ရေးရင်းနဲ့ပဲ ကျွန်တော့်ရဲ့စာရေးခြင်းကို စတင်ခဲ့ပါတယ်။(ပြိုင်ပွဲမှာ တတိယဆုရခဲ့တယ်ဆိုတုန်းကလည်း ငါလုပ်နိုင်ခဲ့ပြီဆိုပြီး အရမ်းပျော်ခဲ့ရပါတယ်။ငါ့မှာစာရေးနိုင်တဲ့ ability ရှိတယ်ဆိုပြီး ကိုယ်ကိုယ်ကိုယ် ယုံကြည်မှုတွေလည်း တိုးလာခဲ့ပါတယ်။ဒါကြောင့် စာရေးခြင်းနဲ့ပတ်သက်ပြီး ယုံကြည်မှုတွေ တည်ဆောက်ပေးခဲ့တဲ့ SarPhat ကိုလည်း ကျေးဇူး အရမ်းတင်ပါတယ်)။
SarPhat မှာစာတွေရေးသားမျှဝေလာတာ အခုဆိုရင် ၅ပုဒ်ရှိခဲ့ပါပြီ။ကျွန်တော်စာတွေထဲမှာ ဆောင်းပါးတွေလည်းပါသလို၊အခြားရသ သက်သက်စာပေတွေလည်းပါပါတယ်။(ဆောင်းပါး ၊ဝတ္ထုတို၊ဝတ္ထုရှည် ၊ကဗျာ စသဖြင့် စာအမျိုးမျိုး ဖတ်ရတာကြိုက်သလို ရေးလည်းရေးသားကြည့်ချင်တဲ့အတွက် ကျွန်တော့် Author Accountမှာ စာပေအမျိုးမျိုးကို အခွင့်အခါ သင့်သလိုရေးသားတင်ဆက်သွားမှာ ဖြစ်ပါတယ်။အခုမှ စာစရေးဖြတာမို့ အမှားတွေရှိခဲ့ရင်လည်း နားလည်ခွင့်လွတ်ပေးစေလိုပါတယ်။ကျွန်တော်အနေနဲ့လည်း စာဖတ်သူတွေ စိတ်တိုင်းကျတဲ့ စာကောင်းပေမွန်တွေ ရေးသားနိုင်အောင် ရှေ့လျှောက် အကောင်းဆုံးကြိုးစာသွားမှာ ဖြစ်ပါတယ်။ကျောင်းတက်နေရင်းစာရေးခြင်းဖြစ်တာမို့ ကျောင်းပိတ်ရက်ဖြစ်တဲ့ အပတ်စဥ် စနေနေ့ည ၇နာရီတိုင်း စာအသစ်တစ်ပုဒ် တင်နိုင်အောင် ကြိုးစားသွားမှာပါ။အကျိုးပြု သုတ ရသစာပေတွေကိုလည်း ဆက်လက်ရေးသားသွားမှာ ဖြစ်ပါတယ်။စာတွေတင်တိုင်း သိရဖို့အတွက် ကျွန်တော့်ရဲ့ ကိုခန့် ( Author Account )ကို Follow လုပ်ပေးထားစေလိုပါတယ်။

ဒါကြောင့် ချစ်ရတဲ့ စာဖတ်သူတို့ရေ အပတ်စဥ်စနေနေ့ည ၇ နာရီမှာ ပြန်ဆုံကြတာပေါ့။

စာရေးသူ ၊ စာဖတ်သူများအားလုံး နှလုံးစိတ်ဝမ်း ရွှင်လန်းချမ်းမြေ့ကြပါစေ။ဘာသာ စာပေအကျိုးသယ်ပိုးနိုင်သူတွေ ဖြစ်ကြပါစေ ခင်ဗျာ။

*****
ကိုခန့်


Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်တစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၅)Personal Finance Levelsငွေကြပ်တည်းမှုစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဖြစ်နိုင်ပါ့မလား?စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်သင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား-အပိုင်း(၂)အခြေအနေအရ ဖြစ်တည်မှု