Author's Profile Photo

စာကြမ်းပိုး

10/05/2024

ပရကထာ ပါရဂူ

1 min read
Book Review
ပရကထာ
ပါရဂူ's photo


စာမျက်နှာ ၃၂၆
ပထမအကြိမ်
စေတနာစာပေ

မိမိအကြောင်းကို မိမိကိုယ်တိုင်ရေးထားတာမျိုးဆိုရင် "အတ္တကထာ" လို့ခေါ်ပြီး သူတပါးအကြောင်းရေးထားတယ်ဆိုရင် "ပရကထာ" လို့ခေါ်ပါသတဲ့။ Autography နဲ့ Biography ကွာခြားသလိုပါပဲတဲ့။

ဆရာကြီးပါရဂူက သူနဲ့လက်လှမ်းမီတဲ့ စာရေးဆရာကြီးတွေအကြောင်းကို တစေ့တစောင်းရေးထားတာပါ။ အမှာစာမှာကတည်းက ကြိုက်သွားတာ။ အိန္ဒိယ ရိုးရာ "သဒ္ဒဝေဓီ " လေးပစ်နည်းနဲ့ ခိုင်းနှိုင်းသွားတာ သိပ်သဘောကျသွားတာပဲ။

ဒီးဒုတ် ဦးဘချိုအကြောင်းဖတ်လိုက်ရတော့ ဒီစာအုပ်ကို လက်ကမချနိုင်ဖြစ်သွားပြီ။။ ရှင်စောပု၊ စောမာလာ ၊ ပုသိမ်စား တို့နဲ့ဇာတ်လမ်းဖွဲ့ထားတဲ့ "ဘွေသီဟာ " ဆိုတဲ့ သမိုင်းနောက်ခံဝတ္ထုတောင်ဖတ်ချင်သွားတယ် ။ တကယ်။

ဆရာကြီးဇေယျပြောသွားတဲ့ စာရေးဆရာ ရဲ့တာဝန်အပေါ် ခံယူချက်ကိုသိပ်သဘောကျမိသလို အမျိုးသားပညာဝန်ဦးဖိုးကျားရဲ့ မျိုးချစ်စိတ်ဓာတ်ပြင်းထန်ပုံကိုလည်းလေးစားမိတယ်။ ဦးဖိုးကျားရဲ့ "ခေတ်မီ မြန်မာရာဇဝင် အကျဉ်းချုပ်တော့ဖတ်ပြီးပြီ ။ "မြန်မာ့ဂုဏ်ရည်" နဲ့ "ငါးရာ့ငါးဆယ်ကောက်နုတ်ချက်များ" တော့မဖတ်ဖူးသေးဘူး။ဖတ်ချင်လိုက်တာ ဆိုတာ။ဒါက တယောက်နှစ်ယောက်ကို ဥပမာပြထားတာပါ။ဆရာဇော်ဂျီ ၊ ဒဂုန်ခင်ခင်လေး၊ လူထုဦးလှ ၊ လူထုဒေါ်အမာ ၊ သိန်းဖေမြင့် ၊ ဂျာနယ်ကျော်မမလေး ၊ နန္ဒ ၊ ဒဂုန်တာရာ စသဖြင့် အဲ့ဒီလိုပညာရှင်စာရေးဆရာ ကြီးတွေ ၂၁ ယောက်ရဲ့အကြောင်းမို့ဖတ်ရတာလေးစားအားကျဖွယ်ရာ ဖြစ်ပါတယ်။

ကျွန်မစိတ်ထဲ ဖတ်ရတာ မှတ်မှတ်ထင်ထင်အရှိဆုံးနဲ့ အလွယ်ကူဆုံးကတော့ "အိုးဝေဦးညိုမြ " အကြောင်းပါပဲ။ လူရဲ့ပုံစံနဲ့ ကလောင်အရေးအသားမတူပုံ ၊ သူရေးတဲ့ စာတွေဟာ ဟင်းအမည်စုံတဲ့ထမင်းပွဲနဲ့တူပုံကို ရေးသားထားတာတွေက စိတ်ထဲစွဲနေပါတယ်။ "ကုန်းဘောင်ရှာပုံတော်" ကို အလွန်ကြိုက်ထားတာလည်း ပါမယ်ထင်တယ်။

ဆရာကြီးဗန်းမော်တင်အောင်ကို ပြည်သူ လူထု က သိပ်ချစ်ကြတဲ့အကြောင်းရေးထားတာလည်းဖတ်ရင်းနဲ့ ကိုယ်တောင်လေးစားကြည်ညိုလာမိတယ်။ ကိုယ့်ကိုလေးလေးစားစားဆက်ဆံတဲ့သူကို ကို အလေးစားခံရတဲ့သူက လည်း ပြန်ပြီးချစ်ခင်လေးစားတာဟာ ထုံးစံပါပဲလားလို့ တွေးမိတယ်။ ဆရာကြီး "ဒဂုန်တာရာ " ပါတိတ်အကျီ အဆင်သဘောကျတာကတော့ "ကွမ်းစကားပေါင်းချုပ်" ထဲမှာလည်းတခါ ဖတ်ဖူးတယ်။ အဲ့ဒီလို အရင်ဖတ်တဲ့စာအုပ်နဲ့ နောက်ဖတ်တဲ့စာအုပ် ချိတ်မိသွားတဲ့ ခံစားချက်ကိုလည်း သိပ်ကြိုက်ပဲ :D

ဒီစာအုပ်ကိုဖတ်ခြင်းအားဖြင့် စာပေပညာရှင်ကြီးတွေရဲ့အကြောင်းသာမက သူတို့ရဲ့ထင်ရှားတဲ့လက်ရာတွေကိုသိသွားမယ့်အပြင် သူတို့လက်ရာတွေထဲက စာအချို့ကိုပါ မြည်းစမ်းဖတ်ရှုခွင့်ရမှာမို့ စာချစ်သူတို့အကြိုက် စာအုပ်ကောင်းတအုပ်ဖြစ်မှာသေချာပါတယ်။

ဆရာကြီး ပါရဂူ စာအုပ်တွေက (ကျွန်မအတွက်) ဖတ်ရတာ အာရုံလည်းစိုက်ရတယ်။ အချိန်လည်းအတော်ပေးရတယ်။ အမှန်အတိုင်းပြောရရင် နည်းနည်းလည်းငိုက်တယ် :D ။ ဒါကြောင့်များများ မှတ်မိအောင်ဆိုပြီး မှတ်စုတွေရေး တဲ့အပြင် အညွှန်းကိုပါရှည်ရှည်ရေးမိသွားတတ်လို့ပါ။ အညွှန်းရှည်သွားရင်ခွင့်လွှတ်ကြပါနော်၊ ဒါတောင် အများကြီး ပြန်ဖျက်ထားသေးတယ် ။

ဝတ်မှုံလေး (စာကြမ်းပိုး)
www.wuthmonelay.blogspot.com

Keep Reading

နည်းပညာခေတ်နဲ့ လုပ်ရည်ကိုင်ရည်သည်းခြေကြိုက် စာအုပ် ၆ အုပ်အာရုံစူးစိုက်မှုအချိန်ဆွဲတဲ့အကျင့်ဆိုးစိတ်ညစ်စရာကြားကဆေးတစ်ခွက်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါအင်တာနက်နဲ့ လူနေမှုဘဝ လိုမှသုံးပါညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုး