မြ (စံကားဝါမြေ)
စာဖတ်သူလေးတွေက ခေါင်းစဥ်လေးကို မြင်တာနဲ့ ကြက်ဥအရောင်ကို ပြေးပြီး စဥ်းစားကြည့်တဲ့သူ ရှိသလို၊ မိမိအိမ်မှာရှိနေတဲ့ ကြက်ဥတွေကိုလည်း တစ်ချို့သော စာဖတ်ပရိတ်သတ်တွေက ပြေးကြည့်ကြပါလိမ့်မယ်ရှင်။
ကဲ ဒါဆိုရင် ပြေးပဲကြည့်ကြည့်၊ မပြေးဘဲ စဥ်းစားစဥ်စားပေါ့နော် မြကတော့ မြလေ့လာထားတာလေးတွေကို မြစွမ်းသလောက် ရေးသားတင်ပြသွားပါမယ်ရှင်။
⌬ သိပ္ပံပညာရှင်တွေကတော့ ကြက်ဥအခွံရဲ့အရောင်ဟာ ကြက်ရဲ့ မျိုးရိုးဗီဇနဲ့ ပတ်သက်တယ်လို့ ဆိုကြပါတယ်။
⌬ ကြက်မရဲ့အရောင်က အညိုလား၊ အဖြူလားပေါ့နော်။ ကြက်မက အညိုဆိုရင်တော့ များသောအားဖြင့် ဥအညိုရောင်တွေကိုပဲ ဥလေ့ရှိပါသတဲ့။ ကြက်မက အဖြူရောင်ဆိုရင်တော့ ကြက်ဥတွေကလည်း အဖြူရောင် ဖြစ်မှာပေါ့နော်။ အဲ့ဒီလိုမျိုး မြပြောလိုက်တဲ့အခါ စာဖတ်သူလေးတွေက "ကြက်ကို အဖြူနဲ့ အညို ဘယ်လို ခွဲရမလဲ။ ကြက်က အဖြူရောင်ကြီးမှ မရှိတာပေါ့။" အစရှိတဲ့ မေးခွန်းတွေ ပေါ်လာပါလိမ့်မယ်ရှင်။
⌬ ဟုတ်ပါတယ်။ ကြက်က အညိုရောင် ရှိမယ်၊ ကြက်မည်းဆိုပြီး ရှားပါးမျိုးစိတ်တွေ ရှိပါလိမ့်မယ်။ အဖြူရောင်ကြက်ကတော့ (လုံးဝ) မရှိတာ အမှန်ပေါ့ရှင်။
◆ အဲ့ဒါဆိုရင် "ကြက်ဖြူ၊ ကြက်ညိုဆိုတာကို ဘယ်လိုခွဲကြည့်ကြမလဲ?" ဆိုတာ မြရဲ့ဆောင်းပါးလေးကို ဆက်ပြီး ဖတ်ကြည့်လိုက်ကြရအောင်နော်.....
⌬ ကြက်မတစ်ကောင်ကို ကြည့်မယ်ဆိုရင် ဦးခေါင်းရဲ့ဘေးမှာ နားသယ်ဆိုတာကို တွေ့ပါလိမ့်မယ်။ မြ ပြောတဲ့ နားသယ်ဆိုတာက အသားပိုတွဲကလေးတစ်ခုပါပဲ။ အဲ့တာက အကြီးကြီး မဟုတ်ဘူးနော်။ တကယ့် သေးသေးလေးပါရှင်။ အရွယ်အစားအားဖြင့်ဆိုရင် ကျပ်စိပြား၊ ဒင်္ဂါးပြား၊ အကြွေစေ့ အရွယ်လောက်လေးပဲ ရှိပါတယ်ရှင်။ အဲ့တာ မြ ဘယ်လိုသိလဲဆိုရင် မြကိုယ်တိုင် စပ်စုရင်းနဲ့ မြင်ဖူးတာပေါ့ရှင်။ မြ အိမ်မှာတော့ ကြက်မမွေးထားပေမယ့် မြ (၄)တန်းလောက်တုန်းက မြဖေဖေ့မိတ်ဆွေ ကြက်ခြံပိုင်ရှင်ကြီးဆီကို အလုပ်ကိစ္စဆွေးနွေးသွားရင်းနဲ့ ကြက်ရဲ့ ဦးခေါင်းဘေးမှာ အကြွေစေ့လိုပုံစံလေးတွေ့လိုက်တာနဲ့ လူကြီးတွေကို မေးကြည့်လိုက်တဲ့အခါ အဲ့တာက ကြက်ရဲ့ နားသယ်လို့ ခေါ်တယ်ဆိုတာကို သိခဲ့ရတာပေါ့ရှင်။
◆ ဒီတော့ နားသယ်အကြောင်း ရှင်းပြပြီးသွားပြီဆိုတော့ နောက်တစ်ဆင့်အနေနဲ့ "အဲ့ဒီနားသယ်နဲ့ ကြက်ဥတွေရဲ့ အရောင်တွေက ဘယ်လိုပတ်သက်ဆက်နွှယ်နေသလဲ?"ဆိုတာကို ဆက်လက်ပြီး ဖတ်ရှုပေးကြပါဦးရှင်။
⌬ အဲ့ဒီနားသယ်နဲ့ ကြက်ဥတွေရဲ့ အရောင်တွေက ဘယ်လိုပတ်သက်ဆက်နွှယ်နေသလဲဆိုရင် ကြက်ဥအညိုရောင်တွေ ဥတတ်တဲ့ ကြက်မရဲ့နားသယ်က ညိုနေတတ်ပြီးတော့ ကြက်ဥအဖြူရောင်တွေ ဥတတ်တဲ့ ကြက်မရဲ့နားသယ်က အဖြူရောင် ဖြစ်နေတတ်ပါတယ်ရှင်။
◆ ကဲ.... ဒါဆိုရင် "ကြက်ဥအဖြူနဲ့ အညိုက ဘာကွာသလဲ"ပေါ့နော်။
⌬ ကြက်ဥအဖြူနဲ့ အညိုက ဘာကွာသလဲဆိုရင် ဘာမှမကွာပါဘူးရှင်။ အာနိသင်ချင်းရော၊ အာဟာရဓာတ်ချင်းတွေပါ အတူတူပါပဲရှင်။ ဒါပေမယ့် ဒီနေရာမှာ လူအများစုကတော့ အညိုရောင်ဥက အာဟာရဓာတ် ပိုများတယ် အထင်နဲ့ အညိုရောင်ဥတွေကို ရွေးဝယ်နေကြတာ တွေ့ရပါလိမ့်မယ်ရှင်။ မြမေမေဆိုရင်လည်း ထိုနည်းတူပါပဲ။ ကြက်ဥချင်းတူတာတောင်မှပဲ အဖြူရောင်ဘက်သွားတဲ့ အရောင်ဖျော့တဲ့ဥကို မယူဘဲ၊ အညိုရောင်ဘက်ကို သွားတဲ့ အရောင်ရင့်တဲ့ဥကို ရွေးယူတာဟာ မြမေမေနဲ့ ဈေးသွားတိုင်း တွေ့မြင်နေရတာပေါ့ရှင်။
ဟော နောက်ဆုံးလက်ဆောင်လေးကတော့ မြကို ကြက်ဥဝယ်ခိုင်းလိုက်ရင်တော့ ဆိုင်က ရွေးပေးတဲ့အခါရှိသလို မြကိုယ်တိုင် ရွေးယူရတဲ့အခါလည်း ရှိတာပေါ့ရှင်။ မြကိုယ်တိုင် ရွေးတဲ့အခါကြရင်တော့ မြက "အလုံးကြီးကြီးနဲ့ နည်းနည်းပိုလေးတယ်လို့ ထင်ရတဲ့ ကြက်ဥကို" ရွေးချလိုက်တာပေါ့ရှင်။ (ဟီးဟီး လူလည်ကျပြီး လောဘကြီးကြောင်း ကြေညာလိုက်တာ)
စာဖတ်သူများအားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်လျက်.....
✍️ မြ (စံကားဝါမြေ)
#SarPhat
#Mya_Kyaukpadaung
28.5.2024(Thuesday)
Keep Reading