SarPhat Author

ကျနော်အကြိုက်ဆုံး ဗီလိန်
လောကကြီးကလည်း ဆန်းကြယ်သားနော် စာရေးဆရာရေ။ ဗီလိန်လို့ ထင်ထားတဲ့သူက ဟီးရိုးဖြစ်သွားတယ်တဲ့။
မြန်မာမှုခင်းဝတ္ထုစစ်စစ်တပုဒ်လို့ တင်စားရမှာပါ။ ကျနော်ကိုယ်တိုင်ကလည်း မှုခင်းဝတ္ထုတွေဆိုရင် ကြိုက်တတ်လာပြီ။ အရင်တုန်းကတော့ အတ္ထုပ္ပတိတွေ၊ တက်ကျမ်းတွေလောက်ပဲ အဖတ်များခဲ့တာပါ။ အခုတော့ ကိုယ်ကိုတိုင်ကလည်း စာပေရေးသားချင်စိတ် ဖြစ်လာတော့ ဝတ္ထုတိုကလေးတွေ ရေးလာခဲ့တယ်လေ။ ရေးလာပြီဆိုတော့ စာဖတ်အား ကောင်းဖို့လည်း လိုတာပေါ့။ ဒါကြောင့် စာအစုံ ဖတ်ကြည့်ဖြစ်လာတယ်။ အများဆုံးဖတ်ဖြစ်တာကတော့ ဆရာမပျိုးရဲ့ စာအုပ်အချို့ပေါ့။ ဆရာချစ်ခိုင်စံကတော့ အခုမှ စဖတ်ဖူးတာပါ။
ဗီလိန်စာအုပ်က ကျနော် ပထမဆုံးဖတ်ဖူးတဲ့ မြန်မာမှုခင်းစစ်စစ်ဝတ္ထု စာအုပ်ပါ။ ဒီဇာတ်လမ်းလေးမှာ စာရေးဆရာတယောက်နဲ့ သူ့ရဲ့ စာအုပ်ထွက်ရှိခြင်းအမှတ်တရ လက်မှတ်ရေးထိုးပွဲ လုပ်နေတယ်။ ဒီအချိန်မှာ သူနဲ့ခင်မင်တဲ့ ကောင်မလေးနဲ့သူ့သူငယ်ချင်းတို့ ရောက်လာတယ်။ အဲ့ဒီမှာ သူငယ်ချင်းကောင်မလေးကို ကြွေသွားတော့တာပဲ။ ပြီးတော့ စာရေးဆရာက ဇာတ်လမ်းစတော့တာပေါ့ဗျာ။
တိုတိုပြောရမယ်ဆိုရင် သူတို့ချစ်သူဖြစ်သွားကြတယ်။ ချစ်သူဖြစ်ပြီး ရက်ပိုင်းပဲရှိသေးတယ်။ စာရေးဆရာက မခေါ်ပါပဲနဲ့ သူ့ဆီကို ဒုက္ခဆိုတဲ့အရာက ဆိုက်ဆိုက်မြိုက်မြိုက်နဲ့ ရောက်လာပါလေရော။ ဘယ်လိုလည်းဆိုတော့ သူရေးတဲ့ဝတ္ထုထဲမှာပါတဲ့ လူသတ်မှုနဲ့ အပြင်မှာဖြစ်တဲ့ လူသတ်မှုမှာ သူ့ဝတ္ထုထဲကအတိုင်း တထေရာထဲ ဖြစ်နေလို့တဲ့လေ။ သေဆုံးသူကို စုံစမ်းတော့ စာရေးဆရာရဲ့ ကောင်မလေးရဲ့အကို ဝမ်းကွဲဖြစ်နေတယ်တဲ့။
အမှုမှန် မပေါ်ပေါက်မချင်း စာရေးဆရာကို အချုပ်ထဲမှာပဲ ထားတယ်။ ပထမတော့ ကျနော်လည်း စာဖတ်နေရင်း ရှေ့ဆက်မဖတ်သေးပဲ တရားခံဘယ်သူလည်း ပုံဖော်ကြည့်သေးတယ်။ သူ့ကောင်မလေးနဲ့ ပတ်သက်တဲ့ ဆွေမျိုးမကင်းသူတွေချည်း အသတ်ခံနေရတော့ သူ့ကောင်မလေးက တရားခံလို့တောင် ထင်လိုက်မိသေးတယ်။ နောက်ဆုံးတော့ ဘယ်ဟုတ်မလဲဗျာ။ ဆရာရဲ့ မှုခင်းဆန်ဆန် လှည့်ကွက်မှာ မျောပါသွားရင်း အချုပ်ထဲမှာ ရောက်နေတဲ့ ဗီလိန်ဟာ ဟီးရိုးဖြစ်သွားတယ်။ ပြီးတော့လည်း ဟတ်ပြီးအန်းဒင်းနဲ့ပါ အဆုံးသတ်ကို လှလှပပ လှည့်ကွက် မြှုပ်ကွက်တွေနဲ့ ရေးသားထားတော့ လက်က မချချင်ပဲ တထိုင်ထဲ အပြီးဖတ်ခဲ့ရတယ်။ သိပ်ကြိုက်တဲ့ဝတ္ထုလေးပါ။
မှုခင်းဝတ္ထုဖတ်ချင်ပါတယ် ဆိုရင်တော့ ဒီဝတ္ထုလေးကို ဖတ်ကြည့်ပါလို့ ညွှန်းဆိုပါရစေ။ ။
ကိုမျိုး
Keep Reading