စာကြမ်းပိုး
ကုန်းဘောင်မင်းဆက်နဲ့ပတ်သက်တာတွေချည်းပဲ ဖတ်နေရာကနေ မွန်မင်းဆက်အကြောင်းဖတ်ရတော့ တမျိုးထူးခြားသွားပါတယ်။ ပထမဆုံး သတိထားမိတဲ့အချက်ကတော့ ကောင်းမွန်ပြေပြစ်လွန်းတဲ့ စကားပြေအရေးအသားပါ။ မွန်နာမည်တွေကို မြန်မာအမည်ပြန်ယူထားတာလေးတွေကို အလွန်သဘောကျမိပါတယ်။
ဒီစာအုပ်ကတော့ မွန်သူရဲကောင်းတွေရဲ့ သတ္တိ ၊ ရဲဝံ့မှု ၊ သစ္စာရှိမှု တို့ကို ရာဇာဓိရာဇ်က တန်ဖိုးထားမှု ၊ ဘုရင်မင်းခေါင်နဲ့ရာဇာဓိရာဇ်တို့ရဲ့ သူရဲကောင်းတွေအပေါ်တန်ဖိုးထားမှု တွေဟာ ကျွန်မအတွက် ဒီစာအုပ်ကို တသသဖြစ်စေရမယ့် အချက်တွေလို့ ဆိုချင်ပါတယ်။
ဒီကြားထဲမှာမှ ဆရာချစ်ဦးညိုရဲ့ "နှင်းကေသရာချစ်တဲ့ သူရဲကောင်း " စာအုပ်ကို ဖတ်ပြီးသူဆိုရင်တော့ မတ်သံလုံခေါ် သူရဲကောင်း လဂွန်းအိမ် ရဲ့အကြောင်းကို ဒီစာအုပ်ဖတ်ပြီးတဲ့အခါ ဆက်စပ်မိကာ ပိုပြီး မှတ်မှတ်ထင်ထင်ရှိနေကြမှာ သေချာပါတယ်။
ဆယ်တန်းတုန်းက သင်ရတဲ့ မပစ်နွှဲ (ဗျည်းနွဲ့) နဲ့ ရာဇာဓိရာဇ် စီးချင်းထိုးတဲ့ အကြောင်း ၊ သမိန်ဗရမ်းနဲ့ ဂါမဏိရဲ့ စီးချင်းတိုက်ပွဲ ၊လဂွန်းအိန် ၊ သမိန်ဗြဇ္ဇ ၊ ဂါမဏိ စတဲ့ စတဲ့ သူရဲကောင်းတွေ အကြောင်း တွေဖတ်ရတာအားရမှုရှိသလောက် တလမည်ဒေါ ကို မျက်ကွယ်ပြုပြီး လင်ရှိမယား ဆီသည်မွေ့မနိတ်ကို မိဖုရားကြီးမြှောက်တာတ်ု့ ၊ သားတော်ဘောလောကျန်းဒေါကို ကွပ်မျက်ဖို့ကြံစည်တာတို့ တော်ရုံတန်ရုံမဟုတ်ပဲ နိမိတ်တွေ အခါတွေ ယူလွန်းတာတို့ ကိုတော့ သိပ်သဘောမကျလှဘူး ။
ဖြစ်ရပ်မှန်တွေက ဇာတ်လမ်းတွေထက် ပိုပြီး ဆန်းကြယ်သတဲ့။ ဒီရာဇာဓိရာဇ်အရေးတော်ပုံကျမ်းကိုတော့ ကျွန်မအနေနဲ့ အညွှန်းထက်စာရင် အဲ့ဒီထဲက ဖြစ်ပျက်ခဲ့တဲ့ ဆန်းကြယ်တဲ့အဖြစ်အပျက်တွေကို ပြန်လည်ဆွေးနွေးတာမျိုး ပဲပိုပြီးလုပ်ချင်ပါတယ်၊ ဒီစာအုပ်မှမဟုတ်ဘူး ။ ဆရာညိုမြရဲ့ ကုန်းဘောင်ရှာပုံတော်ဖတ်တုန်းကလည်း အဲ့ဒီလိုပဲ ၊ အချက်တိုင်း အဖြစ်အပျက်တိုင်းဟာ ဇာတ်လမ်းဆန်နေပြီး ဖတ်တဲ့တလျှောက်လုံး ဘေးကလူတွေကိုပြန်ပြောပြဖြစ်နေတယ်။ စိတ်ဝင်စားဖို့ကောင်းလို့ပါ။
ညွန်းမယ်ဆို တစ်အုပ်လုံးလိုလိုက အချက်တွေက ညွှန်းစရာတွေချည်းဖြစ်နေတာကြောင့် ဖတ်ကြည့်လိုက်ပြီး ပြန်ဆွေးနွေးဖို့ကောင်းတဲ့စာအုပ်တစ်အုပ်လို့ ဆိုပါရစေရှင်..
ဝတ်မှုံလေး (စာကြမ်းပိုး)
Keep Reading