Author's Profile Photo

စာကြမ်းပိုး

14/05/2024

တက်ဘုန်းကြီး သိန်းဖေမြင့်

1 min read
Book Review
တက်ဘုန်းကြီး
သိန်းဖေမြင့်'s photo


ဆရာဇော်ဂျီက "သာသနာပြု ဝတ္ထု " လို့ ချီးမွမ်းခဲ့ပြီး ကန္ထလောက မဂ္ဂဇင်းကတော့ "ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသောစာအုပ်မဟုတ်၊ သာသနာတိုးတက်ရန် သာသနာ့ အညစ်အကြေး တို့ကိုသုတ်သင်သောစာအုပ်" လို့မှတ်ချက်ပြုခဲ့တဲ့ စာအုပ် ၊ ဆရာမကြီး ခင်နှင်းယုကတော့ "အလဇ္ဇီ ရဟန်းတွေ ရှိသလို မြတ်စွာဘုရားရဲ့ ဝိနည်း
သိက္ခာ နဲ့ အညီ ကျင့်ကြံအားထုတ်တဲ့ ရဟန်းတော်မြတ်တွေ ၊ သာသနာစောင့်ရှောက်တဲ့ ဘုန်းတော်ကြီးတွေရှိတဲ့ အကြောင်းလည်း ရေးစေချင်ပါတယ် " လို့ အကြံပေးခဲ့တဲ့စာအုပ်ပါ။

ကျွန်မလည်း အဲ့ဒီလို ရေးစေချင်တဲ့စိတ်ဖြစ်မိပေမယ့် စာအုပ်ရဲ့ နောက်ဆုံးမှာပါတဲ့ "ပိဋကတ်တော်စောင့်သူရဲကောင်းများ " ဆိုတဲ့ စာလေးတခုနဲ့တင် ကျေနပ်အားရမှု ဖြစ်မိပါတယ်။ စာရေးသူကိုယ်တိုင်ကပင် "ငယ်ရွယ်သူပီပီ ၊ တက်ခေတ်တက်လူပီပီ ၊ ထက်မြက်လှသည့် အရွယ်ပီပီ တဖက်သတ် တအားထိုးနှက်ထားခဲ့သည်။အမှန်တော့ အကောင်းနှင့်အဆိုးယှဉ်ပြသင့်သည်။အလဇ္ဇီ ဒုဿီလများကို ဖော်ထုတ်ရှုတ်ချသလို လဇ္ဇီပေသလ သိက္ခာကာမရဟန်းတော်များကို မီးမောင်းထိုးတင်ပြသင့်သည်" လို့ ဝန်ခံထားပါတယ်။

အညွှန်းတွေကတော့ တကယ့်စာရေးဆရာကြီးတွေ မှတ်ချက်ချပြီးသားတွေရှိတာမို့ ထပ်မံမပြောလိုတော့ပါဘူး။ ဒီစာအုပ်ကို ဖတ်ပြီး ကျွန်မသွားတွေးမိတဲ့စာအုပ်တွေတော့ရှိတယ် ။ အချက်နှစ်ချက်နဲ့ပါ။

ပထမအချက်က သမရိုးကျ ဝတ္ထု အတော်များများလို ပါဝင်တဲ့ဇာတ်ကောင်ကို အကောင်းချည်းမရေးတဲ့ အဆိုးဖက်ကိုပိုသွားစေတဲ့ ဖန်တီးမှု မျိုးတွေပါ။ ဥပမာ -ဝန်စာရေးဦးကြီးရဲ့ ချဉ်ပေါင်ရွက်သည်မောင်မှိုင်း တို့လို ၊ မဟာဆွေ ရဲ့ ဈေးချိုသူတို့လိုပေါ့။ ဇာတ်ကောင်တွေကို မုန်းတီးစေတဲ့ တမူထူးခြားတဲ့ ဖန်တီးမှုတွေပါ။ဒီစာအုပ်မှာလည်း အဲ့ဒီလို ဖန်တီးမှု ကို ခံစားရပါတယ်။

ဒုတိယအချက်က တော့ စာရေးသူရဲ့အသက်အရွယ်ပါ ။ ဒီစာအုပ်ကိုရေးတုန်းက စာရေးသူရဲ့ အသက်က ငယ်သေးတယ် စိတ်က ထက်တယ် အတွေးတွေက လတ်ဆတ်တယ်။ ဆရာမ မစန္ဒာရဲ့ အသက်နှစ်ဆယ်ကျော်ကရေးခဲ့တဲ့ "ငယ်သူမို့ မသိပါ " စာအုပ်ဆိုလည်း သူနောက်ရေးတဲ့ စာအုပ်တွေနဲ့ မတူပဲ ထူးခြားပြီးပေါ့ပါးလတ်ဆတ်နေတာကို ခံစားမိတယ်။

ဘာပဲဖြစ်ဖြစ် ဖတ်သင့်တဲ့ စာအုပ် ၁၀၀ list ထဲမှာပါဝင်နေတဲ့ ဂန္ထဝင်စာအုပ်တစ်အုပ်ဆိုတော့ ဖတ်ခွင့်ရအောင် ငှားပေးတဲ့ အစ်ကိုနဲ့ အစ်မကို ကျေးဇူးအထူးတင်မိပါတယ်ရှင်။ စာအုပ်ကောင်းတအုပ်ပါ ။

ဝတ်မှုံလေး (စာကြမ်းပိုး)

Keep Reading

ညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးလိုမှသုံးပါမေတ္တာမဏ္ဍိုင်အင်တာနက်နဲ့ လူနေမှုဘဝ စိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်ပေးဆပ်သူရဲ့ နှလုံးသားဝိညာဉ်ဟိုလိုလို ဒီလိုလို ဝေလည်လည်အဖေကို ဘာကြောင့်မုန်းတာလဲတဇောက်ကန်းသမား