SarPhat Author
ပင်လယ်ပြင်ကိုငေးနေမိသည်မှာအချိန်မည်မျှကြာသွားသည်မသိလိုက်။ငေးရုံသာမဟုတ်ပါ။ရင်၌လည်းကိုယ့်ကိုယ်ကိုစကားပြောနေမိသည်။ ပင်လယ်ကြီးကမာယာကြွယ်သည်တဲ့။လေပြည်သွေးနေရင်း ချက်ချင်းဆိုတိမ်မည်းတိမ်လိပ်တို့အုံ့မှိုင်းလာကာမုန်တိုင်းဖြစ်သွားနိုင်သည်။အတက်အကျ၊အနိမ့်အမြင့်မမှန်သော၊အမြင့်ထုထည်မတူသောရေလှိုင်းများနှင့်အတူ၎င်းတို့၏ဘောင်ဘင်ခတ်သံကတရစပ်ထွက်ပေါ်နေသည်။ပင်လယ်သည်အသံလည်းရှိသည်။အဆင်းလည်းရှိသည်။လေပြည်သွေးရာမှမုန်တိုင်းထန်တတ်သောခန့်မှန်းမရသည့်စိတ်လည်းရှိပေသည်။ဘုရား၊ဘုရား။လူ့ဘဝလိုပါပဲလား။ 'ဘဝပင်လယ်' ကျွန်မငယ်စဉ်ကသင်ခဲ့ရသည့်
'အလက်ာ'လိုရွတ်ပြရလျှင် "လူ့ဘဝနှင့်ပင်လယ်ကြီးကိုအနိမ့်အမြင့်၊အတက်အကျရှိပုံ၊အစိုးမရပုံ ဂုဏ်ရည်တူချင်းထပ်တူပြုရေးဖွဲ့ထားသောကြောင့် ရူပကအလက်ာမြောက်ပါသည်" ဟုပြောရပေမလား။ ဤပင်လယ်ကဲ့သို့မိမိတို့ဘဝမှာလည်းအတက်အကျ၊အနိမ့်အမြင့်ဖြစ်စေသောလောကဓံလှိုင်းလုံးများရှိကြသည်။"လာ ရင်၊ ရ(ယ) တယ်၊ ပံ၊ သု ရယ်" ဟုငယ်စဉ်က ကဗျာလေးနှင့်မှတ်ခဲ့ရသည်။သို့သော်အဓိပ္ပာယ်ကိုနားမလည်ခဲ့။ကလေးသဘာဝ ကစားခြင်းသာမက်မောသည်။ဘဝအကြောင်း၊လောကအကြောင်းဘာမှမသိချင်ပေ။သို့သော်ယခုအသက်အရွယ်တစ်ခုရောက်လာသည့်အခါဘဝ၌နေထိုင်တတ်ရန်လက်လှမ်းမီရာစာပေလေးတွေရှာဖွေဖတ်တတ်လာသည်။လောကဓံ(၈)ပါးတွင်အကောင်းလောကဓံ
(၄)ပါးနှင့်အဆိုးလောကဓံ(၄)ပါးဟူ၍ရှိသည်။
လာဘ = ပစ္စည်းဥစ္စာရခြင်း။
အလာဘ = ပစ္စည်းဥစ္စာမရခြင်း
ယသ = အခြွေအရံများခြင်း။
အယသ = အခြွေအရံမရှိခြင်း။
ပသံသာ = ချီးမွမ်းခံရခြင်း။
နိန္ဒာ = အကဲ့ရဲ့ခံရခြင်း။
သုခ ကိုယ် စိတ် ချမ်းသာခြင်း။
ဒုက္ခ = ကိုယ် စိတ် ဆင်းရဲခြင်း။
များသောအားဖြင့်လူတို့မှာလောကဓံဆိုလျှင် မကောင်းမှသာလောကဓံဟုထင်လေ့ရှိကြသည်။အကောင်းလောကဓံ(၄)ပါးနှင့်ကြုံတွေ့ရလျှင်"ဒါလည်းလောကဓံပါလား၊မမြဲပါလား" ဟုမည်သူမျှစဉ်းစားမိကြမည်မထင်။အရာရာအဆင်ပြေ၊စိတ်ချမ်းသာနေသည်ကိုး။သို့သော်'ဗြုန်း'ဆိုလျှင်အဆိုးလောကဓံနှင့်ကြုံတွေ့မှသာ 'ဪ...ဘဝကအဖြစ်ဆိုးပါဘိ။လောကဓံကကြမ်းပါဘိ' စသဖြင့်ညည်းညူတတ်လေ့ရှိကြသည်။လောကဓံလှိုင်း ကြမ်းလွန်းလျှင် တစ်ခါတစ်လေမျက်ရည်ပေါက်ကြီးငယ်ကျကာအရူးတစ်ပိုင်းဖြစ်သွားတတ်သည်။ လောက၌ အကောင်းလောကဓံဖြစ်စေ၊အဆိုးလောကဓံဖြစ်စေ လေပြည်နှင့်ကြုံကြုံ၊မုန်တိုင်းနှင့်ကြုံကြုံ ဘဝပင်လယ်ရှိလှိုင်းများ၏ရိုက်ခတ်မှုဒဏ်ကိုခံနိုင်ရည်ရှိဖို့လိုအပ်ပေသည်။ထို့အတွက်စိတ်ဓာတ်ကြံ့ခိုင်ရန်၊ရင့်ကျက်ရန် မိမိ၏စိတ်ကလေးကိုလေ့ကျင့်ထားရမည်။သို့မှသာခံနိုင်ရည်ရှိလိမ့်မည်။ ပင်လယ်ထဲသို့နိုင်ငံအသီးသီးမှ ကုန်တင်သဘ်ော ၊အပျော်စီးသဘ်ောစသဖြင့်လူအမျိုးမျိုးလာကြသည်။သို့သော်ပင်လယ်၌အမြဲမနေ။ပင်လယ်ကိုဖြတ်၍လိုရာခရီးကိုသွားနေကြသူချည်းသာဖြစ်သည်။ ပင်လယ်ကြီးကလာချင်သည့်သူလာတာကိုခွင့်ပြုသည်။မသွားပါနှင့်ဟုလည်းသူမတား။သူ့ပုံစံအတိုင်းရပ်တည်နေလေသည်။ထိုကဲ့သို့ပင်ဘဝ၌လည်းလူအမျိုးမျိုးတွေ့ရသည်။မိမိနှင့်အဆင်ပြေသည့်သူရှိသလို၊မိမိနှင့်အဆင်မပြေသည့်သူများလည်းများစွာရှိပေသည်။သို့သော်ဤလူများနှင့်သာ ဘဝတစ်လျှောက်လုံးအမြဲတွေ့နေရမည်မဟုတ်။အကုန်လုံးကဆိုင်ရာဆိုင်ရာ ကိုယ့်လမ်းကိုလျှောက်နေကြရင်းဘဝတစ်ကွေ့၌ခဏတာတွေ့နေကြခြင်းဖြစ်သည်။ထို့ကြောင့်လူတွေနှင့်ပတ်သက်၍
မိမိ၏ခံစားချက်ကိုပြုပြင်တတ်ရမည်။ကိုယ်မကြိုက်သည့်အရာနှင့်ကြုံတိုင်းစိတ်ဆိုးဒေါသထွက်လိုက်၊ တစ်ခါကိုယ်သဘောကျသည်နှင့်ကြုံလာလျှင်လည်းပျော်လိုက်ရယ်လိုက် ထိုကဲ့သို့အရာရာအပေါ် sensitive ဖြစ်နေပါကကိုယ်သာပင်ပန်းရသည်။မိမိကိုယ်ကိုယ်နှိပ်စက်ရာလည်းရောက်ပေသည်။ထို့ကြောင့် ကျွန်မကပင်လယ်ကဲ့သို့ကျင့်ကြံဖို့တိုက်တွန်းချင်ပေသည်။ ကျွန်မဖတ်ဖူးသည့်ကဗျာလေးကဲ့သို့ပင်။' For Men May Come and Men May Go. But, I go on forever ' 'လူတွေဟာလာကြတယ်။ပြန်သွားကြတယ်။ဒါပေမယ့် မြစ်ကြီးကတော့ပုံမှန်စီးဆင်းနေလျက်ပါပဲ' ဟုတင်စားထားခြင်းဖြစ်ပေသည်။ဘဝလည်းထိုကဲ့သို့ပင်။"So, Let it go. Let it be. The art of
non-attachment" တွယ်တာမှု၊တစ်ဖက်သားဆီမှမျှော်လင့်မှုကိုတတ်နိုင်သမျှလျှော့ချမှသာ ကျွန်မတို့ဘဝလည်းလွတ်လပ်လာလိမ့်မည်။ လွတ်လပ်စွာပျော်ရွှင်ရယ်မောနိုင်လိမ့်မည်။ဆရာတော်ဦးဇောတိက အရှင်ဘုရား၏စာအုပ်တစ်အုပ်တွင်ဖတ်ဖူးသည့်စာပိုဒ်လေးကိုလည်းတခုတ်တရပြောပြချင်ပါသည်။ဘဝနေနည်းအတွက်ဆရာတော်ကဟောပြောထားခြင်းဖြစ်သည်။
'လာချင်တဲ့သူလာတာကိုဝမ်းသာပါတယ်။နေနိုင်သလောက်နေတာကိုတန်ဖိုးထားတယ်။ထွက်သွားမယ်ဆိုလည်းမတားဘူး။တံခါးအမြဲဖွင့်ထားပါတယ်'။ မိမိဘဝတွင်လည်းဤစာပိုဒ်ကိုလက်တွေ့အသုံးချတတ်လျှင်စိတ်ချမ်းသာရာရလိမ့်မည်ဟုကျွန်မယုံကြည်သည်။ ဘဝခဏတာတွင်မည်သူနဲ့တွေ့တွေ့၊မည်သူပင်လာလာတွယ်တာလွန်းလျှင်ပင်ပန်းရသည်မှာအမှန်။ထို့ကြောင့်ပင်လယ်ကဲ့သို့ဆန်းပြားရှုပ်ထွေးသောဘဝတွင် ပင်လယ်ကဲ့သို့သာတွယ်တာမှုမရှိနေထိုင်သွားနိုင်လျှင်မည်သည့်အခြေအနေ၊ပြဿနာနှင့်ကြုံတွေ့နေပါစေ တည်တည်ငြိမ်ငြိမ်ဖြေရှင်းနိုင်သော၊စိတ်ဓာတ်အဆင့်အတန်းမြင့်မားသောလူတစ်ယောက်ဖြစ်လာပေလိမ့်မည်။
Keep Reading