မြ (စံကားဝါမြေ)
ကျွန်မတို့မြန်မာလူမျိုးများတွင် (၁၂)လရာသီအလိုက် ဘုရားပွဲတော်များရှိသည့်အနက်မှ ယနေ့ကျရောက်သော သာသနာတော်နှစ် (၂၅၆၈)ခုနှစ်၊ ကောဇာသက္ကရာဇ် (၁၃၈၆) ခုနှစ်၊ ကဆုန်လပြည့်(၁၅)ရက်၊ (၂၂.၅.၂၀၂၄) ဗုဒ္ဓဟူးနေ့ဟာဆိုရင် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများအတွက် အထွတ်အမြတ်ထားရာ နေ့တစ်နေ့လည်း ဖြစ်ပါတယ်ရှင်။
? ကဆုန်လပြည့်နေ့ ဆိုသည်မှာ
ကျွန်မတို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေက ကဆုန်လပြည့်နေ့ကို
ဟူ၍ အမွှန်းတင် ခေါ်ဝေါ် သတ်မှတ်ပြီး ရိုးရာအစဉ်အလာများနှင့်အညီ ကျင်းပလေ့ရှိကြပါတယ်။
❖ ဤကဲ့သို့ ကဆုန်လပြည့်နေ့များတွင်သာ ဗုဒ္ဓဘုရားရှင်နှင့် ဆက်စပ်၍ ❝ ကဆုန်လပြည့် - ဗုဒ္ဓနေ့ ❞ အဖြစ်လည်းကောင်း
❖ ဤကဲ့သို့ ကဆုန်လပြည့်နေ့တွင်ပဲ မာရ်နတ်ရန်ကို အောင်မြင်တော်မူခဲ့သောကြောင့် ဤနေ့ဤရက်ကို ❝ ကဆုန်လပြည့် - မာရ်အောင်နေ့ ❞ အဖြစ်လည်းကောင်း
❖ ဤကဲ့သို့ ကဆုန်လပြည့်နေ့တွင်ပဲ ဝိသာခါနက္ခတ်နှင့်ယှဉ်၍ ဖွားမြင်တော်မူခြင်းနှင့် ပရိနိဗ္ဗာန်စံတော်မူခြင်းများကို အကြောင်းပြု၍ ❝ ကဆုန်လပြည့် - ဝိဆခ်ဒေး(ဝိသာခါနေ့) ❞ ဟူ၍ ဗုဒ္ဓဘာသာဝင်တို့၏ စိတ်အစဉ်တွင် စွဲမြဲမှတ်သားထားကြပြီ တင်စားခေါ်ဝေါ်ခဲ့ကြခြင်းပဲ ဖြစ်ပါတယ်ရှင်။
? ကဆုန်လပြည့်နေ့လေးရဲ့ ထူခြားချက်လေးတွေကတော့
❝ ဗျာဒိတ်၊ ဖွားမြင် ၊ ဗုဒ္ဓဝင် ၊ စံဝင် နိဗ္ဗာန်နန်း ❞ ဆိုတဲ့ ဆိုရိုးစကားနှင့်အညီ ဗုဒ္ဓဘာသာဝင်များ ကိုးကွယ်၊ ဆည်းကပ်ရာ သုံးလောကထွဋ်ထား သဗ္ဗညုမြတ်စွာဘုရားနှင့် ဆက်စပ်၍ ထူးခြားသည့် နေ့ထူးနေ့မြတ်အဖြစ် မြတ်စွာဘုရားရှင်ကို ရည်မှန်း၍ ကောင်းမှုကုသိုလ်များပြုလုပ်ကြတဲ့ ပွဲတော်တစ်ခုလည်း ဖြစ်ပါတယ်ရှင်။
ဆိုရိုးစကားအရ မြတ်ဗုဒ္ဓဘုရားရှင်နှင့် ဆက်စပ်သော ထူခြားသည့်အချက်တွေကတော့ နှစ်ကာလ အပိုင်းအခြားမတူဘဲ ကဆုန်လပြည့်နေ့များတွင်သာ (၄)ရက်တိုင်တိုင် ထူးခြားတိုက်ဆိုင်စွာ ဆက်စပ်ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဖြစ်ပါတယ်ရှင်။
? ထိုကဆုန်လပြည့်နေ့မှာ
၁။ ဗျာဒိတ်ခံယူသောနေ့ (ရှစ်လုံးဖွဲ့ကဗျာ)
❝ သုမေဓာလောင်း ကပ်ဟောင်းလွန်လေ၊
ဒီပင်ထံပါး တံတားအနေ၊
ရွှေဗျာဒိတ်ပန်း ဆင်မြန်းဆွတ်ချွေ၊
ကဆုန်လ ပုဏ္ဏဒိဝသေ။ ❞
( လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခြင်းအစ ကဆုန်လပြည့်နေ့ )
၂။ ဖွားမြင်တော်မူသောနေ့ (ရှစ်လုံးဖွဲ့ကဗျာ)
❝ သုဒ္ဓေါဒန လောကကျက်သရေ၊
မာယာမယ်ဖွား ထွတ်ဖျားမဟေ၊
အောင်သံကျူးလို့ မီးရှူးမြင်စေ၊
ကဆုန်လ ပုဏ္ဏဒိဝသေ။ ❞
( မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့် (သောကြာနေ့)၊ ဘီစီ - (၆၂၃)ခု )
၃။ ဘုရားဖြစ်တော်မူသောနေ့ (ရှစ်လုံးဖွဲ့ကဗျာ)
❝ ဗောဓိညောင်နန်း အောင်ပန်းညောင်ရေ၊
သစ္စာဖွင့်ပွဲ ဆင့်ကဲသရေ၊
ဂုဏ်ကိုးပါးနှင့် ဘုရားဖြစ်ချေ၊
ကဆုန်လ ပုဏ္ဏဒိဝသေ။ ❞
( မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)၊ ဘီစီ - (၅၈၈)ခု )
၄။ ပရိနိဗ္ဗာန်စံတော်မူသောနေ့ (ရှစ်လုံးဖွဲ့ကဗျာ)
❝ ဗိုလ်လူအပေါင်း သိန်းသောင်းကုဋေ၊
ချေချွတ်ပြီး၍ မဂ်ထီးလှုံစေ၊
မလ္လာနယ်တွင်း အင်ကြင်းရဝေ၊
ခန္ဓာငြိမ်း ဇာတ်သိမ်းနိဗ္ဗူမြေ၊
ကဆုန်လ ပုဏ္ဏဒိဝသေ။ ❞
( မဟာသက္ကရာဇ် (၁၄၈)ခု၊ ကဆုန်လပြည့် (အင်္ဂါနေ့)၊ ဘီစီ - ( ၅၄၃)ခု )
? ထို့အပြင် ကဆုန်ညောင်ရေသွန်းပွဲတော် ဖြစ်ပေါ်လာပုံလေးကတော့
ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားဖြစ်သော နေ့ထူး၊နေ့မြတ်ကို အာရုံပြု၍ ကဆုန်လပြည့်နေ့ တွင် ပရိဘောဂစေတီဟု ဆိုထိုက်သော ဗောဓိညောင်ပင်ကို ရေသွန်းလောင်းပူဇော်ကာ ညောင်ရေသွန်းပွဲတော်ကို ရိုးရာမပျက် ဆင်နွဲလေ့ရှိကြပါတယ်။ အဘယ်ကြောင့်ဆိုသော် ဗောဓိညောင်ပင်သည် သဗ္ဗုညုတဉာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊ ဖွားဖက်တော် (၇)ပါးတွင်လည်း တစ်ပါးအပါအဝင်ဖြစ်သောကြောင့် ထူးခြားမြင့်မြတ်သော သစ်ပင်တစ်မျိုးအဖြစ် ယုံကြည်ထားကြခြင်းပဲ ဖြစ်ပါတယ်ရှင်။ ထိုသို့ မြတ်စွာဘုရားနှင့် တိုက်ရိုက်ဆက်စပ်၍ ဗောဓိပင်၌ ရေသွန်းလောင်းခြင်း အစဉ်အလာကို ခေတ်အဆက်ဆက်ကပင် ပြုလုပ်လာခဲ့ကြခြင်းဖြစ်ပြီး မြန်မာ့ရိုးရာ (၁၂)လလ ရာသီပွဲတော်များအနက် ကဆုန်လတွင် ညောင်ရေသွန်းပွဲတော်ကို ရိုးရာပွဲတော်အဖြစ် အစဉ်အလာအတိုင်း သတ်မှတ်ခဲ့ကြခြင်းအပြင် လူသားမျိုးနွယ်ဝင်တစ်ဦးမှ သဗ္ဗညုတ ဉာဏ်တော်ကို ရယူပိုင်ဆိုင်ပြီး သမ္မာ သမ္ဗုဒ္ဓ ဘုရားရှင်အဖြစ် ရရှိခဲ့သည့် နှစ်ပေါင်း (၂၆၁၃) ပြည့်အထိမ်းအမှတ်ပင် ဖြစ်ပေသည်။
ဒါ့အပြင် ကျွန်မတို့ ကျောက်ပန်းတောင်းမြို့ဟာဆိုရင် ဘာသာတရားကို အလွန်အင်မတန်မှ ရိုသေကိုင်းရှိုင်းကြတဲ့ မြို့တစ်မြို့ ဖြစ်တဲ့အတွက်ကြောင့် မနေ့ကနဲ့ ယနေ့မနက်ကြီးမှာ အများပြည်သူတွေက စေတနာ၊ သဒ္ဒါတရားထက်သန်စွာဖြင့် အလှူငွေများ နည်းများမဆို လှူဒါန်းကြတဲ့အပြင် "ဘုရားတာဝန် ကိုယ့်တာဝန်၊ ဘုရားကိစ္စ ကိုယ့်ကိစ္စ" ဟု သဘေားထားပြီး ရပ်ကွက်အကျိုးသယ်ပိုးကာ ညနေအချိန်တွင် ညောင်ရေသွန်းလာကြမယ့် အများပြည်သူတွေအတွက် ကြာဇံဟင်းခါး၊ လက်ဖက်သုပ်၊ တို့ဟူးသုပ်၊ သာကူကျို ဂျုံယို၊ အချိုရည်များနှင့် တည်ခင်းကျွေးမွေးဖို့အတွက် ပူးပေါင်းအားဖြည့်လုပ်ဆောင်နေကြပုံဟာဆိုရင် အလွန်အင်မတန်မှ ကြည်နူးစရာ ကောင်းလှပါတယ်ရှင်။ နောက်ထပ်တစ်ချက်ကတော့ မြတို့အိမ်ဟာ မဟာအောင်မြေရတနာကျောင်း၏ ညောင်ရေသွန်းရာ ညောင်ပင်ကြီး၏တောင်ဘက်မှာ တည်ရှိတဲ့အပြင် မြတို့အိမ်ရဲ့ အနောက်ဘက် (၂)လမ်းကျော်တွင်လည်း သစ္စာလေးဆူစေတီတော်မြတ်ကြီး၏ ညောင်ရေသွန်းရာ ညောင်ပင်ကြီးတွေ တည်ရှိနေခြင်းဟာဆိုရင် မြတို့ ကျောက်ပန်းတောင်းမြို့လေးရဲ့ ဗုဒ္ဓဘာသာ သာသနာထါန်းကားလှတဲ့ မြို့လေးတစ်မြို့ဆိုတာ မရောက်ဖူးရင်တောင်မှ မြရေးထားတဲ့ ဆောင်းပါးလေးအရ သိနိုင်ပါတယ်ရှင်။ ဒါ့အပြင် မြက ညနေကျရင် မြ သာသနာ့နွယ်ဝင် သီလရှင် ဝတ်ခဲ့တဲ့ "သဒ္ဓမ္မနန္ဒီ သီလရှင်စာသင်တိုက်"ကို သွားရောက်ပြီးတော့လည်း ညောင်ရေသွန်းလောင်း သွားဦးမှာပါရှင်။
? ညောင်ရေသွန်းလောင်းခြင်းရဲ့ ကုသိုလ်တရားနှင့် အကျိုးကျေးဇူးလေးတွေကတော့.....
➥ (ကိုးကားချက်-၁)
အသနဗောဓိယမထေရ်၏ အလောင်းတော်သည် ဘုရားရှင်၏ ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရသော ကုသိုလ်ကြောင့် -
အစရှိသော အကျိုးများကို ခံစားရကြောင်း (ထေရာပဒါန်) ကျမ်းဂန်မှာ ဖော်ပြထားပါတယ်ရှင်။
➥ (ကိုးကားချက်-၂)
ဂန္ဓောဒကတိဿမထေရ်၏ အလောင်းတော်သည် ပဒုမုတ္တရဘုရားရှင်၏ ဗောဓိပင်ကို နံ့သာရေဖြင့် သွန်းလောင်းရသော ကုသိုလ်ကြောင့်
အစရှိသော အကျိုးကျေးဇူးများကို ခံစားရပါသတဲ့ရှင်။
? အချုပ်အားဖြင့်ဆိုသော် အပေါ်က မြပြောခဲ့တဲ့ အကြောင်းအရာလေးတွေကို "နှလုံးသွင်းပြီး ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေဖြင့် နှစ်စဉ်၊နှစ်တိုင်း ကဆုန်လပြည့်နေ့ရောက်တိုင်း ဗုဒ္ဓရုပ်ပွား ဥဒ္ဒိဿစေတီတော်များကို အနေကဇာတင်ခြင်း၊ ဗုဒ္ဓအဘိသေကမင်္ဂလာသဘင် ဆင်ယင်ကျင်းပခြင်း၊ ညောင်ရေသွန်းလောင်း ပူဇော်ခြင်းများ ပြုလုပ်ကြခြင်းဖြင့် ကုသိုလ်အထူးကို ရရှိနိုင်ကြပြီး စာဖတ်သူလေးများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့် ညောင်ရေသွန်းပွဲကို ပျော်ရွှင်စွာ ဆင်နွှဲနိုင်ကြပါစေ" လို့ စာရေးသူ ❝ မြ (စံကားဝါမြေ) ❞ မှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်။
စာဖတ်သူများအားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်လျက်.....
✍️ မြ (စံကားဝါမြေ)
#SarPhat
#Mya_Kyaukpadaung
22.5.2024(Wednesday)
Keep Reading