မြသွန်း(တောင်ဒဂုံ)
?ဆရာကြီးတင်ညွန့်သင်ကြားပေးခဲ့ဖူးတဲ့ ငွေချွေတာရေးနည်းလမ်းကောင်းတွေကို ဒီနေ့မှာsharingလုပ်ပေးချင်ပါတယ်။ အဓိကအားဖြင့် ဒီနည်းလမ်းတွေကို မိဘတွေက ကိုယ့်ကလေးတွေကိုပြန်ပြီးသင်ကြားပေးစေချင်တာပါ။ ကလေးတွေကို အခုလိုငယ်ရွယ်စဉ်အချိန်ကတည်းက ငွေအကြောင်းသင်ပေးထားမှသာ နောင်တစ်ချိန်အရွယ်ရောက်လာကြရင် ငွေရဲ့ကျေးကျွန်မဖြစ်ရလေအောင်လို့ အဓိကရည်ရွယ်ပြီးပြောပြပေးချင်တာဖြစ်ပါတယ်။ ချွေတာစုဆောင်းမှ သူဌေးလောင်းမဟုတ်လားရှင်။ ဒါဆိုရင် ပထမဦးဆုံးအချက်အနေနဲ့ ကလေးတွေကို လိုချင်တာနဲ့လိုအပ်တာကိုခွဲခြားသင်ပေးပါ။ အခုခေတ်ကလေးတော်တော်များများမှာမြင်တွေ့နေရတာက 'တတိုင်းရ၊ လိုတိုင်းရ'နေတယ်ဆိုပြီး ဘာမှကိုချင့်ချိန်မှုမရှိဘဲဖြစ်နေကြပါတယ်။ ဒါကိုငယ်သေးတာပဲဆိုပြီး အမြဲတမ်းကလေးအလိုလိုက်ပြီးတော့ သူတို့လိုချင်တာတွေကို မိဘတွေကပါမစဉ်းစားဘဲ အမြဲတမ်းဖြည့်ဆည်းပေးနေမယ်ဆိုရင် ကိုယ့်ကလေးကို ကိုယ်ကိုယ်တိုင်ဒုက္ခပေးသလိုဖြစ်သွားနိုင်ပါတယ်။ ဒီအကျင့်ကြီးက အသက်ကြီးတဲ့အထိပါသွားရင် ဖြုန်းတီးရေးဘက်ကိုလည်း ကူးပြောင်းသွားနိုင်ပါတယ်။ နောက်တစ်ချက်က သူတို့ကို ငွေရှာနည်းအသေးစားလေးတွေဖန်တီးပေးပါ။ ဥပမာ-မုန့်ဖို့တောင်းတိုင်း အလွယ်တကူပေးလိုက်မယ့်အစား အိမ်အလုပ်ဝိုင်းကူပေးရင်၊ မိဘခိုင်းတာကူလုပ်ပေးရင် ဘယ်လောက်ရမယ်ဆိုပြီး သတ်မှတ်ထားလိုက်တာမျိုးဖြစ်ပါတယ်။ ဒီလိုလုပ်ပေးခြင်းအားဖြင့် ကလေးတွေကို ဘယ်အရာကမှအလကားမရကြောင်းနဲ့ တစ်ခုခုကိုလိုချင်ရင် တစ်ခုခုပြန်လုပ်ပေးရတယ်ဆိုတဲ့ အချက်တွေကို သင်ကြားပေးပြီးသားဖြစ်သွားပါတယ်။ ဟုတ်ပါပြီ..အခုလိုသူတို့ကိုယ်တိုင်ငွေရှာတတ်ပြီဆိုရင် ငွေစုတတ်အောင်လည်းသင်ကြားပေးဖို့လိုပါတယ်။ စုဘူးလေးနဲ့စုတာပဲဖြစ်ဖြစ်၊ မိဘဆီအပ်နှံတာပဲဖြစ်ဖြစ် လုပ်ခိုင်းပြီး ရလာတဲ့ငွေတွေကို ဘာတွေဝယ်နိုင်တယ်၊လုပ်နိုင်တယ်၊ လိုတာစိုက်ပေးမယ် စတဲ့ကမ်းလှမ်းချက်တွေပေးပြီး ငွေစုတတ်အောင်သင်ကြားပေးသင့်ပါတယ်။ ငွေစုတတ်အောင် သင်ကြားပေးပြီးပြီဆိုရင်တော့ ငွေသုံးနည်းကိုလည်း သင်ကြားပေးဖို့လိုပါတယ်။ ကိုယ်ကသုံးလိုက်တာမို့လို့ ကိုယ့်ဆီကပဲလျော့နည်းသွားတယ်ဆိုတဲ့သဘောကို နားလည်အောင်သင်ပြပေးပါ။ ဖြစ်နိုင်ရင် သူတို့စုဆောင်းထားတဲ့ ကိုယ်ပိုင်ငွေထဲကပဲ သူတို့သုံးချင်တာကို စနစ်တကျစီမံခန့်ခွဲပြီးသုံးခိုင်းပါ။ ဥပမာ-ကိုယ့်မှာငွေဘယ်လောက်ရှိတယ်၊ ဘယ်လောက်သုံးလိုက်တယ်၊ ဘယ်လောက်ကျန်သေးတယ် စတာကို စာရင်းရေးမှတ်ပြီးတော့ ငွေပမာဏကိုချင့်ချိန်တတ်အောင် သင်ကြားပေးတာမျိုးဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ မမေ့တတ်အောင်၊ မပျောက်အောင်၊ တန်ဖိုးထားတတ်အောင် သင်ကြားပေးဖို့ပဲဖြစ်ပါတယ်။ ကလေးတွေကို ငွေကြေးတန်ဖိုးထားတတ်အောင်သင်ကြားပေးဖို့က အရမ်းကိုအရေးကြီးပါတယ်။ ပိုက်ဆံကိုထားချင်ရာထားပြီး ပျောက်သွားတယ်ဆိုတဲ့ပေါ့ပေါ့တန်တန်စကားမျိုးကို အလွယ်တကူလက်မခံလိုက်ပါနဲ့။ ပျောက်သွားတာကြောင့် ဆုံးရှုံးနစ်နာလိုက်ရတာကို သင်ကြားပေးပါ။ နောက်ပြီးပိုက်ဆံကို ဘယ်လိုစနစ်တကျသိမ်းဆည်းသင့်သလဲ၊ ယူဆောင်သင့်သလဲဆိုတာကို သင်ကြားပေးဖို့လိုပါတယ်။ နောက်တစ်ချက်ကတော့ အကြွေးရှင်စိတ်ကိုမွေးမြူပေးပါ။ သူတို့ဆီမှာ ထောင်ဂဏန်း၊သောင်းဂဏန်းလောက်ရှိလာပြီဆိုရင် လိုအပ်အပ်၊ မလိုအပ်အပ် သူတို့ဆီကနေပိုက်ဆံချေးငှားပြီး အတိုးပြန်ပေးတဲ့ပုံစံနဲ့ အကြွေးရှင်စိတ်ကို မွေးမြူပေးဖို့လိုပါတယ်။ ဒါမှ ငွေနဲ့ငွေကိုတိုးပွားအောင်လုပ်နိုင်တယ်ဆိုတဲ့အသိကို ရသွားကြမှာပါ။ အချုပ်အနေနဲ့ပြောရရင်တော့ အခုလိုအတုမြင်အတတ်သင်တတ်တဲ့ ငယ်ရွယ်စဉ်ကတည်းက ကလေးတွေကို ငွေရဲ့တန်ဖိုးသင်ကြားပေးထားမှသာလျှင် နောင်တစ်ချိန်ငွေရဲ့ကျေးကျွန်မဖြစ်ရအောင် လေ့ကျင့်ပေးပြီးသားဖြစ်သွားမှာပါရှင်...
Keep Reading