Hnin

လူကိုချစ်တာလည်း ဒီပါးစပ်
လူကိုမုန်းစေတာလည်း ဒီပါးစပ်
ငယ်ငယ်တုန်းက အဖွားပြောနေကျစကားတစ်ခွန်း၊
ငယ်ရွယ်တုန်းက ဘာလို့ပြောတာလဲဆိုတာ သေချာမသိခဲ့ဘူး။ အသက်အရွယ်တစ်ခုရောက်လာတော့ အဖွားပြောတဲ့စကားလေးက အဓိပ္ပါယ်ရှိမှန်းသိလာတယ်။လူတော်တော်များများက စကားအရမ်းပြောကြတယ်။ ဒါပေမဲ့လေ စကားတွေက ပြောတဲ့သူအတွက်လည်း အဓိပ္ပါယ်မရှိသလို၊နားထောင်ရတဲ့သူအဖို့လည်း အချိန်ကုန်ပြီး ဘာမှအဓိပ္ပါယ်မရှိဘူး။
ကျွန်မအသက်အရွယ်ရောက်လာတော့ လူတော်တော်များများနှင့်ဆုံခဲ့ဖူးတယ်။ တစ်ချို့လူတွေနှင့်စကားပြောရတာ အရမ်းစိတ်သက်သာတယ်။ တစ်ချို့လူတွေနှင့်စကားပြောရတာ အရမ်းပင်ပန်းတယ်။ သူတို့ပြောတာတွေနားထောင်ပြီး ပြောတဲ့သူက ဘာရည်ရွယ်ချက်ကြောင့်အဲဒိအကြောင်း ပြောနေလည်းမသိပေမဲ့ နားထောင်ရတဲ့သူအတွက်ကတော့ ရင်ထဲမှာပူလောင်နေသလိုခံစားရတယ်။
အဲလိုတွေကြုံတွေရတော့ ကိုယ်ကိုယ်ကိုအမြဲပြန်သုံးသပ်မိတယ်။''ငါနှင့်စကားပြောရင်ရော နားထောင်တဲ့သူတွေအဆင်ပြေပါ့မလားဆိုတဲ့ အတွေးလေးဝင်မိတယ်။''စကားများတယ်ဆိုတဲ့နေရာမှာ အောင်မြင်တဲ့သူတွေ၊ စကားပြောခြင်းနှင့် အသက်မွေးဝမ်းကြောင်းပြုနေတဲ့ သူတွေကို ကျွန်မ မဆိုလိုပါဘူးနော။ သူတို့တွေကျတော့ အတွေ့အကြုံ၊စာဖတ်ခြင်းတွေကြောင့် အသိပညာတွေရလာပြီး စကားပြောကောင်းကြတာလေ။
ကျွန်မ ဆိုလိုတဲ့ စကားများတယ်ဆိုတာ....
''သူများအကြောင်းကို အချိန်ပြည့်ပြောနေတတ်တဲ့သူတွေ၊
သူများအကြောင်းတွေဘဲအမြဲတွေးပြီး သူများမကောင်းကြောင်းထိုင်ပြောနေတဲ့သူတွေ၊
ပြောချင်တာကတော့ ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို သူများအတွက်ဘဲ ထိုင်ဖြုန်းနေတဲ့သူတွေ''
အဲလိုလူမျိုးတွေနှင့် စကားပြောရတဲ့အခါ နားထောင်ရတဲ့သူက အမြဲစိတ်ညစ်ရတယ်။
ကျွန်မတို့တွေက အချိန်မရှိတော့ပါဘူး။ ဘယ်အချိန်မှာ ဘာဖြစ်မယ်ဆိုတာ မသိတဲ့အတွက် သူများကိစ္စ၊သူများအကြောင်းဘဲ စိတ်ဝင်စားနေမဲ့အစား ကျွန်မတို့ နေ့တစ်နေ့ကို ဘယ်လိုအကျိုးရှိအောင်အသုံးချရမယ်၊ ကိုယ့်ရဲ့ စကားလေးတွေက အကျိုးရှိမယ်ဆို များများပြောပေးပါ။ ကိုယ့်အတွက်ရော ၊နားထောင်ရတဲ့သူအတွက်ရောပါ အကျိုးမရှိရင် မပြောပါနှင့်။
Hnin(28.5.2024)8:25PM
Keep Reading