SarPhat Author
လူကောင်းနှင့်လူဆိုးဟူသည် ကိုယ်၊နှုတ်၊စိတ် ကံ(၃)ပါးလုံး
ဆန့်ကျင်ဘက်ပင်ဖြစ်သည်။ ဤသည်ကိုမြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့သည့် ရေစုန်ရေဆန်ဥပမာနှင့်သာရှင်းပြချင်ပါသည်။မကောင်းမှုဟူသည်ရေစုန်နှင့်တူပေသည်။ရေစုန်သည်အလိုက်သင့်လေးနေလိုက်ရုံဖြင့်ရေစီးကြောင်းအတိုင်းအလွယ်တကူလိုက်နိုင်ရာပင်ပန်းခြင်းလည်းစိုးစဉ်းမျှမရှိချေ။ ထို့ကြောင့် လူတို့သည်ကောင်းမှုထက်မကောင်းမှု၌ပို၍မွေ့ပျော်နေကြခြင်းဖြစ်ပေလိမ့်မည်။social media , Internet ပေါ်တွင်စရိုက်မျိုးစုံ၊လူပေါင်းစုံတို့၏နေ့စဉ်ပြဿနာအမျိုးမျိုးတို့ကိုကြည့်ခြင်းအားဖြင့်လူတို့သည်သိ၍ဖြစ်စေ၊မသိ၍ဖြစ်စေ မကောင်းမှုကိုပြုလုပ်နေကြမှန်း၊ပြုလုပ်နေမိမှန်းသိမြင်နိုင်သည်။၎င်းမှတစ်ဆင့်လောကတွင်လူကောင်းထက်လူဆိုးကပိုများကြောင်းခန့်မှန်းနိုင်ပေသည်။ကုသိုလ်ကောင်းမှုသည်ကား၎င်းနှင့်ဆန့်ကျင်ဘက်ဖြစ်ပေသည်။တစ်နည်းအားဖြင့်ရေဆန်နှင့်တူပေသည်။ရေဆန်သည်ရေစုန်ကိုဆန့်ကျင်၍တက်ရသဖြင့် လုံ့လ၊ဝီရိယ၊သတ္တိတို့များစွာလိုအပ်ပေသည်။ခက်လည်းခက်ခဲပေသည်။ကျွန်မတို့၏စိတ်ကိုမြတ်စွာဘုရားရှင်က တောမျောက်နှင့်တူသည်ဟုဥပမာပေးခဲ့သည်။တောမျောက်သည်အငြိမ်မနေ။တွေ့ရာအာရုံ၌ကျက်စားနေတတ်သည်။ဣန္ဒြေမရှိပေ။အထိန်းအကွယ်မရှိသောစိတ်သည်လည်း သူတစ်ဖက်သားကိုလိမ်ချင်လျှင်လိမ်လိုက်သည်။မိမိအပြုအမူ၊အပြောအဆိုကြောင့်သူတစ်ပါးမည်မျှထိခိုက်ခံစားသွားရမည်ကိုမစဉ်းစားတတ်ပေ။လှတာလေးမြင်လျှင်လိုချင်ပြန်၊ မရပါကပူလောင်ကြရသည်။ထိုကဲ့သို့ညံ့ဖျင်းသောစိတ်ကိုသတိတရားနှင့်ဆုံးမရပေမည်။ထိန်းကွပ်ရပေမည်။ပထမတော့ခက်ခဲပေလိမ့်မည်။သို့သော်အချိန်ကြာလာသည်နှင့်အမျှစိတ်ကတဖြည်းဖြည်းတည်ငြိမ်လာကာရင့်ကျက်လာပေလိမ့်မည်။ဤသို့ဖြင့်လူဆိုးကလူကောင်းအဖြစ်သို့ တဖြည်းဖြည်းပြောင်းလဲလေ့ကျင့်နိုင်ပေသည်။ဤသို့ပြုလုပ်ရန်မှာလည်းတခြားသူ၌တာဝန်မရှိ။ကိုယ်ကိုယ်တိုင်တာဝန်ယူတတ်ရမည်။မိမိတိုးတက်ချင်လျှင်မိမိကိုယ်တိုင်ပြောင်းလဲရပေမည်။ဤနေရာ၌ကျွန်မတို့မြန်မာစာဆရာမပြောခဲ့ဖူးသည်ကိုတခုတ်တရ
သတိရလာသည်။လူတို့၏ဗီဇဟူသည်မွေးရာပါဖြစ်၏။ပြောင်းလဲ၍မရ။သို့သော် အလေ့အကျင့်ဟူသည်ကားမွေးမြူလေ့ကျင့်ရပေသည်။ကောင်းသည့်အလေ့အကျင့်များကို နေ့စဉ်ပြုလုပ်ပေးသွားလျှင်တစ်ချိန်ချိန်၌ထိုအလေ့အကျင့်သည်မိမိ၏ဗီဇလိုဖြစ်လာပေလိမ့်မည်။ဤသို့ဖြင့်မိမိတို့ဘဝကိုအကောင်းဆုံးတည်ဆောက်နိုင်ပေသည်။လူဆိုးဖြစ်နေခဲ့လျှင်လည်းအမှန်ကိုနားလည်သိမြင်သည့်အချိန်ကစ၍ပြောင်းလဲနိုင်ပေသည်။ထိုသို့ပြောင်းလဲမှုစတင်သောအချိန်၌ပင်ကိုယ့်ကိုလူကောင်းတစ်ယောက်ဟုသတ်မှတ်နိုင်ပေသည်။လူကောင်းဖြစ်ရုံနှင့်လည်းမပြီးသေး။ လူတော်ဖြစ်အောင်ကြိုးစားရပေမည်။လူကောင်းနှင့်လူတော်သည်စွယ်တော်ရွက်နှင့်တူပေသည်။နှစ်လွှာပေါင်းမှသာတစ်ရွက်မည်၍ တင့်တယ်ပေလိမ့်မည်။ လူတစ်ယောက်သည်ကိုယ်ကျင့်တရားလည်းကောင်းမွန်ပြီးအတတ်ပညာပါပြည့်စုံနေမှသာ လောကအကျိုး၊ပတ်ဝန်းကျင်အကျိုးကိုအပြည့်အဝထမ်းရွက်နိုင်လိမ့်မည်။ကိုယ်တွေ့ဥပမာတစ်ခုပြပါအံ့။ ဆေးပညာတတ်မြောက်ထားသောဆရာဝန်"လူတော်"ပင်ဖြစ်လင့်ကစား လူနာနှင့်လူနာမိသားစုဝင်များအပေါ် လေးစားမှုမရှိဘဲ ရိုင်းစိုင်းသောစကားလုံးများဖြင့် ရင့်ရင့်သီးသီးပြောဆိုဆက်ဆံပါကပတ်ဝန်းကျင်၏ရှုတ်ချခြင်းကိုသေချာပေါက်ခံရပေလိမ့်မည်။သူသည် အတတ်ပညာရှိခြင်းကြောင့် good doctorတစ်ယောက်ဖြစ်ကောင်းဖြစ်လိမ့်မည်။သို့သော် ဆေးပညာဆောင်ပုဒ်ဖြစ်သည့် 'ဥပဌာနံ၊အနုကမ္မာ၊ဒယာ' ရှိ 'ဒယာ=လူလူချင်းညှာတာထောက်ထားသောအသိဖြင့်ပြုစုကုသပါမည်' ဟူသော အခြေခံအသိပညာကင်းမဲ့လေသဖြင့် professional doctor တော့ဖြစ်မလာနိုင်ပေ။လူတော်ဖြစ်ပြီးကိုယ်ကျင့်တရား၌ချို့ယွင်းချက်ရှိနေပါက မည်သူမဆိုမိမိကိုယ်ကိုယ်တောင်လေးစားနိုင်လိမ့်မည်မဟုတ်။ပတ်ဝန်းကျင်ဟူသည်အဝေးကြီးပင်ဖြစ်သည်။ထပ်လောင်းဖြည့်စွက်ရသော်"အတတ်ပညာပြည့်စုံကလူတော်ဖြစ်နိုင်၍ လူကောင်းဖြစ်ရန်မှာကားအသိပညာပါပြည့်စုံရန်လိုအပ်သည်"ဟုပါချုပ်ဆရာတော်ဘုရားမိန့်ကြားခဲ့ဖူးသည်။စာသင်သားလူငယ်လူရွယ်တို့အနေဖြင့် မိမိတို့လေ့လာနေသောပညာရပ်နယ်ပယ်၌ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်အောင်ကြိုးစားလေ့လာသင့်ပေသည်။ဤနေရာ၌ဆရာအောင်သင်း၏"လူရာဝင်ချင်ရင်အသုံးကျအောင်အရင်လုပ်"ဟူသောဆုံးမစကားလေးကိုအမြဲအမှတ်ရစေချင်သည်။အလုပ်တစ်ခုခုလုပ်လျှင်မိမိကတစ်ထောင့်တစ်နေရာ၌အားကိုးရပါမှ ပတ်ဝန်းကျင်ကလည်းမိမိကိုနေရာပေးကာယုံကြည်လာလိမ့်မည်။ထို့ကြောင့်လူတော်ဖြစ်ရန်ကျွမ်းကျင်မှုလိုအပ်ပေသည်။မိမိတို့ဝါသနာပါရာလေ့လာနေကြသည့်နယ်ပယ်အလိုက် အတတ်ပညာမျိုးစုံကွဲပြားနိုင်သော်လည်း ကိုယ့်ဘက်ကကျွမ်းကျင်မှုရှိမှသာလူတော်ဖြစ်မည်ဟူသောအချက်မှာကားအမှန်တရားပင်ဖြစ်ပေသည်။စာသင်သားလူငယ်လူရွယ်တို့အနေဖြင့်အတတ်ပညာတစ်ခုခုလေ့လာနေရင်း တစ်ဖက်၌လည်း လူကောင်းဖြစ်လာရန်မိမိ၏စိတ်ကိုသတိနှင့်ဆုံးမသွားသင့်ပေသည်။ပထမခြေလှမ်းသာခက်ခဲ၊ပင်ပန်းပေလိမ့်မည်။သို့သော်ပညာသင်စဉ်အရွယ်ကပင်ယခုလို မိမိကိုယ်ကိုကောင်းမွန်တိုးတက်အောင်လေ့ကျင့်သွားလျှင် အတတ်ပညာပြည့်စုံသည့်တစ်နေ့ ပတ်ဝန်းကျင်နှင့်ဆက်ဆံ၍အလုပ်လုပ်လာရသည့်အခါ၌အခက်အခဲမရှိဘဲလူတိုင်း၏လေးစားယုံကြည်မှုကိုခံရပေလိမ့်မည်။ထို့မှသာမည့်သည့်နေရာဒေသသို့ရောက်နေပါစေ ကိုယ့်နာမည်သည်"လူတော်၊လူကောင်း" ဟူသည့်ဂုဏ်ပုဒ်နှင့်အတူအမြဲတမ်းမွှေးပျံ့နေလိမ့်မည်ဖြစ်ပေသည်။
Keep Reading