Author's Profile Photo

စာကြမ်းပိုး

15/05/2024

အရိပ် - မစန္ဒာ

1 min read
Book Review
အရိပ် - မစန္ဒာ's photo


စာမျက်နှာ ၅၄၂ ၊ ဒုတိယအကြိမ် ၊ ပါရမီစာပေ
အဖုံးပန်းချီ - မောင်နိုး

ဆရာမကြီး မစန္ဒာရဲ့ ထင်ရှားတဲ့ ဝတ္ထုတပုဒ်ဖြစ်ပါတယ်။ ကျော်လင်းညို ၊ အမာညို ၊ ညီလင်းညိုဆိုတဲ့ မောင်နှမသုံးယောက် အကြောင်း ၊ အမာညိုရဲ့သူငယ်ချင်းဖြစ်တဲ့ သက်သက်နဲ့ စုလှိုင်တို့အကြောင်းတို့ကို မိသားစုအခြေအနေ ၊ ငယ်စဉ်ဘဝရရှိခဲ့တဲ့ ခံစားချက်များ ၊ ငယ်ငယ်က အဲ့ဒီအရိပ်တွေဟာ လူကြီးဘဝမှာ ဘယ်လိုရိုက်ခတ်လာလဲ ဆိုတဲ့အကြောင်းများ ကို ရေးဖွဲ့ထားတဲ့ ဝတ္ထုတပုဒ်ဖြစ်ပါတယ်။

ဒီစာအုပ်နဲ့ပတ်သက်ပြီး တွေးမိတာက တော်တော်လေးကိုများပါတယ်။ ကျော်လင်းညိုအကြောင်းနဲ့ပတ်သက်လို့ အိမ်ထောင်တခုမှာ တယောက်နဲ့တယောက် သဟဇာတဖြစ်မှု နဲ့ နားလည်မှုတွေရယ် ၊ ပြင်ပ ပုံပန်းသွင်ပြင်ရယ်မှာ ဘယ်တခုက အရေးကြီးတာပါလိမ့် ..ဘာကိုရွေးချယ်ရင် ဘယ်လို နောက်ဆက်တွဲမျိုးဖြစ်နိုင်ပါလိမ့် ဆိုပြီး တွေးမိတယ်။ ညီလင်းညိုနဲ့ ပတ်သက်လို့ကျတော့ ရိုမန့်တစ်ဆန်ဆန်ချစ်ခြင်းမေတ္တာဇာတ်လမ်းတပုဒ်ကို တပေါင်းတည်းထည့်ဖတ်ရသလို ခံစားမိခဲ့ပါတယ်။

သက်သက်ကိုကြည့်ပြီး လောကကြီးမှာစိတ်ထားတတ်ဖို့နဲ့ မျှဝေခံစားတတ်ဖို့ သင်ယူခဲ့ရသလို စုလှိုင်ကိုကြည့်ပြီးလည်း ပြီးပြည့်စုံတဲ့ငွေကြေးဟာ ပျော်ရွှင်မှုအစစ်မဟုတ်ဘူးဆိုရင် ပျော်ရွှင်မှုအစစ်က ဘာလဲလို့ မေးခွန်းထုတ်ခဲ့မိပါတယ်။

ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာတိုးတက်မှုလေးတွေဟာ ဖယောင်းရုပ်ထုလေးတွေလိုပဲတဲ့။ လူကြီးကပုံသွင်းသလို ဝင်သွားတာတဲ့။ ပစ်ထားရင် ပစ်ထားသလို ပုံပျက်ပန်းပျက် ကလေးဖြစ်သွားရောတဲ့။

ကလေးဘဝဆိုတာ တော်တော်အရေးကြီးကြောင်း ၊ ကလေးဘဝမှာ စိတ်ခန္ဓာကျန်းမာမှုကို တည်ဆောက်ရကြောင်း ၊ လူကြီးဘဝဆိုတာ ကလေးဘဝတည်းက တည်ဆောက်ခဲ့တဲ့ အဆောက်အအုံက တည်ဆောက်ခဲ့တဲ့ အရိပ်ဖြစ်ကြောင်း ၊ လှတဲ့နှလုံးသားနဲ့ ရုပ်ဆိုးတဲ့ နှလုံးသားရဲ့အရိပ်ဟာ လူတယောက်ရဲ့ဘဝမှာ လာထင်ဟပ်နိုင်ကြောင်း ကို မိသားစုဘဝနေထိုင်မှုလေးတွေ ၊ ပျော်ရွှင်စရာတက္ကသိုလ်ကျောင်းသားဘဝ ဟာသလေးတွေ အချစ်ဇာတ်လမ်းတွေနဲ့အတူ စွဲမက်ဖွယ်ရာ ဖတ်ရှုလိုက်ရတဲ့ စာအုပ်ကောင်းတအုပ်ပါပဲရှင်။

ဝတ်မှုံလေး (စာကြမ်းပိုး)

28.4.2023
12:45 PM

https://youtube.com/@user-zj4sj8hc7b

Keep Reading

အင်တာနက်နဲ့ လူနေမှုဘဝ မေတ္တာမဏ္ဍိုင်ဘာကြောင့် စာပေနိုဘယ်ဆုမရသေးတာလဲရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားဟိုလိုလို ဒီလိုလို ဝေလည်လည်အဖေကို ဘာကြောင့်မုန်းတာလဲတဇောက်ကန်းသမားဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) ဂျပွေး ရှင်ကုသလ