စာကြမ်းပိုး
စာမျက်နှာ ၆၁၇
စတုတ္ထအကြိမ်
စိတ်ကူးချိုချို
ကုန်းဘောင်ခေတ်နန်းတွင်းရေးတွေကို ကျောထောက်နောက်ခံထားကာ နန်းတွင်းစာဆိုတော်ကြီး တောင်သမန်လယ်စား ရွှေတိုက်စိုး ဦးဖေငယ် နဲ့ ဒိုင်းအတွင်းဝန်မင်းသမီး ခင်ခင်ကြီး တို့ရဲ့ အတ္ထုပ္ပတ္တိ ကို အဓိကထားရေးသားထားတဲ့ဝတ္ထုကြီး တပုဒ်ပါ။ကျောဖုံးမှာ ရေးထားသလို ဒီစာအုပ်ကနေ နှောင်းခေတ်ရဲ့အလေ့ကို ကြေးမုံပြင်သဖွယ် မြင်နိုင်မှာပါ။
စာကြောင်းတွေကအတော့်ကိုရှည်ပေမယ့် ဖတ်ရတာရှုပ်မသွားပဲရှင်းလင်းပြီး သွက်ပါတယ်။ ဆရာမကြီးစာအုပ်ဆိုလို့ မှတ်မှတ်ရရ "ရွှေစွန်ညိုနဲ့ သားရွှေစွန်ညို" ပဲ ဖတ်ဖူးသေးတာ။အဲ့ဒီကတည်းက သဘောကျလို့ ထပ်ရှာဖတ်မိတာပါ။
ကဗျာတွေနှစ်သက်တတ်သူတွေအတွက်တော့ သီပေါမင်းနဲ့ စုဖုရားလတ် အပြန်အလှန်ပေးတဲ့တေးထပ်တွေကအကြိုက်တွေ့စေမှာပါ။ကျွန်မတော့သိပ်သဘောကျပါတယ်။တယောက်နဲ့တယောက် အဲ့ဒီလို အဆင့်မြင့်တဲ့ ကဗျာလေးတွေပေးပြီး ဆက်သွယ်တာ သိပ်ပြီး လေးစားတာပဲ။ ဒီဖက်ခေတ်မှာတော့ တော်တန်ရုံလူ မရေးနိုင်တော့ဘူးမဟုတ်လား။လှိုင်ထိပ်ခေါင်တင် နဲ့ မြဝတီမင်းကြီး ဦးစတို့ရဲ့လက်ရာတွေကိုလည်း မြတ်နိုးစွာဖတ်ရှုလိုက်ရပါတယ်။အီနောင်ဇာတ်တော်ကြီးက ပြောခန်း ၊ ဆိုခန်းတွေကလည်း ဗဟုသုတရဖွယ် ၊ လေးစားဖွယ်ရာဖြစ်ပါတယ်။
လှိုင်ထိပ်ခေါင်တင်ရေးပြီး စုဖုရားလတ်သိပ်ကြိုက်တယ်ဆိုတဲ့ ဣန္ဒာဝံသဇာတ် လည်းဖတ်ချင်သွားတယ်၊ဖတ်နိုင်ပါ့မလားတော့မသိဘူး။
မိန်းကလေးပီပီ ဗဟုသုတသိပ်မမှတ်မိပဲ စပ်စုချင်တာလေးတွေတော့ရှိတယ်။ ပီယ ၊ ကာယ သိဒ္ဓိဆေးရှိသူတွေဟာ ဇီးဖြူသီးစားဖို့မပြောနဲ့ ဇီးဖြူပင်အောက်တောင် မထိုင်ရဘူး တဲ့.ဒီစာအုပ်ထဲမှာတော့ မောင်ဖေငယ်က ဇာတ်လမ်းနဲ့ ဘာနဲ့ ကျကျနန ရှင်းထားတာ .တကယ်လားမသိဘူးနော် ။ အဲ့ဒီဇာတ်လမ်းလေးကလည်း ရယ်ချင်ပြုံးချင်စရာလေး..Spoiled ဖြစ်မှာစိုးလို့ မပြောတော့တာ..ကျွန်မတော့ သဘောကျတာ။...မိန်းမကြောက်တဲ့အသောက်သမားတွေအတွက် မောင်မောင်တုတ်ရဲ့ လျှို့ဝှက်တဲ့အရက်နံ့မထွက်စေတဲ့နည်းတွေဘာတွေလည်းပါတယ်.:D
ကျွန်မခံစားမိတာပါ။ ဒါက သမိုင်းဝတ္ထု ပုံစံမို့လို့လားတော့ မသိဘူး။ ကုန်းဘောင် နောက်ခံဆိုပေမယ့် စာအုပ်ရဲ့ တဝက် ကျော်လောက်အထိဟာ သီပေါမင်းနဲ့ စုဖုရားလတ်တို့ ရဲ့ အချစ်ဇာတ်လမ်း သက်သက်ကို အသားပေးထားတယ်လို့ ထင်ပါတယ်။ဖတ်ရတာ တမူထူးခြားတယ် ။ အထိန်းတော်ကြီးခင်သစ် နဲ့ စုဖုရားလတ်၊ မောင်မောင်တုတ် .မောင်ဖေငယ်နဲ့ သီပေါမင်းသားတို့ရဲ့ ဆက်ဆံရေးဟာ ကြည်နူးနှစ်သက်ဖွယ် ဖြစ်တယ် လို့ခံစားရပါတယ်။
နောက်ပိုင်း နန်းတွင်းအရေးတွေဟာလည်း သိပြီးသားတွေ ဆိုပေမယ့် ဖတ်ရတာ ဆန်းသစ်တယ်။ စာက သမိုင်းပုံစံ မာတောင့်တောင့်ကြီးဖြစ်မနေပဲ ပျောင်းပျောင်းနွဲ့နွဲ့လေး ဖြစ်နေတယ်လို့ခံစားမိပါတယ်။ ကိုးရီးယား နန်းတွင်းကားတွေ ဘာတွေကြည့်ရသလိုပေါ့ :D
ကြက်သွန်ပိုးတီကြော် တို့ ချင်းဆပ်ကုံးကြော်တို့လည်း စားချင်သွားတယ်။ ရနောင်မောင်မောင်တုတ်အဖြစ်ကိုကြည့်ပြီး လူ့ဘဝရဲ့အတက်အကျတွေကိုလည်း အတော်သံဝေဂရမိပါတယ်။
ကုန်းဘောင်အကြောင်းအတော်များများရော မယ်နု ရှင်းတမ်းရော ဖတ်ထားပြီးသားအပြင် အရေးလည်းရှင်းလို့ ဖတ်ရတာ အတော့်ကိုချောမွေ့တယ်လို့ ထင်ပါတယ်။ စာလုံးတွေကတော့ ကိုယ်ပဲ မျက်လုံးမကောင်းသလား ၊ တကယ်ပဲလားတော့မသိဘူး ပုံမှန်ထက်တော့အတော်သေးတယ်လို့ခံစားရတယ် :D
အားတဲ့အချိန်အပြေးအလွှားဖတ်ရတာမို့ တခါဖတ်ရင် အနည်းဆုံးနှစ်ခန်းလောက်ပြတ်အောင်Bookmark လေးနဲ့ ပိုင်းခြားပြီးဖတ်ခဲ့ရပါတယ်။
စာအုပ်အဖုံးမှာဖော်ပြထားတဲ့အတိုင်း အားလုံးကို "ရဲဝံ့မှန်ကန်" စွာ ရေးသားထားတာကတော့ အလွန်လေးစားစရာပါ။
တွေးစရာတွေ ၊ ရသတွေ ၊ သံဝေဂတွေအများကြီးပေးနိုင်တဲ့ စာအုပ်ကောင်းတအုပ်ပါ။
စာချစ်သူများ ပျော်ရွှင်ကြပါစေ ။
ဝတ်မှုံလေး (စာကြမ်းပိုး)
https://youtube.com/channel/UCxbnHMB5_OWNwMQz_R5di0w
Keep Reading