Nicolette
ဘာသာပြန်ဝတ္ထုရှည်
အခန်း 2 - ဒဂ်ဂရီနဲ့ သူ့ဦးလေး
ဖြစ်ပျက်သွားတာ အရမ်းမြန်လွန်းပြီး ဒါမျိုးကို အိပ်မက်ဆိုးထဲမှာတောင် မတွေ့ဖူးတဲ့ ဒဂ်ဂရီတစ်ယောက် အသားကုန် အော်မိလိုက်တယ်။
ဦးလေး အင်ဒရူးက သူ့ပါးစပ်ကို လက်နဲ့အတင်းလိုက်ပိတ်တယ် “အသံမထွက်နဲ့၊ အသံထွက်တာနဲ့ မင်းအမေသိသွားလိမ့်မယ်၊ လန့်သွားရင် မင်းအမေရောဂါအတွက် မကောင်းတာ မင်းသိတယ်မလား”
ကြောက်လန့်လွန်းလို့ ဒဂ်ဂရီ နေမကောင်းသလိုတောင် ဖြစ်ချင်လာပေမယ့် နောက်ထပ်အသံထပ်မထွက်ရဲတော့ပါဘူး။
“အေး အသံမထွက်နဲ့တော့ ၊ ပြောမယ့်သာ ပြောရတာ လူတစ်ယောက်လုံး ဘွားခနဲ ပျောက်သွားတာကို ပထမဆုံး မြင်လိုက်ရတော့ မင်းလည်းလန့်သွားမှာပါပဲ၊
ခွေးတူဝက်တူတွေနဲ့ စမ်းသပ်တုန်းကလဲ သူတို့ဘွားခနဲ့ ပျောက်သွားလို့ ငါတောင် အော်မိလိုက်သေးတယ်” ဉီးလေးအင်ဒရူးက ပြောတယ်။
“ဟိုနေ့က အော်သံက ဦးလေး အော်လိုက်တာလား” ဒဂ်ဂရီ မေးလိုက်တယ်။
“မင်းကြားလိုက်တာလား၊ မင်းငါ့ကို အရင်ကတည်းက လိုက်ချောင်းနေတာတော့ မဟုတ်ပါဘူးနော်”
“မဟုတ်ပါဘူး ၊ ကျွန်တော် လိုက်မချောင်းပါဘူး” ဒဂ်ဂရီကပြောတယ် “ဒါနဲ့ ပေါ်လီ ဘာဖြစ်သွားတာလဲ”
“ငါ့ကို ဂုဏ်ပြုပေးပါဦး ငါ့တူလေးရေ” ဦးလေးအင်ဒရူးက သူ့လက်နှစ်ဖက်ကိုပွတ်ရင်း ဝမ်းသာအားရပြောတယ်
“ငါ့ စမ်းသပ်မှုအောင်မြင်သွားပြီ၊ မင်းသူငယ်ချင်းကို ဒီကမ္ဘာကနေ ဖျောက်ပစ်လိုက်နိုင်ပြီလေ”
“ဦးလေး သူ့ကို ဘာလုပ်လိုက်တာလဲ”
“နောက်ကမ္ဘာတစ်ခုကို ပို့ပေးလိုက်တာလေ”
“ဘာကိုဆိုလိုတာလဲ” ဒဂ်ဂရီ မေးတယ်။
ဦးလေးအင်ဒရူးက ထိုင်ခုံမှာ ထိုင်လိုက်တယ် “ကောင်းပြီ ငါမင်းကို အားလုံးပြောပြမယ်၊ မင်း အဘွားကြီး မစ္စစ်လဖေး အကြောင်းသိလား”
“သူမက ဦးလေးတို့ မောင်နှမတွေရဲ့ အဒေါ်မလား” ဒဂ်ဂရီက မေးတယ်။
“မဟုတ်ဘူးကွ” ဦးလေးအင်ဒရူးက ပြောတယ် “သူမက ငါ့ရဲ့ခေါင်းကိုင်မိခင်လေ ၊ ဟိုနံရံပေါ်ကိုကြည့်လိုက် သူ့ပုံချိတ်ထားတယ်”
ဦးလေးအင်ဒရူး ညွှန်ပြတဲ့နံရံကို လှမ်းကြည့်လိုက်တာ့ အတွန့်အကြီးကြီးတွေပါတဲ့ ဘိုးနက်ခေါင်းဆောင်း ဆောင်းထားတဲ့ အဘွားအိုတစ်ယောက်ရဲ့ ဓာတ်ပုံဟောင်း တစ်ပုံကိုတွေ့တယ်။
ဒီပုံကို မြင်ဖူးသလိုလိုပဲလို့ ဒဂ်ဂရီ စဉ်းစားမိတယ်။ သူအရင်နေခဲ့တဲ့ ကျေးလက်မှာရှိတဲ့အိမ်ရဲ့ အခန်းတစ်ခန်းထဲက အံဆွဲအဟောင်းထဲမှာ ဒီပုံနဲ့တူတဲ့ ဓာတ်ပုံတစ်ပုံ ဒဂ်ဂရီတွေ့ဖူးတယ်။
သူ့အမေကို ဓာတ်ပုံအကြောင်းမေးကြည့်တော့ ဘာမှသိပ်မပြောပြဘူးလေ။ သူ့အမေက မဖြေချင်ဘူးဖြစ်နေတာ။
ဓာတ်ပုံထဲက အဘွားအိုက စိတ်ထားကောင်းတဲ့ပုံလဲ မပေါ်ဘူးလို့ ဒဂ်ဂရီတွေ့မိပေမယ့် ဟိုးတုန်းက ရိုက်ထားတဲ့ ဓာတ်ပုံထဲက လူတွေရဲ့မျက်နှာက ဒီလိုစူပုတ်နေကြတာပါပဲ။
“မစ္စစ်လစ်ဖေးနဲ့ ပတ်သတ်ပြီး မှားနေတာရှိလို့လား ဦးလေးအင်ဒရူး” သူမေးလိုက်တယ်။
“အင်း…” ဦးလေးအင်ဒရူးက ဟက်ခနဲ ရယ်တယ် “မှားတယ်ဆိုတာက မင်းသတ်မှတ်တဲ့ပေါ်မှာမူတည်တယ်၊ မင်းက လူတစ်ယောက်ကို မှားနေတယ်လို့ သတ်မှတ်လိုက်ရင် သူကမှားသွားတာပဲကွ၊
တချို့လူတွေက စိတ်သဘောထား အရမ်းကျဉ်းမြောင်းကြတယ်လေ၊ မစ္စစ်လစ်ဖေးက မမှားပါဘူး၊ သူမက သူများထပ် ထူးခြားနေရုံပါပဲ၊ သူမပိတ်လှောင်ခံခဲ့ရတယ်”
“စိတ်ရောဂါ ဆေးရုံမှာလား”
“မဟုတ်ဘူး စိတ်ရောဂါဆေးရုံမဟုတ်ဘူး” အလန့်တကြားနဲ့ ဦးလေးအင်ဒရူး ထငြင်းတယ် “ထောင်ထဲမှာ ပိတ်ထားလိုက်တာ”
“ကျွန်တော်ထင်သားပဲ ၊ မစ္စစ်လစ်ဖေးက ဘာအပြစ်လုပ်ခဲ့တာလဲ” ဒဂ်ဂရီ မေးတယ်။
“သနားစရာကောင်းတဲ့ အမျိုးသမီးကြီးပါကွာ” ဦးလေးအင်ဒရူးက ပြောတယ် “သူမက အကျိုးမရှိတဲ့ ကောင်းတဲ့အရာတွေကို လုပ်ခဲ့တာကွ၊ ငါ့အပေါ်လဲ အမြဲ ကြင်ကြင်နာနာ ဆက်ဆံခဲ့တာ”
“ဒါပေမယ့် အခုအကြောင်းက ပေါ်လီနဲ့ ဘာဆိုင်လို့လဲ ၊ ကျွန်တော်က ဦးလေးရှင်းပြ………”
“အချိန်ကောင်းတစ်ခုရောက်တော့ ငါ့တူရာ” ဦးလေးအင်ဒရူးက ဒဂ်ဂရီစကားကို ဖြတ်ပြောတယ် “သူတို့တွေ မစ္စလစ်ဖေးကို လွတ်ပေးလိုက်ကြတယ်ကွ၊
သူမ သေခါနီး အချိန်မှာပေါ့၊ သူမ နောက်ဆုံးအချိန်မှာ ငါနဲ့ တချို့လူနည်းနည်းက လွဲရင် ဘယ်သူနဲ့မှ အတွေ့မခံတော့ဘူးလေ
သူမက လူတွေကို မုန်းသွားပြီး ရှောင်နေလိုက်တော့တာ၊ အခုငါလဲ အဲ့လိုဖြစ်နေပြီ၊ လူတွေကို တက်နိုင်သမျှရှောင်ပြီးနေတာလေ၊ သူမနဲ့ငါက စိတ်ဝင်စားတဲ့အရာတွေချင်းလဲ တူတယ်ကွ၊
သူမ မဆုံးခင် ရက်အနည်းငယ်အလိုမှာ သူမအိမ်ကို ငါရောက်သွားတော့ ငါ့ကို စားပွဲခုံအဟောင်းတစ်ခုအောက်က အံဆွဲတစ်ခုထဲမှာ သေတ္တာတစ်လုံးကို ရှာခိုင်းတယ်၊
ပြီးတော့ သူမသေတာနဲ့ ဒီသေတ္တာကို မီးရှို့ပေးဖို့ နဲ့ ဖွင့်မကြည့်ဖို့ မှာခဲ့တာ၊ ငါလဲ ကတိပေးခဲ့တာပေါ့"
သို့ပေမယ့် သေတ္တာကို ငါကိုင်လိုက်တာနဲ့ စိတ်လှုပ်ရှားစရာ လျှို့ဝှက်ချက်ကြီးကို ရပြီဆိုပြီး ကတိမတည်နိုင်တော့ဘူး”
“ဒါဆို ဦးလေးက ပုတ်သိုးနေတာပဲဗျ” ဒဂ်ဂရီက ပြောတယ်။
“ပုတ်သိုးနေတယ်” ဦးလေးအင်ဒရူးက နားမလည်ဖြစ်နေတယ် “အော် ငါသိပြီ မင်းက ငါ့ကတိကိုမတည်နိုင်ခဲ့လို့ ပြောတာပဲ၊ ကတိတည်ရမယ်၊ ကတိတစ်လုံးက တန်ဖိုးရှိတယ်လို့ မင်းသင်ကြားခံခဲ့ရတာ ငါဝမ်းသာပါတယ်၊
ဟုတ်ပါတယ် လူတိုင်းက ကတိတည်သင့်တယ်၊ ယောင်္ကျား၊ မိန်းမ ၊ ကလေး၊ အစေခံ၊ လူတွေအားလုံးပေါ့။
ဒါပေမယ့် ငါ့ကောင်ရာ ငါ့လိုမျိုး ဉာဏ်ပညာကြီးမားပြီး၊ လျှို့ဝှက်ဆန်းကြယ်တွေနဲ့ ပြည့်နှက်နေတဲ့ လူတစ်ယောက်က အဲ့လိုအခြေခံစည်းမျည်းတွေကနေ လွတ်တယ်ကွ ဟဲ ဟဲ၊
ငါတို့လို လူမျိုးတွေသာ လျှို့ဝှက်ချက်တွေရဲ့ အထီးကျန်မှုတွေနဲ့ တန်ဖိုးတွေကိုသိတာလေ”
ဦးလေးအင်ဒရူးက ဒီစကားပြောပြီးတာနဲ့ သက်ပြင်းချလိုက်တယ်။
သူ့ဦးလေးက အရမ်းလဲ ဆိုးဝါးမနေပါဘူးလေလို့ ဒဂ်ဂရီတွေးမိပေမယ့် ပေါ်လီမပျောက်သွားခင်မှာ ဖြစ်သွားတဲ့ ဦးလေးအင်ဒရူးရဲ့ ကြောက်စရာမျက်နှာကြီးကို မမေ့ပစ်နိုင်သေးဘူး။
စကားအသွားအလာကြည့်ရတာလဲ ဦးလေးအင်ဒရူးက သူကြိုက်တာ သူလုပ်၊ ထင်တိုင်းကျဲမယ့်ပုံကြီး။
“ငါလဲ သေတ္တာကို အချိန်ကြာတဲ့အထိ ဖွင့်မကြည့်ရဲခဲ့ပါဘူး၊ အရမ်းအန္တရာယ်များတဲ့အရာ တစ်ခုခုပါမယ်လို့ ခန့်မှန်းမိတယ်လေ၊ မစ္စလစ်ဖေးက နတ်သွေးပါတဲ့အမျိုးသမီးတစ်ယောက်ပဲ၊
သူမတို့ခေတ်တုန်းက အဲ့လိုနတ်သွေးပါတဲ့ အမျိုးသမီးလို့ ပြောခံရတာ သူမအပြင် နယ်စားကတော်တစ်ယောက်နဲ့ အမျိုးသမီးအကြီးအကဲတစ်ယောက်ပဲရှိတယ်၊
မစ္စလစ်ဖေးက ငါ့ခေါင်းကိုင်မိခင်ဆိုတော့ ငါကလဲ နတ်နဲ့ အမျိုးတော်တယ်ပြောရမလားပဲ”
“ပစ္စလစ်ဖေးက ကောင်းတဲ့နတ်သမီးတော့ ဟုတ်မယ်မထင်ဘူး” ဒဂ်ဂရီတွေးမိတယ်။
“ပေါ်လီ ဘာဖြစ်သွားတာလဲ” ဒဂ်ဂရီ ထပ်မေးတယ်။
“ဒါကိုပဲ ထပ်တလဲလဲ မေးနေတော့တာပဲ၊ ငါပြောပြနေတယ်လေ၊ သေတ္တာကို မဖွင့်ရဲသေးလို့ ငါပထမဆုံးလုပ်တဲ့အလုပ်က သေတ္တာရဲ့အပြင်ကို လေ့လာတာပဲ၊ သေတ္တာက အရမ်းရှေးဟောင်းကျလွန်းတယ်၊
ငါလိုက်လေ့လာကြည့်တော့ သေတ္တာရဲ့လက်ရာက အီဂျစ်ကလဲ မဟုတ်ဘူး၊ ဂရိကလဲ မဟုတ်ဘူး၊ ဟိတ္တိ၊ တရုတ် ကလဲမဟုတ်ဘူး။ အဲ့နိုင်ငံတွေထက်ကို ပိုပြီးရှေးကျတဲ့လက်ရာကွ၊
ငါရအောင် ရှာနိုင်ခဲ့တယ် သေတ္တာက အတ္တလန်တီယန်လက်ရာတဲ့ ၊ပျောက်ဆုံးနေတဲ့ အတ္တလန္တိတ်ဆီကနေ ရောက်လာတဲ့ သေတ္တာ၊
ဉရောပမှာ ရှာဖွေတွေ့ရှိထားတဲ့အရာအားလုံးထက်ပိုပြီး ရှေးကျတယ်၊ အထက်တန်းဆန်တယ်၊ အတ္တလန္တိတ်က ဟိုးတုန်းကတည်းက အထက်တန်းကျတဲ့ လူနေမှုစနစ်ရှိတယ်။”
ဉီးလေးအင်ဒရူးက စကားကို ခဏရပ်ပြီး ဒဂ်ဂရီများ သူ့ကိုတစ်ခုခုမေးမလားလို့ စောင့်နေတယ်။
ဒဂ်ဂရီဘာမှ မမေးပါဘူး။ ပေါ်လီအကြောင်းမပြောသေးလို့ သူ့ဦးလေးကို စိတ်ပဲတိုနေတယ်။
“ငါဆက်ပြီး လေ့လာခဲ့တယ်” ဦးလေးအင်ဒရူးက ဆက်ပြောတယ် “ဒီသေတ္တာက ထူးခြားတဲ့ မှော်အစီအရင်တွေနဲ့ ပတ်သတ်တယ်ဆိုတာကို သိလာရတယ်၊ ငါသိပ်မကောင်းတဲ့ မှော်ပညာရှင်တွေနဲ့လဲ တွေ့ခဲ့သေးတယ်ကွာ၊
သူတို့က ငါ့ကို ဦးနှောက်ခြောက်အောင်လုပ်လွန်းလို့ ဆံပင်တွေအကုန်ဖြူကုန်တယ်၊ သူတို့ရဲ့ ရူးမိုက်တဲ့ အစီအစဉ်တွေကိုတော့ ငါလက်မခံခဲ့ပါဘူး၊ ငါက မှော်ပညာကို လေ့လာခဲ့ပေမယ့် မှော်ဆရာတစ်ယောက်ဖြစ်မလာဘဲ ကျန်းမာရေးတဖြည်းဖြည်း ချို့ယွင်းလာတယ်၊
နောက်ဆုံးတော့ သေတ္တာထဲက မှော်ပညာက ဘာလဲဆိုတာ ငါသိလာရတယ်”
ဒဂ်ဂရီဆက်ပြီး နားထောင်နေပုံ မပေါ်ပေမယ့်လဲ ဦးလေးအင်ဒရူးက စိတ်ရှည်ရှည်နဲ့ ရှင်းပြပါတယ်။
“အတ္တလန်တီယန်သေတ္တာက တခြားကမ္ဘာကို ပို့ပေးနိုင်တဲ့ မှော်သေတ္တာလေးပဲကွ၊ ဒါပေမယ့် သူပို့ပေးနိုင်တဲ့ တခြား ကမ္ဘာက အစပဲရှိသေးတယ်၊ ငါတို့ ကမ္ဘာလိုမဟုတ်ဘူး ၊ လုံးဝ ကမ္ဘာစဖြစ်ခါစ”
“ဘယ်လို” ဒဂ်ဂရီ နည်းနည်းစိတ်ဝင်စားလာပြီ။
“အဲ့ကမ္ဘာပေါ်မှာ ဖုန်မှုန့်တွေပဲရှိသေးတယ်၊ အရမ်းနူးညံ့ သန့်စင်တဲ့ ဖုန်မှုန့်လေးတွေ ၊ ဒီကဖုန်တွေကို ညစ်ပတ်နေတာမျိုး မဟုတ်ဘူး၊
ငါ အဲ့ဒီ့ဖုန်မှုန့်လေးတွေကို စပြီးရတုန်းက တွေးမိတယ်၊ စကြဝဠာထဲမှာ ကမ္ဘာတွေအများကြီးရှိမှာပဲ၊ ဒီလိုကမ္ဘာတွေထဲကို ငါမှော်ပညာနဲ့ သွားလို့ရပြီလို့လေ” ဦးလေးအင်ဒရူးရဲ့ မျက်လုံးတွေက တောက်ပနေတယ်။
“ဒီသေတ္တာလေးထဲက လက်စွပ်တွေကို မှန်မှန်ကန်ကန်အသုံးပြုရင် တခြားကမ္ဘာဆီငါ့ကို ခေါ်သွားနိုင်မယ်မှန်းငါသိတယ်၊
ခွေးတူဝက်တူတွေနဲ့ ငါစပြီး စမ်းသပ်ကြည့်တာ၊ တော်တော်များများ သေသွားတယ်၊ တချို့ကောင်တွေပဲ စမ်းသပ်ချက်တွေကို သတ္တိရှိရှိနဲ့ ဆက်ပြီး လုပ်ပေးခဲ့တာ”
“ဦးလေးက အရမ်းရက်စက်တာပဲ” ခွေးတူဝက်တူတစ်ကောင်ကို အိမ်မွေးအနေနဲ့ မွေးခဲ့ဖူးတဲ့ ဒဂ်ဂရီ ဒေါသထွက်သွားတယ်။
“ဘာဖြစ်လဲကွ စမ်းသပ်တော့ ၊ ခွေးတူဝက်တူတွေကို ငါ့ပိုက်ဆံနဲ့ ငါဝယ်ထားတာ၊ တိရိစ္ဆာန်တွေဆိုတာ စမ်းသပ်ဖို့ပဲ၊ နေပါဦး ငါပြောတာ ဘယ်ရောက်သွားပြီလဲ၊
သေတ္တာထဲက လက်စွပ်အဝါကို လူတွေနဲ့ မစမ်းရသေးဘူး၊ ဒါပေမယ့် လက်စွပ်အဝါက တိရိစ္ဆာန်တွေတင်မကဘဲ လူတွေကိုပါ တခြားတဖက်ပို့ပေးနိုင်မယ်ဆိုတာ ငါသိတယ်၊
တိရိစ္ဆာန်တွေနဲ့ မစမ်းချင်တော့ဘူး၊ တခြားကမ္ဘာမှာ ဘာတွေရှိလဲ ပြောပြပေးနိုင်မယ့် လူတွေကိုပဲ စမ်းသပ်ချင်တာ” ဦးလေး အင်ဒရူးက ပြောတယ်။
“စမ်းသပ်လိုက်တဲ့လူတွေ တစ်ခုခုဖြစ်သွားရင် ၊ ပြန်မလာနိုင်ရင် ဦးလေး ဘယ်လိုလုပ်ဦးမှာလဲ” ဒဂ်ဂရီမေးတယ်။
“မင်းက ဆက်တိုက်ကို ငါနဲ့ အတိုက်အခံလုပ်နေတာပဲကွ၊ စမ်းသပ်ခံရတဲ့သူတွေက ငါ့ကို ကျေးဇူးတောင်တင်ရဦးမှာ၊ ဒီလိုတခြားကမ္ဘာကို သွားနိုင်ဖို့ဆိုတာ အင်မတန်ရှားပါးတဲ့ဖြစ်စဉ်ကွ နားလည်လား” ဦးလေးအင်ဒရူးက စိတ်မရှည်စွာ ထအော်တယ်။
“ဒါဆို ဦးလေး အရင်သွားပါလား”
ဒဂ်ဂရီက ပုံမှန်ဆိုရင် သူများတွေနဲ့ ငြင်းခုန်လေ့မရှိပေမယ့် သူ့ဦးလေးကိုတော့ အရမ်းအမြင်ကပ်နေပါပြီ။
“ငါ့ကို သွားခိုင်းနေတယ်ပေါ့ ဟုတ်လား၊ ငါ့အသက်အရွယ် ငါ့ကျန်းမာရေးနဲ့ ဘယ်လိုလုပ်သွားလို့ရမှာလဲကွ၊ ပြီးတော့ တခြားကမ္ဘာဆိုတဲ့ အဓိပ္ပာယ်ကို မင်းနားရောလည်ရဲ့လား၊ ဟိုဘက်မှာ ဘာတွေနဲ့တွေ့ရမလဲဆိုတာ ဘာမှ ကြိုမသိနိုင်ဘူးကွ” ဦးလေးအင်ဒရူးက အော်ဟစ်နေတယ်။
“ပေါ်လီကိုကျတော့ ပို့လိုက်တယ်ပေါ့လေ ဟုတ်လား” ဒဂ်ဂရီရဲ့မျက်နှာက ဒေါသကြောင့်နီရဲနေတယ် “ကိုယ်တောင်သွားဖို့ ကြောက်တဲ့နေရာကို ကောင်မလေးတစ်ယောက်ကို လွှတ်လိုက်တယ်ပေါ့၊ ခင်ဗျားက တကယ့် ငကြောက်ကြီးပဲဗျ”
“တော်စမ်းပါကွာ” ဦးလေးအင်ဒရူးက ခုံကို ပုတ်ရင်းပြောတယ် “မင်းလို ငတုံးငအကောင်နဲ့ စကားပြောလို့ အဆင်ကိုမပြေဘူး၊ ငါက ပညာရှိကြီးကွ၊ စမ်းသပ်မှုကို ဦးဆောင်နေတဲ့ ပညာရှိ၊
မင်းပြောဆိုနေပုံက ခွေးတူဝက်တူတွေကိုတောင် မစမ်းသပ်ခင် သူတို့ခွင့်ပြုချက်ကို ငါက တောင်းရမှာလိုလိုနဲ့၊
မင်းမှတ်ထား ဘယ်ဗိုလ်ချုပ်မှ စစ်ထွက်မတိုက်ဘူး၊ စစ်သားကိုပဲ တိုက်ခိုင်းတာ၊
ကြီးမားတဲ့စမ်းသပ်မှုတွေကလဲ စတေးမှုမရှိဘဲ မအောင်မြင်နိုင်ဘူး၊ ငါသာသေသွားရင် ဒီစမ်းသပ်မှုကို ဘယ်သူက ဆက်လုပ်မှာလဲ၊ ဟာသတွေ လာပြောမနေနဲ့”
“တတွတ်တွတ်လျှောက်ပြောမနေနဲ့ ပေါ်လီ့ကို ဘယ်လိုပြန်ခေါ်ပေးမှာလဲဆိုတာပဲ ပြောပြ” ဒဂ်ဂရီက ပြောတယ်။
“ပြောပြမလို့ဘဲလေ အရိုင်းကောင် မင်းက ခဏခဏ စကားလာဖြတ်ပြောနေတာကိုး” ဦးလေးအင်ဒရူးက ပြောတယ် “အစိမ်းရောင်လက်စွပ်က အိမ်ပြန်တဲ့လမ်းဆိုတာ ငါစမ်းသပ်တွေ့ရှိထားတာ”
“ပေါ်လီ့ဆီမှာ အစိမ်းရောင်လက်စွပ်မှ မရှိတာ”
“မရှိဘူးလေ” ဦးလေးအင်ဒရူးက ရက်စက်စွာပြုံးတယ်။
“ဒါဆို ပေါ်လီပြန်လာလို့ မရတော့ဘူးပေါ့” ဒဂ်ဂရီ အသားကုန်အော်တယ် “ခင်ဗျား လူသတ်လိုက်တာနဲ့ အတူတူပဲ သိရဲ့လား”
“ပြန်လာလို့ရတာပေါ့၊ တစ်ယောက်ယောက်ကသာ အစိမ်းရောင်လက်စွပ်နှစ်ခုကိုယူ၊ အဝါရောင်လက်စွပ်လေးကိုဝတ်ပြီး တခြားကမ္ဘာကို လိုက်သွားရင်
အစိမ်းရောင်လက်စွပ် တစ်ခုက ပေါ်လီ့ကို ၊ နောက်ထပ် အစိမ်းရောင်လက်စွပ်တစ်ခုက လိုက်သွားတဲ့သူကို ပြန်ခေါ်လာပေးမှာလေ” ဦးလေး အင်ဒရူးက ပြောတယ်။
အခုမှပဲ ဒဂ်ဂရီတစ်ယောက် ထောင်ချောက်ကိုမြင်တော့တယ်။ သူအံ့ဩလွန်းလို့ ပါးစပ်အဟောင်း သားနဲ့ ဦးလေးအင်ဒရူးကို ရပ်ကြည့်နေမိတယ်။
“ငါမျှော်လင့်ပါတယ်ကွာ” ဦးလေးအင်ဒရူးက သရော်သလိုပြောတယ် “အရမ်းကိုပညာရှိတဲ့ ဦးလေးက ပြီးပြည့်စုံတဲ့အကြံဉာဏ်ကို ပေးပြီးပြီဆိုတော့ ၊
ဂုဏ်သရေရှိတဲ့ ငါတို့မိသားစုဝင် မင်းက မိန်းခလေးတစ်ယောက်ထဲကို သနားစရာကောင်းလောက်အောင် မပစ်ထားဘူးဆိုတာ ငါမျှော်လင့်တယ်ကွာ ဟဲ…ဟဲ”
“ခင်ဗျားပါးစပ်ကြီး ပိတ်ထားစမ်းပါဗျာ၊ ခင်ဗျားမှာ တကယ်ဂုဏ်သရေရှိရင် ခင်ဗျားဘာသာသွားပါလား၊ ခင်ဗျားမသွားရဲတာ ကျုပ်သိပါတယ်၊
ပေါ်လီတောင် ဘာမှ မသိရှာဘဲ သွားလိုက်ရတာဆိုတော့ ကျုပ်ပဲ သူ့နောက်လိုက်ရတော့မှာပေါ့၊ ခင်ဗျားက တကယ့် မကောင်းဆိုးရွားပဲသိလား၊ ဒီလိုမျိုးတွေ ဖြစ်လာအောင် အကွက်ချပြီး တမင်ကြံစည်တာ” ဒဂ်ဂရီက ပြောတယ်။
“အေးပါကွာ” ဦလေးအင်ဒရူးက ညစ်ကျယ်ကျယ်ပြုံးတယ်။
“ကျုပ်သွားမယ်၊ ဒီနေ့အချိန်ထိ မှော်ပညာဆိုတာကို တစ်ခါမှ မယုံကြည်ခဲ့ဘူး၊ အခုတော့ လက်တွေ့မြင်ရတော့မယ်၊ ရှေးဟောင်း မှော်ပုံပြင်တွေက တကယ်မှန်ရင်လဲ မှန်နေမှာပေါ့၊
ခင်ဗျားကတော့ ပုံပြင်ထဲကလို ကောက်ကျစ်တဲ့စုန်းအိုကြီးပဲ၊ စုန်းအိုကြီးတွေ နောက်ဆုံးမှာ ဒုက္ခရောက်တဲ့ ပုံပြင်မျိုး ကျုပ်မဖတ်ဘူးသေးပေမယ့် ခင်ဗျား ဒုက္ခရောက်အောင်တော့ ကျုပ်လုပ်ပြမယ်”
ဒဂ်ဂရီ ဒီလိုတွေ ပြောနေတော့ ဦးလေးအင်ဒရူး နည်းနည်းတော့ စိတ်မကောင်းဖြစ်သွားတယ်။
သို့ပေမယ့်လဲ ပေါ့ပေါ့ပါးပါးရယ်လိုက်ရင်း “ငါ ဒုက္ခရောက်မလား မရောက်ဘူးလားဆိုတာ မင်းစိတ်ပူရမှာ မဟုတ်ဘူးကွ၊ မင်းသူငယ်ချင်းမလေးကိုပဲ စိတ်ပူရမှာ၊ သူမရောက်သွားတာ နည်းနည်းကြာပြီဆိုတော့ အန္တရာယ်ရှိရင် ရှိနိုင်တယ်”
“ဂရုစိုက်ချင်ယောင်ဆောင်နေသေးတယ်၊ ကျုပ်ဘာလုပ်ရမလဲဘဲ ပြောစမ်းပါ” ဒဂ်ဂရီ စိတ်မရှည်စွာပြောတယ်။
“မင်းဒေါသကို မင်းထိန်းနိုင်အောင် ကြိုးစားစမ်းပါ ငါ့တူရာ၊ မဟုတ်ရင် အန်တီလစ်တီလို ဒေါသကြီးတဲ့သူဖြစ်သွားမယ်၊ ကဲအခုသေချာနားထောင်ထား”
ဦးလေးအင်ဒရူးက လက်အိတ်တစ်ခုစွတ်လိုက်ပြီး သစ်သားဗန်းထဲက လက်စွပ်တွေကိုယူလိုက်တယ်။
“ဒီလက်စွပ်တွေက အရေပြားနဲ့ထိမှာ အစွမ်းပြတာ၊ ဒီလိုလက်အိတ်ဝတ်ထားရင် လက်စွပ်တွေကို ကိုင်လို့ရတယ်၊ အိတ်ကပ်ထဲ ထည့်ထားရင်လဲရတယ်၊ ဒါပေမယ့် အိတ်ကပ်ထဲက လက်စွပ်တွေကို လက်နဲ့ မေ့ပြီးထိမိတာမျိုး မဖြစ်စေနဲ့၊
အဝါရောင်လက်စွပ်ကို မင်းထိလိုက်တာနဲ့ တခြားကမ္ဘာကိုရောက်သွားမယ်၊ အစိမ်းရောင် လက်စွပ်ကို ထိလိုက်တာနဲ့ ဒီဘက်ကမ္ဘာကို ပြန်ရောက်လာမယ်၊
ကဲအခု မင်းရဲ့ ညာဘက်အိတ်ကပ်ထဲကို အစိမ်းရောင်လက်စွပ်နှစ်ကွင်းလုံး ငါထည့်ပေးလိုက်ပြီ၊ သတိထား၊ G က အစိမ်းရောင် ၊ R က ညာဘက် ၊ GREEN ရဲ့ စာလုံးအစ GR၊ တစ်ခုက မင်းအတွက် တစ်ခုက မင်းသူငယ်ချင်းမလေးအတွက်၊ လုံးဝထွက်မကျအောင် ဂရုစိုက်”
ဒဂ်ဂရီက အဝါရောင်လက်စွပ်ကို ကောက်ကိုင်ဖို့ လုပ်ရင်း “ကျွန်တော့်အမေကိုရော အမေက ကျွန်တော်ဘယ်ရောက်သွားလဲ မေးရင် ဘယ်လိုလုပ်မှာလဲ”
“မင်းရောက်သွားပြီးတာနဲ့ ချက်ချင်းပြန်လာနိုင်မှာပါ”ဦးလေးအင်ဒရူးက တက်တက်ကြွကြွပြောတယ်။
“ကျုပ်တို့ ပြန်ရောက်မလားဆိုတာ တကယ်သေချာရဲ့လား”
ဒဂ်ဂရီကို ဦးလေးအင်ဒရူးက ပုခုံးတွန့်ပြပြီး တံခါးဆီလျှောက်လာကာ ဆွဲဖွင့်လိုက်တယ်။ ထွက်သွားလိုက်တော့ပေါ့လေ။
“မင်းအဲ့လောက်စိတ်ပူတတ်နေရင်လဲ၊ ညစာသာ သွားစားပါတော့၊ ဟိုကောင်မလေးကို ဘာမှန်းမသိတဲ့နေရာမှာ ဘာမှန်းမသိတဲ့ တိရိစ္ဆာန်တွေ ရန်ပြုတာခံရအောင် လွတ်ထားလိုက်ပေါ့၊
လက်ဖက်ရည်သောက်ချိန်မရောက်ခင်တော့ ပလမ်မာတို့ အိမ်ကိုသွားပြီး သူတို့သမီးလေးပျောက်သွားပြီဆိုတဲ့ အကြောင်းနဲ့ မင်းလက်စွပ်ဝတ်ရမှာ အရမ်းကြောက်နေတဲ့အကြောင်းလေးကို ငါ့အစားသွားပြောပေးစမ်းပါ”
“ခင်ဗျားနဲ့ ရွယ်တူဖြစ်ချင်လိုက်တာ အဲ့တာမှ ခင်ဗျားကို ပိတ်ရိုက်ပစ်လို့ရမှာ” ဒဂ်ဂရီက ပြောတယ်။
နောက်တော့ ဒဂ်ဂရီ သူ့အင်္ကျီကို ကြယ်သီးသေချာတပ်၊ အသက်ကို ပြင်းပြင်းရှုပြီး လက်စွပ်ကို ဝတ်လိုက်ပါတော့တယ်။
ဒီလိုသတ္တိရှိတဲ့အလုပ်မျိုးကို နောက်ဘယ်တော့မှ လုပ်ဖြစ်တော့မှာ မဟုတ်ဘူးလို့လဲ သူတွေးလိုက်မိသေးတယ်။
အခန်း 2 ပြီးပါပြီ။
????????????????
The Chronicles of Narnia Book 1, The Magician's Nephew ရဲ့ Chapter 2 - Digory and His Uncle
ကို Nicolette မှ ဘာသာပြန်ဆိုပါတယ် ?
⛔ပြန်ကူးတင်ခွင့်မပြုပါ⛔
ဖြည်းဖြည်းချင်း ဘာသာပြန်သွားမှာမို့လို့ စောင့်ဖတ်ပေးကြပါဦးနော် ✌?
ဖတ်သင့်တဲ့ English စာအုပ်ကောင်းလေးတွေ၊ learning tips တွေ နဲ့ ဘာသာပြန်ဝတ္ထုတွေကို ရေးသားသွားဦးမှာဖြစ်လို့ အကောင့်လေးကို follow လုပ်သွားကြပါဦးနော် ?
Keep Reading