Author's Profile Photo

မောရိသျှ

27/06/2025

အာရုံစူးစိုက်မှု

3 mins read
Life Style
Personal Development
Book Review
အာရုံစူးစိုက်မှု's photo

၂၄ နာရီ တရက်လုံး ဖြတ်သန်းတဲ့နေရာမှာ ဘယ်နှစ်နာရီစာလောက် စိတ်အနှောက်အယှက်မရှိ အာရုံအပြည့်နဲ့ နေနိုင်တယ်လို့ ထင်မိလဲဗျ။ အများဆုံးတောင် မဟုတ်ဘူး။ အနည်းဆုံး ပျမ်းမျှ ဘယ်လောက်ရှိနိုင်မလဲ။ တွေးမိလားခင်ဗျ။ ၁၀ မိနစ်လား။ မိနစ် ၂၀ လား။ ဒါမှမဟုတ် မိနစ် ၅၀ အထိလား။ နည်းတယ်လို့ ထင်မိရင် ကိုယ့်ဘဝမှာ ဘယ်ချိန်လောက်အထိ အာရုံစူးစိုက်နိုင်မှု ရဖူးလဲ။ သေချာသလောက် ၁၀ မိနစ်ထက်ပိုပြီး ဘယ်သူမှ အာရုံအပြည့်မရဖူးဘူးခင်ဗျ။

ကျွန်တော်တို့ရဲ့ ဘဝတွေက ရှုပ်ထွေးလွန်းလို့ တကယ့်တကယ် အာရုံအပြည့်စိုက်နိုင်တဲ့အချိန် ရှားတယ်ဗျ။ တချို့ဆိုရင် နိုတီတွေ တက်လွန်းလို့ တနေ့နဲ့တနေ့ ဖုန်းကို လက်ထဲကနေ မချနိုင်တဲ့အထိကို အလုပ်ရှုပ်ကြတာမျိုး ရှိတယ်။ တချို့ကျပြန်တော့ အလုပ်ကိစ္စကြောင့် Whatsapp ထဲကနေ ထွက်ကို မထွက်နိုင်ဘူး။ Message တွေ တခုပြီးတခု ပြန်လို့မဆုံးနိုင်ဘူး။ email တွေ စစ်ရတာကလည်း တလုပ်၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ မဖြစ်မနေ စကားပြောရတာတွေ၊ ဒါမှမဟုတ် အလုပ်ရှင်တွေ အထက်လူကြီးတွေနဲ့ အစည်းအဝေး ဝင်ရတာတွေ တခုပြီး တခုဆက်နေတော့ မပြီးတော့ဘူး။

အလုပ်ကို အလုပ်ပီပီ အချိန်ပြည့် လုပ်နိုင်တယ်ဆိုတာ ရှားတယ်ဗျ။ အဲတာထက် အချိန်အကြာကြီး အာရုံစိုက်လုပ်နိုင်တယ်ဆိုတာက မဖြစ်ဖူးသလောက်ပဲ။ အများအားဖြင့် အားလုံးနဲ့ ဆက်နွယ်ချိတ်ဆက်နေပြီး အလုပ်ရှုပ်နေရတာက များတယ်။ အာရုံမများအောင် ဘယ်လောက်ပဲ ရှောင်ရှောင် အာရုံတွေက ရောက်ရာအရပ် နောက်ကနေ တကောက်ကောက်ကို လိုက်နေတော့တာပါ။

ကျွန်တော့် Blog ကနေ အပတ်စဉ် Newsletter ယူတဲ့ Subscribers အသစ်တိုင်းကို ကျွန်တော် မေးခွန်းလေးတွေနဲ့ လှမ်းပြီး ဆက်သွယ်စကားပြောဖြစ်တယ်ဗျ။ အများအားဖြင့် သူတို့ရဲ့ နေ့စဉ်လူနေမှုဘဝအတွက် အကြီးမားဆုံး စိန်ခေါ်မှုက ဘာဖြစ်မလဲဆိုတဲ့ မေးခွန်းနဲ့ စစ်တမ်းယူဖြစ်တယ်။ ဖြေဆိုလာတဲ့ စစ်တမ်းအဖြစ် အများစုက သူတို့အနေနဲ့ အလုပ်မှာ အာရုံစိုက်ဖို့ မလွယ်ကြောင်း ပြောတာများတယ်ခင်ဗျ။ ၂၈ ရာခိုင်နှုန်းသော ဖြေဆိုသူတွေရဲ့ အဖြေအရ အများအားဖြင့် အချိန်စီမံခန့်ခွဲဖို့ အခက်အခဲဖြစ်ကြောင်း ဖြေကြပါတယ်။ သူတို့အားလုံးရဲ့ အဖြေတွေကို ပြန်ချုပ်လိုက်ရင် အများအားဖြင့် သူတို့ရဲ့ ပြဿနာတွေက -

·   အလုပ်မှာ အာရုံစိုက်ပြီးလုပ်ဖို့ကို မလွယ်ဘူး ဘာပဲလုပ်လုပ် လုပ်တော့မယ်ဆိုတိုင်း အာရုံက များသွားရော ဘယ်လိုပဲ စုစု မရဘူး။
·   ဘဝမှာ ဘယ်အရာကို ဦးစားပေးအဖြစ်ရွေးပြီး အာရုံစူးစိုက်မှု အပြည့်ထားရမလဲ မသဲကွဲဘူး။

အဲဒီလို မေးခွန်းမျိုးတွေကို ကျွန်တော်လည်း မေးခဲ့ဖူးတယ်ဗျ။ တွေးခဲ့တာမှ အကြာကြီးပဲ။ အဖြေရဖို့ အချိန်အကြာကြီး ပေးဆပ်ခဲ့ရတယ်။ နှစ်ပေါင်းများစွာ လေ့လာခဲ့ပြီးတဲ့နောက်မှာ ကျွန်တော်သဘောပေါက်သွားခဲ့တာက စိတ်အနှောက်အယှက်တွေဆိုတာ ၂၁ ရာစုမှ ပေါ်လာတဲ့ ဘဝပြဿနာကြီးတွေ မဟုတ်ဘူးဗျ။ လူသားတွေ စပေါ်ခဲ့ကတည်းက ရှိခဲ့တဲ့ ရှေးဟောင်းပြဿနာကြီးပါ။

တိုးတက်လာတဲ့ ခေတ်ကြီးနဲ့လည်း မဆိုင်သလို၊ စမတ်ဖုန်းတွေကြောင့်လည်း မဟုတ်ဘူးဗျ၊ YouTube ကြောင့်လည်း မဟုတ်သလို၊ Online Shopping တွေ ခေတ်စားလာလို့လည်း မဟုတ်ပြန်ဘူး။ Instagram ကြောင့်လည်း မဟုတ်သလို၊ Facebook နဲ့လည်း မဆိုင်ပြန်ဘူး။ အာရုံစိုက်မရတဲ့ ပြဿနာက ပြင်ပကိစ္စရပ်တွေနဲ့ ဆိုင်ကိုမဆိုင်တာဗျ။ ဒီလိုပြောလိုက်လို့ အာရုံတွေ ထွေမသွားနဲ့ဦး။ ရှင်းရှင်းလေးရယ်။ လူတွေရဲ့ အကျင့်ကိုက အာရုံများတော့ အာရုံစိုက်မရတာဗျ။ လူ့သဘာဝအရကိုက အာရုံများတယ်။ တခုမဟုတ် တခု အာရုံက ပြောင်းပြီးရင်း ပြောင်းနေရောပဲဗျို့။ စိတ်အာရုံကိုက အမျိုးမျိုးဖြစ်နေတာ။ သဘာဝဖြစ်စဉ်တခုဗျ။ အဲတော့ အာရုံများလို့ စိတ်ပျက်နေစရာ မလိုဘူး။ အာရုံစူးစိုက်လို့ မရတာကို ပြဿနာကြီးအဖြစ် သတ်မှတ်နေစရာ မလိုပါဘူးခင်ဗျ။

အနောက်တိုင်း ဒဿနိကပညာရဲ့ ဖခင်ကြီး ဆော့ကရေးတီးကိုယ်တိုင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၄၀၀ ခန့်ကတည်းက ကျွန်တော်တို့အားလုံးကို အာရုံနဲ့ ပတ်သက်ပြီး သတိပေးခဲ့ပြီးသားဗျ။ “ဘဝဆိုတဲ့ ရှုပ်ထွေးမှုရဲ့ အန္တရာယ်ကို ဂရုစိုက်ကြပါ” တဲ့။ သူပြောခဲ့တာ တစက်လေးမှ မမှားဘူးဗျ။ လူမှန်ရင် ရှုပ်တာကိုမှ သဘောကျတာ ထုံးစံကြီး။ တကယ်ဗျ။ လက်ခံဖို့တော့ ခက်ကောင်းခက်လိမ့်မယ်။ ဒါပေမဲ့ ဇာတ်ရှုပ်တာကို မကြိုက်တဲ့ လူမရှိဘူး။ ရှုပ်လွန်းလို့ ခေါင်းစားရတာမျိုးဆိုရင် ပိုလို့တောင် ကြိုက်ကြသေးတယ်။ အရပ်ထဲ ဇာတ်ထဲမှာ အတင်းတွေပြောကြရင် နားလည်လွယ်တာထက် ရှုပ်ထွေးပြီး ဇာတ်ကောင်ပိုများတဲ့ ဇာတ်လမ်းတွေကို လူကြိုက်ပိုများတယ်ဗျ။ တကယ်ပါ။
ရှုပ်တာကို မကြိုက်ရင် ဘာလုပ်ကြမလဲ။ တောထဲ တယောက်တည်း သွားနေရုံပဲ ရှိမယ်ဗျ။ ဒါပေမဲ့ ဘဝဆိုတာက အဲဒီလို မဖြစ်သင့်ဘူးလေ။ လူဆိုတာ ပေါင်းသင်းဆက်ဆံရေးသတ္တဝါဖြစ်တော့ တယောက်တည်း ရှင်သန်တာမျိုး လုံးဝ မဖြစ်သင့်ဘူး။ အဲတာထက် ခေတ်ပြိုင်ကာလ အခုချိန်မျိုးမှာ တယောက်တည်း အထီးတည်းနေတာမျိုးက အဓိပ္ပါယ်ကို မရှိတာပါ။ ခေတ်မှီတိုးတက်တဲ့ခေတ်ကြီးမှာ အားနည်းချက်တွေ အများကြီးရှိပေမဲ့ အားသာချက်တွေနဲ့ အကျိုးရှိမှုတွေလည်း မနည်းပါဘူး။ မကောင်းတဲ့အချက်တွေကိုပဲ ထောက်ပြီး မကောင်းပြောနမယ့်အစား အခုတော့ ကောင်းတဲ့အချက်လေးတွေကို ထည့်တွေးပြီး အဆိုးထဲက အကောင်းထွက်လာအောင် နေနိုင်ဖို့အရေး ကြိုးစားသွားဖို့ တိုက်တွန်းပါရစေ။

အရှုပ်တွေနဲ့တော့ ဘယ်တော့မှ ကင်းနိုင်မှာ မဟုတ်ဘူးဗျ။ အဲဒီတော့ ရှင်းရှင်းပြောရရင် အာရုံအပြည့် ရနိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်နီးပါးပါ။ ဒါပေမဲ့ စိတ်အနှောက်အယှက်ဖြစ်မှု နည်းနိုင်သမျှ နည်းသွားအောင် ထိန်းချုပ်လို့ ရနိုင်တာတွေနဲ့ အစိုးရနိုင်တာတွေကို ကိုယ့်ဘက်က ကြိုတင်ပြင်ဆင်ပြီး ကာကွယ်လို့တော့ ရနိုင်ပါတယ်။ ရှုပ်ထွေးတယ်ဆိုတာကလည်း အစိုးမရနိုင်တဲ့ ဘဝဖြစ်စဉ်တွေအပေါ် လိုက်ပြီး ထိန်းချုပ်ချင်လို့ ဖြစ်ရတာပါ။

အစိုးမရတာတွေဆိုရင် မေ့ထားလိုက်ပြီး၊ ကိုယ်တကယ် စီမံခန့်ခွဲနိုင်မယ့် အရေးကိစ္စတွေကိုပဲ ဦးစားပေးထားပြီး ဘဝတိုးတက်ရာ တိုးတက်ကြောင်း ကြိုးစားမယ်ဆိုရင် အာရုံပျက်သွားစရာ အကြောင်းမရှိပါဘူး။ ဘယ်သူမဆို ကိုယ့်အတွက် အကျိုးရှိ၏ ဆိုးကျိုးဖြစ်၏ကို ကွဲကွဲပြားပြား သိနိုင်စွမ်း ရှိကြပါတယ်။ သူများထောက်ပြမှ၊ ဆရာတင် နည်းခံမှ သိနိုင်တာမျိုး မဟုတ်ပါဘူး။ အခြေခံအသိနဲ့တင် ဆုံးဖြတ်နိုင်ပါတယ်။

ဒါကြောင့် အာရုံများမှာကိုလည်း မကြောက်ပါနဲ့။ အာရုံစူးစိုက်စရာ ပျောက်နေခဲ့ရင် ကိုယ့်အတွက် အဓိက ပဓာန ဦးစားပေး ခွဲခြမ်းပြီး ကိုယ့်အာရုံကို ပြန်လည်ထိန်းချုပ်လိုက်ပါ။ အစိုးမရတဲ့အရာတွေနဲ့ မရေရာ မသေချာတာတွေကြောင့် စိတ်ပင်ပန်းဆင်းရဲတာမျိုး ထပ်ပြီး အဖြစ်မခံပါနဲ့လို့ အကြံပြုလိုက်ပါရစေခင်ဗျာ။

#မောရိသျှ

Keep Reading

အာရုံစူးစိုက်မှုစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒေါင်လိုက်ဒရာမာ (Vertical Drama)ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါအချိန်ဆွဲတာကိုကုစားမယ် စိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်