အက္ခရာ - Haruki
တကယ်စီးပွားရေးလုပ်တဲ့အခါ ကျောင်းမှာသင်တဲ့စာနဲ့လက်တွေ့ အဓိကကွာခြားချက်
Founder of Clover Cosmetic & Skincare - Ma Soe DaYi Myint
(Story of Burma Podcast ( Part ~ 9 ) ကိုနားထောင်ရေးသားထားခြင်းဖြစ်ပါသည်။ )
ဒီမေးခွန်းကိုလည်း တော်တော်များများ ကျွန်မကိုမေးကြတယ်။ အထူးသဖြင့် Oversee မှာကျောင်းတက်ချင်တာတို့၊ အထက်တန်းအောင်ပြီးတာနဲ့ တက္ကသိုလ်တန်းတက်သင့်လား၊ မသင့်လား မေးတဲ့လူငယ်တွေလည်း ရှိပါတယ်။
ကျွန်မရဲ့ အတွေ့အကြုံအရပြောရမယ်ဆိုရင်တော့
တက္ကသိုလ်ဆိုတာ guide line ( လမ်းညွှန်မှု ) တစ်ခုပါ။ Guide Line မှာ ၂ ပိုင်းရှိတယ်။ အဲ့တာတွေက ဘဝ Guide Line နဲ့ စာ Guide Line ပါ။
Guide Line ရဲ့သဘောက ဘယ်လိုပဲဖြစ်ဖြစ် Guide Line လောက်ပဲရပါမယ်။ အကြမ်းပေါ့။
စာအရဆိုရင် framework ပဲပြောပြတယ်။ ဥပမာ - ဒီစီပွားရေးလုပ်ရင် ဘယ်လိုမျိုး Research လုပ်ရမယ်၊ ဘယ်လိုမျိုး Service ပေးရမယ်၊ ဘယ်လိုမျိုးလေ့လာရမယ် စသဖြင့်ပြောမယ်ပေါ့။
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့မှာ ဆိုင်တစ်ခုဖွင့်မယ်ဆိုပါစို့။ ဘာဆိုင်ဖွင့်မှာလဲ။ ဒါကို စာကသင်ပေးမှာမဟုတ်ဘူး။ ကျောင်းကသင်ပေးမှာမဟုတ်ပါဘူး။ ဒါက ခုနက Guide Line ပေါ်မှာအသုံးချပြီးတော့ ကိုယ်လက်တွေ့လုပ်တဲ့အချိန်မှာ ဘာလုပ်ရမလဲဆိုတာကို ထပ်လေ့လာမှာဖြစ်ပါတယ်။ ဒါကြောင့်မလို့ အဲ့တာက အတွေ့အကြုံဖြစ်သွားပါပြီ။
ဒီနိုင်ငံ၊ ဒီမြို့၊ ဒီမြို့နယ်မှာ ဘာစီးပွားရေးလုပ်လို့ကောင်းမလဲဆိုတာက experience (အတွေ့အကြုံ) ဖြစ်ပြီး ဒီ experience မတိုင်ခင်ကတော့ ကျောင်းက Guide ပေးတာဖြစ်ပါတယ်။
နောက်ပြီး တက္ကသိုလ်က ဘာသင်ပေးသေးလဲဆိုတော့
အထူးသဖြင့် မိဘအိမ်နဲ့မနီးတဲ့နေရာကိုသွားမယ်ဆိုရင် ဘဝရဲ့အကြောင်းကိုသင်ပေးတယ်။
အထက်တန်းကျောင်းထိ တော်တော်များများက မိသားစုနဲ့နေတယ်။ ဒီလို မိသားစု အဖေ၊ အမေ မိဘအောက်မှာနေတဲ့အတွက် မိဘရဲ့ပံ့ပိုးမှုရှိပါတယ်။
ကျွန်မ နိုင်ငံခြားမှာ တက္ကသိုလ်စတက်တော့ ကိုယ့်ပိုက်ဆံနဲ့တော့မဟုတ်ပါဘူး။ ရေ၊ မီး၊ ငှားခဖိုးတွေကို အချိန်တန်မပေးခဲ့ဖူးတာတွေ ရှိပါတယ်။ ငှားခအချိန်တန်မပေးတော့ အိမ်ရှင်ကပြောပြီလေ။
" ငါ့ကို ငှားခမပေးဘူးလား။ ပေးဦးနော်။ " စသဖြင့်ပေါ့။
အဲ့တာနဲ့ ကျွန်မတိုင်ပင်ဖြစ်သွားတယ်။ ဒါကို ဘယ်လိုဖြေရှင်းရမလဲ၊ ဘယ်လိုလုပ်ရင်အဆင်ပြေမလဲပေါ့။ ဒါကျောင်းကသင်ပေးတယ်လို့ပြောရမယ်။
ကျွန်မကျောင်းတက်ရင်းနဲ့ အချိန်ကိုလေးစားဖို့၊ ငှားခအချိန်တန်ပေးဖို့၊ ကိုယ်ရဲ့ကုန်ကျစရိတ်ကို ဆင်ခြင်နိုင်ဖို့၊ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဖို့၊ ကိုယ်တိုင်ဆုံးဖြတ်နိုင်ဖို့၊ တာဝန်ယူရဲဖို့ ပိုပြီးသိမြင်လာခဲ့ပါတယ်။ ပြီးတော့ အရာရာဟာ ကိုယ်လုပ်မှ ကိုယ်ရမယ်ဆိုတာကိုလည်း လက်ခံခဲ့ရပါတယ်။
ဒါဟာကျောင်းမှာသင်ပေးတာမဟုတ်ပေမယ့် ကျွန်မ ကျောင်းတက်ရင်းရခဲ့တဲ့ ဘဝ သင်ခန်းစာတွေပေါ့။
နိုင်ငံခြားမှာကျောင်းတက်ချင်တဲ့သူတွေကို အားပေးလား၊ အားမပေးလားမေးမယ်ဆိုရင် အရင်ဆုံး မိဘနဲ့တိုင်ပင်ဖို့ပြောချင်ပါတယ်။ မိဘနဲ့တိုင်ပင်လို့ အခွင့်အရေးပေးမယ်၊ ပံ့ပိုးပေးမယ်ဆိုရင်တော့ တက်ဖို့ ကျွန်မအားပေးပါတယ်။
ကိုယ်မရင်းနှီးတဲ့နေရာကိုရောက်မှ Real Life အတွေ့အကြုံကို ကောင်းကောင်းကြီး ခံစားသိမြင်နိုင်မှာလေ။ ဒီလိုအတွေ့အကြုံရင့်ကျက်လာတဲ့အခါ ကိုယ့်ဘေးမှာဘယ်သူမှ မရှိတော့ရင်တောင် ကိုယ်တစ်ယောက်တည်းရပ်တည်လာနိုင်ပါလိမ့်မယ်။
ကျောင်းမှာသင်တဲ့စာအုပ်တွေက သီအိုရီ။ သီအိုရီအကုန်လုံးကို ဆရာက အချိန်အပိုင်းအခြားတစ်ခုအတွင်း အကုန်မသင်နိုင်ပါဘူး။ သင်နိုင်တယ်ဆိုရင်တောင် နောက်ပိုင်းကိုယ့်ဘာသာပြန်လေ့လာရတာကြီးပါပဲ။
ဒါကြောင့် ကျွန်မ နောက်ဆုံးအနေနဲ့ ကျောင်းမတက်တဲ့သူတွေကို တစ်ခုပြောချင်ပါတယ်။ သီအိုရီတွေဘာတွေဆိုတာ ကျောင်းတက်မှရတာမဟုတ်ပါဘူး။ ကိုယ့်ဘာသာလေ့လာလည်း ရပါတယ်။ ဒါကြောင့် ကျောင်းမတက်ဖြစ်ရင်တောင် ကိုယ့်ဘာသာ တတ်နိုင်သလောက်လေ့လာပါ။
? Story of Burma Podcast မှတဆင့်လည်း နားဆင်နိုင်ပါတယ်ခင်ဗျာ။
Youtube ?
https://youtu.be/evliRGQ_O6I?si=UzxnRg0KIyJmD90j
Facebook ?
https://www.facebook.com/share/v/5U7cquGtHfbEswn3/?mibextid=oFDknk
နွေဦးအက္ခရာ
Keep Reading