စာကြမ်းပိုး

စာမျက်နှာ ၆၇၂
ပထမအကြိမ်
စိတ်ကူးချိုချို
ရပ်ဓလေ့ဝတ္ထုတို ၄၀ ပုဒ် ၊ ရွာဓလေ့ဝတ္ထုတို ၄၉ ပုဒ် နဲ့ ထပ်မံတွေ့ရှိတဲ့ ကိုဆေးရိုး ၊ စံဝ ၊ မိမှေး ဝတ္ထုတို ၁၆ ပုဒ် ၊ စုစုပေါင်း ဝတ္ထုတို ၁၁၅ ပုဒ် တို့ကို စုစည်းထားတာဖြစ်ပါတယ်။
အရင်ကဆို လူကြီးတွေကို စိတ်ကွက်မိတဲ့အချိန်တွေရှိတယ်။ အခုနောက်ပိုင်းကျတော့ နားလည်ပေးတတ်ဖို့တွေးဖြစ်လာတယ်။ မိန်းမနဲ့အမေကြား ဗျာများရရှာတဲ့ ကိုကောင်းစံအကြောင်း ဝတ္ထုတိုလေးဖတ်ရတော့ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး တော့ တော်တော်လေးတွေးဖြစ်တယ်။ အဲ့ဒီလို ဆိုလို့ ဒီဝတ္ထုတိုလေးမှာ ဇနီးဖြစ်သူကို အပြစ်တင်တာမျိုးတော့မရှိပါဘူး။သူ့ဖက်ကလည်းမှန်ပါတယ်၊ ကိစ္စတခုခုကို ပတ်ပတ်လည် တွေးပေးတတ်ဖို့ စဉ်းစားမိသွားတာမျိုးပါပဲ။
ပြီးတော့ အခုလက်တွေ့ ကြုံနေရတဲ့ ကိစ္စတွေမှာ ကျွန်မအတွက် အကောင်းဆုံး စိတ်ထားတတ်သွားအောင်သင်ပြပေးနိုင်တဲ့ "ကျေးဇူးတရား" ဆိုတဲ့ ဝတ္ထုလေးတပုဒ်ကိုလည်းကျေးဇူးတင်စွာနဲ့ဖတ်ရှုလိုက်ရတယ်။မိဘအမွေ ဆိုတာ ပစ္စည်းဥစ္စာတင်မဟုတ်ကြောင်း ၊ ရရှိလာတဲ့ အမွေအနှစ်တွေကိုလည်း သားစဉ်မြေးဆက် ဘယ်လိုလက်ဆင့်ကမ်းပြီး ဘယ်လိုကုသိုလ်တရားပွားများအောင်လုပ်ဆောင်သင့်ကြောင်းတော်တော်ကြီးကို တွေးမိသွားလို့ ဖတ်ရတာ တကယ်အဖိုးတန်ပါတယ်။
ဖတ်တဲ့သူကို ဇာတ်လမ်းထဲဆွဲခေါ်သွားနိုင်တယ်။ဇာတ်သိမ်းတွေကသပ်ရပ်ပြီး တချို့တွေဆိုရင်သဘောကျဖွယ်ရာ ၊ ပြုံးချင်ဖွယ်ရာလေးတွေဖြစ်တယ်။ လက်တွေ့ဘဝနဲ့ထင်ဟပ်နေတယ်လို့ ခံစားမိပါတယ်။
အတော်တော့ဖတ်ယူရတယ်။ အတော်လေးတဲ့ဘာသာပြန်စာတွေတောင်ကျွန်မမှတ်ထားတာ နာရီဝက်ကို စာမျက်နှာ ၅၀ ပြီးတယ်။ သူက မြန်မာဝတ္ထုဆိုပေမယ့် ဆိုဒ်ကြီး နှစ်ကော်လံဆိုတော့ နာရီဝက်ကို ၂၅ /၃၀ မျက်နှာ လောက်ပဲသွားတယ်။ စာမျက်နှာ က ၆၇၀ လောက် ၊ သားသားနဲ့ ဆိုတော့ အိပ်ရေးအတော်ပျက်ခဲ့ပြီး အားတာနဲ့ Facebook ကြည့်ချင်စိတ်ကို ဖျောက်ကာ စာအုပ်ပဲကောက်ကိုင်ခဲ့ရတာတော့မှတ်မှတ်ရရပါ။ဒီနေရာမှာ FA တွေ အားကျပါ့ရှင် :D
"ညိုအောင်" ဆိုတဲ့ဝတ္ထုမှာတော့ "ညိုမောင်" ဆိုပြီး နှစ်ခါလောက် ဖြစ်သွားတာမျိုးလေးတော့ တွေ့မိပါတယ် (စာ ၄၁၀ )။ ဖတ်လိုက်တာနဲ့ "ညိုအောင်" လို့ဆိုလိုမှန်း သိတာမို့ ဝတ္ထုကို အရသာ ပျက်စေတာမျိုးတော့ မဖြစ်သွားပါဘူး။
"မင်္ဂလာကြေး" လို့ခေါ်ကြတဲ့ကာလသားတွေရဲ့ "ခဲဖိုး" နဲ့ပတ်သက်ပြီးလည်း ရင်နင့်နင့်နဲ့ အများကြီး တွေးဖြစ်သွားတယ်။စာမျက်နှာ ၄၁၄ က ဝတ္ထုလေးတပုဒ်ကြောင့်ပါ။ဒီစာအုပ်ထဲမှာ "ခဲဖိုး" နဲ့ပတ်သက်တဲ့ဝတ္ထုတွေအတော်များများပါတာသတိထားမိပါတယ်။
စံဝ ၊ မိမှေးတို့ အကြောင်းဖတ်ရတော့ မနှစ်တနှစ်က ဖတ်ဖူးတဲ့ ကြယ်နီ ဝတ္ထုတိုပေါင်းချုပ်ထဲက ကိုဒေါင်းစိန် မမယ်စိန်တို့ကို အမှတ်ရတယ်။ ဇာတ်လိုက်ကျော်ကြီးတွေ မိန်းမချစ်တာချင်းတူလို့လေ :D။အေးဆောင်နဲ့ မြသွယ် ဝတ္ထုတို လေးတွေကလည်း ချစ်စရာလေးတွေမို့ သဘောကျမိပါတယ်။
။
ပွေးတို့ ၊ ပုတက်တို့ဆိုတာလည်း စာအုပ်ထဲတော့ရှယ်ကြားဖူးတာပဲ။ မမြင်ဖူးလို့ Google တောင်ခေါက်ကြည့်သေးတယ်။ ကြွက်ဆီဆိုတာလည်း ခုမှသိသွားတယ်။စောင်ချမ်းချဉ် တို့ ဆီထွေးကြော်တို့လည်း စားချင်သွားတယ်။"ပင်လက်ပံကြွေချိန်ဦး" ဆိုတဲ့ဝတ္ထုလေးကတော့ နှစ်ခေါက် ပြန်ပါနေတာလေးသတိထားမိလိုက်ပါတယ်။
စာအုပ်ကအတော် ထူတော့ ယူသွားပြီး အားတဲ့ချိန်ကောက်ဖတ်ဖို့ နည်းနည်းအဆင်မပြေတာမျိုးလေးတော့ရှိပါတယ်။ ထည့်သွားရင်း စာအုပ်ထည့်ဆွဲတဲ့ အိတ် ကြိုးပြတ်ကျ သွားတာတော့အမှတ်တရပါပဲ ?
ရသလည်းအများကြီးပေးပြီး အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့ ဘဝသင်ခန်းစာတွေလည်း တပွေ့တပိုက်ရရှိစေနိုင်လို့ "ဘာစာအုပ်ဖတ်ရမလဲ " လို့ လာမေးသူ အထူးသဖြင့် ညီမလေးတွေကို "လုံးဝဖတ်သင့်တဲ့စာအုပ်" တအုပ်အဖြစ် ညွှန်းချင်ပါတယ်။
ဝတ်မှုံလေး (စာကြမ်းပိုး)
www.wuthmonelay.blogspot.com
Keep Reading