Kaung Hein Soe - Strategic
အားလုံးပဲ မင်္ဂလာပါ။
ဒီနေ့မှာတော့ ကျွန်တော်က ငွေကြေးဆိုင်ရာ အကြောင်းအရာလေးတစ်ခုကို ထပ်ပြီးတော့ မျှဝေပေးချင်ပါတယ်။ အဲဒီတော့ ဒီနေ့ပြောချင်တဲ့အကြောင်းအရာက ငွေရှာဖွေနည်းတွေ ဘယ်နှနည်းရှိသလဲ၊ ဘယ်နည်းတွေက ကောင်းကျိုးဆိုးကျိုး ဘယ်လိုရှိမလဲဆိုတာကို ကျွန်တော်က ပြောပြချင်တာဖြစ်ပါတယ်။ဆက်ပြီးတော့ လေ့လာကြည့်ပါဦးဗျ။
အဲဒီတော့ ကျွန်တော်တို့ မေးခွန်းလေးတစ်ခု ကျွန်တော်မေးလေ့ရှိတယ်ပေါ့ဗျာ။ Personal Finance ဆိုင်ရာဆိုတော့။ အဲဒီတော့ မေးခွန်းက ဘာမေးခွန်းလဲဆိုတော့-
“ငွေရှာဖွေနည်း ဘယ်နှနည်းလောက် ရှိမယ်ထင်သလဲ”
ကျွန်တော်တို့က ဒီလိုမေးလေ့ရှိပါတယ်။ အဲဒီတော့ များကြီးဖြေကြတာပေါ့ဗျာ။ ငွေရှာတဲ့နည်းက ဘယ်လိုနည်းနဲ့ ငွေရှာမယ်၊ အလုပ်လုပ်မယ်၊ဝန်ထမ်းလုပ်မယ်၊ ကိုယ်ပိုင်လုပ်ငန်းလုပ်မယ်၊ ထားပါတော့. . . ဘာလုပ်ညာလုပ်ပေါ့၊ ဆိုင်ကယ် ကယ်ရီ မောင်းမယ်။ ဒါမျိုး ကျွန်တော်တို့က ပြောလေ့ရှိကြတယ်။
အဲဒီတော့ ငွေရှာဖွေတဲ့နည်းတွေကို ကျွန်တော်တို့ အကျဉ်းချုပ်လိုက်ရင် အားလုံးပေါင်း လေးနည်းပဲ ရှိပါတယ်။
ပထမ နည်းတစ်ခုက ဘာလဲဆိုတော့ “ငွေကို လုပ်အားနဲ့လဲတဲ့နည်း”ဖြစ်ပါတယ်။
(လုပ်အားနဲ့လဲမယ်)
နောက်တစ်နည်းကကျတော့ “အချိန်နဲ့လဲတဲ့နည်း” ဖြစ်ပါတယ်။
(အချိန်နဲ့လဲတဲ့နည်း)
နောက်တစ်ခုက “ငွေကို ကျွမ်းကျင်မှုနဲ့လဲတဲ့နည်း” ဖြစ်ပါတယ်။တစ်နည်းအားဖြင့် Skill လို့ ခေါ်တာပေါ့နော်။
(ကျွမ်းကျင်မှုနဲ့ ကျွန်တော်တို့လဲမယ်)
နောက်ဆုံးတစ်ခုကတော့ “ငွေကို ငွေနဲ့ လဲပြီးတော့ ရှာတဲ့နည်းစနစ်”ဖြစ်ပါတယ်။
(ငွေကို ငွေနဲ့လဲတဲ့နည်း)
အဲဒီတော့ ဒီလေးခုလေးအကြောင်းကို အသေးစိတ်လေး ကျွန်တော်ထပ်ပြီးတော့ ရှင်းပြချင်ပါတယ်။ နားထောင်ကြည့်ပါ ဦးဗျ။
ပထမဦးဆုံးနည်းလမ်းတစ်ခုက “ငွေကို လုပ်အားနဲ့ လဲတဲ့နည်းလမ်း”တစ်ခု ဖြစ်ပါတယ်။ ငွေကို လုပ်အားနဲ့လဲတဲ့နည်းကတော့ ရှင်းပါတယ်ဗျာ။ထားပါတော့... ကျွန်တော်က ဆန်အိတ်သွားသယ်မယ်။ ဒါမှမဟုတ်ကျွန်တော်က ဆိုက်ကားနင်းမယ်။ ကျွန်တော့်လုပ်အားကိုသုံးပြီးတော့အလုပ်တစ်ခုခု ကျွန်တော့်ရဲ့ Customer တွေ၊ တခြားသူတွေကိုလုပ်ပေးလိုက်မယ်။ ဒီလိုနဲ့ အခကြေးငွေတွေရမယ်။ ဒီနည်းလမ်း ဖြစ်ပါတယ်။
အဲဒီတော့ ဒီနည်းလမ်းသည် လူအများစုကလုပ်နိုင်တဲ့နည်းဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က လက်နှစ်ဖက် ခြေနှစ်ဖက်နဲ့ခွန်အားရှိတဲ့ ကျန်းမာသန်စွမ်းတဲ့လူတိုင်းသည် လုပ်အားနဲ့ ငွေကိုလဲလို့ရတယ်။ အဲဒီတော့ အလွယ်တကူ လုပ်လို့ရတာသည် သူ့ရဲ့ကောင်းကျိုးဖြစ်တယ်။ သူ့ရဲ့ ကောင်းကျိုး တစ်ချက်ပဲရှိသလို သူ့ရဲ့ဆိုးကျိုးတွေကများနေတယ်။ အဲဒီတော့ ဘာဆိုးကျိုးလဲဆိုတော့ ခင်ဗျားဗျာ လူအများစုကလုပ်လို့ရတယ် လုပ်လို့ရတဲ့နည်းလမ်းဖြစ်နေတဲ့အတွက် ခင်ဗျားသည် အလွယ်တကူ အစားထိုးခံရနိုင်တယ်။
အဲဒီတော့ ထားပါတော့ဗျာ။ ဥပမာ ကျွန်တော်က ဆန်အိတ်သယ်မယ်၊ ကျွန်တော် မသယ်ချင်ဘူး၊ ဒီနေ့ အလုပ်မလုပ်ချင်ဘူး။ ကျွန်တော့်ကိုလိုက်ပြီးတော့ ဘယ်သူကမှ အတင်းချော့ပြီးတော့ လုပ်ပါလို့ ချော့နေမှာမဟုတ်ဘူး။ မင်းမသယ်ချင်သွား၊ မင်းလိုမျိုးလုပ်မယ့်လူ အပြင်မှာ ၉၉ယောက်ရှိတယ် ပြောမှာပေါ့။ အဲဒီတော့ အစားထိုးခံရနိုင်ခြေများတယ်။
နောက် သူ့ရဲ့ဆိုးကျိုးတစ်ချက်ရှိတယ်။ နောက်ထပ်ဆိုးကျိုးကဘာလဲဆိုတော့ ကျွန်တော်တို့ရဲ့ ခွန်အားသည် အကန့်အသတ် ရှိတယ်။ ထားပါတော့... ကျွန်တော်က ဆန်အိတ်တစ်အိတ်သယ်လို့ တစ် သောင်းရမယ်ပဲထား၊ ဒါ အများကြီး ကျွန်တော် လုပ်ခလစာပေးထားပြီ။ အဲဒီတော့ကျွန်တော် တစ်ရက်ကို ဆန်အိတ် ဘယ်နှအိတ်သယ်နိုင်မလဲ။ သေချာတာက ကျွန်တော် ဆန်အိတ် တစ်ရက်ကို အိတ် ၁ဝဝ သယ်နိုင်တယ်ပဲထား။ တစ်သောင်းဆိုရင် ကျွန်တော်တစ်သိန်းရမယ်။ ဆန်အိတ် ၁ဝဝသယ်နိုင်ပြီးရင် ကျွန်တော် နောက် သုံးလေးငါးရက် နားရဦးမယ်။ အဲဒီတော့တစ်သိန်းရတဲ့အခြေအနေသည် ကျွန်တော့် အတွက် သူဌေးဖြစ်နိုင်လားဆိုရင်သူဌေးမဖြစ်နိုင်ဘူး။ ဒါက ဒီနည်းလမ်းရဲ့ဆိုးကျိုးတွေ။
ဒုတိယမြောက် ကျွန်တော်တို့ ငွေရှာတဲ့နည်းလမ်းက ငွေကို အချိန်နဲ့လဲတဲ့နည်းဖြစ်ပါတယ်။ Times ပေါ့ဗျာ... Times နဲ့ Money ကိုလဲမယ်ပေါ့ဗျာ။ အဲဒီတော့ ပုံမှန်အားဖြင့် ကျွန်တော်တို့က မနက် ရှစ်နာရီရုံးတက်မယ်။ ညနေခြောက်နာရီလောက် ကျွန်တော်တို့ ရုံးဆင်းမယ်။လကုန်ရင် ကျွန်တော်တို့ လစာရမယ်။ ဒါသည် ငွေကိုဘာနဲ့လဲတဲ့နည်းလဲ။ အချိန်နဲ့လဲတဲ့နည်း ဖြစ်တယ်။
အဲဒီတော့ ငွေကို အချိန်နဲ့လဲဖို့အတွက်က နည်းနည်းပိုပြီးတော့လိုအပ်ချက်တွေများတယ်။ အတွေ့အကြုံ နည်းနည်း ရှိဖို့လိုတယ်။ ဒါမှလခစားဝန်ထမ်းဖြစ်မယ်။ သို့မဟုတ် အတန်းပညာတစ်ခုခုနဲ့ ဒါမှ အလုပ်တစ်ခုရမယ်။ ဒီလိုအနေအထား ရှိပါတယ်။ အဲဒီတော့ ဒါ့အပြင် ကျွန်တော်တို့သည် ငွေကို အချိန်နဲ့လဲမယ်ဆိုရင် သူ့ရဲ့ ငွေရှာနိုင်တဲ့ပမာဏကနည်းနည်း ပိုမြင့်သွားတယ်။ ဒါမျိုးက ကျွန်တော်တို့အတွက် အားသာချက်ကောင်းတဲ့အချက်တွေလို့ပြောလို့ရတယ်။
ဒါပေမဲ့ ဒုတိယငွေရှာတဲ့နည်းလမ်းမှာလည်း ကျွန်တော်တို့သည်အားနည်းချက်တွေအများကြီးရှိသေးတယ်။ အဓိကအား နည်းချက်က ဘာလဲဆိုတော့ ကျွန်တော်တို့ရဲ့ခွန်အားက ကျွန်တော်တို့မှာ အကန့်အသတ်နဲ့ပဲရသလိုမျိုးပဲ အချိန်ကလည်းပဲ ကျွန်တော်တို့အတွက် အကန့်အသတ်နဲ့ပဲရတယ်။ လူတိုင်းသည် ၂၄ နာရီပဲရတယ်။ ကျွန်တော်က ကျွန်တော့်အလုပ် ရှစ်နာရီ လုပ်တဲ့အတွက် ငွေတစ်သိန်းရမယ်ဆိုရင် ကျွန်တော်သည် ငွေနှစ်သိန်းရဖို့အတွက် ၁၆ နာရီ အလုပ်လုပ်ရတော့မယ်။ ၂၄ နာရီဖြစ်တဲ့အတွက် သုံးသိန်းရမယ်ဆိုရင် ကျွန်တော်သည် ၂၄ နာရီလုံးအလုပ်လုပ်မှသုံးသိန်းရနိုင်တော့မယ်။ ဒီလို အချက် ရှိပါတယ်။
အဲဒီတော့ ကျွန်တော် ၂၄ နာရီလုံးအလုပ်လုပ်မှ သုံးသိန်းရမယ်ဆိုရင်ကျွန်တော့်ရဲ့ Limit က အမြင့်ဆုံး သုံးသိန်းဖြစ်သွားပြီ။ ဒါကြောင့်အချိန်ကာလကိုသုံးပြီး ငွေရှာခြင်းကလည်း ပမာဏ အကန့်အသတ်တစ်ခုရှိနေဆဲဖြစ်ပါတယ်။ ဒါက ငွေကို အချိန်နဲ့လဲတဲ့နည်းအကြောင်းပါ ။
နောက်ထပ် ငွေရှာတဲ့လမ်းလမ်းတစ်ခုကတော့ ငွေကို Skill နဲ့လဲတာဖြစ်ပါတယ်။
အဲဒီတော့ Skill ဆိုတာ ကျွမ်းကျင်မှုပေါ့။ ကျွမ်းကျင်မှုဆိုတာတစ်စုံတစ်ခုသောအရာကို တစ်စုံတစ်ခုသော စံနှုန်းအတိုင်း တစ်စုံတစ်ခုသော အချိန်အတွင်းမှာ ကျွန်တော်က ပြီးမြောက်အောင် စွမ်းဆောင်နိုင်တယ်။ ကျွန်တော်တို့ရဲ့ ကျွမ်းကျင်မှုပေါ့။ အဲဒီတော့ ကျွမ်းကျင်မှုရှိတဲ့လူကသူ့ရဲ့ကျွမ်းကျင်မှုတစ်ခုခု ပိုပြီးတော့ ကျွမ်းကျင်လေလေ ငွေရဖို့လွယ်လေလေဖြစ်တယ်။
ဥပမာ ထားပါတော့... ကျွန်တော်က Facebook Pageတွေအများကြီးရှိတယ်။ ဥပမာ ကျွန်တော်က Content Writing တွေ ကျွမ်းကျင်တယ်ပေါ့။ Skill ရှိတယ်။ ဒါဆို ကျွန်တော် စာရေးပြီးတော့ကျွန်တော့်ရဲ့ Content တွေကို ရောင်းစားမယ်။ ကျွန်တော့်ရဲ့ Content တစ်ခုကို ငါးထောင်ရမယ် ဆိုပါတော့။ ကျွန်တော်က ကျွမ်းကျင်တယ်ဆိုရင် ငါးမိနစ်တည်းနဲ့ငါးထောင် ရနိုင်တယ်။ Content တစ်ပုဒ်ပြီးသွားမယ်။ ဒီလိုမှ မဟုတ်ဘူး၊ ကျွန်တော်က တစ်နာရီကြာအောင်ရေးမှရမယ်ဆိုရင်တော့ တစ်နာရီနေတော့မှာ ငါးထောင်ရမယ်။ အဲလိုမဟုတ်ဘူး... ကျွန်တော်က ၁၅ မိနစ်လောက်နဲ့ ရအောင် လုပ်နိုင်တယ်ဆိုလည်း၁၅ မိနစ်နဲ့ရမယ်။ အဲဒီတော့ အချိန်ပေါ်မှာ မူတည်ခြင်းမရှိတော့ဘူး။Skill ဆိုတဲ့ ကျွမ်းကျင်မှုပေါ်မှာ မူတည်သွားတယ်။ အဲဒီတော့ ကျွမ်းကျင်မှုပေါ်မူတည်ပြီးတော့ ကျွန်တော်တို့က ငွေကို လဲလှယ်ရမယ်။
ဥပမာ ထားပါတော့... ကျွန်တော်တို့ကြည့်လိုက်ရင် ဘောလုံးသမားတွေ အလွန်ပဲ သူတို့ ဝင်ငွေတွေကောင်းတယ်။ ကောင်း ကြတယ်။ဘာကြောင့်လဲ။ သူတို့ရဲ့ ဘောလုံးကန်တဲ့ Skill ကြောင့်။ လုပ်အားကြောင့်မဟုတ်တော့ဘူး။ ဒါကြောင့် ဒါကို ကျွန်တော်တို့က ကွဲကွဲပြားပြားသိဖို့လိုတယ်။
အဲဒီတော့ ကိုယ်လုပ်နေတဲ့အလုပ်သည် ကိုယ့်ကို ဘာ Skillတစ်ခုပေးနိုင်သလဲ။ ဒါလည်း ကျွန်တော်တို့က အရေးကြီးတဲ့ထဲမှာ စဉ်းစားဖို့လိုတယ်။ ဆိုလိုတာက ကျွန်တော်တို့သည် နှစ်ပေါင်းနှစ်ဆယ် လုပ်သက်ကြီးလုပ်ခဲ့တယ်။ အဲဒီတော့ နှစ်ပေါင်းနှစ် ဆယ်လုပ်သက် တကယ်ရှိတာလား။ တစ်နှစ်စာလုပ်သက်ကို အကြိမ်နှစ်ဆယ်လောက်လုပ်နေတာလား။ တစ်နှစ်စာ လုပ်သက်ကို အကြိမ်နှစ်ဆယ်လောက်လုပ်နေတာဆိုရင်ကျွန်တော်တို့မှာ Skill တစ်ခုပေါ်လာဖို့ ခက်ခဲသွားတတ်တယ်။
အဲဒီတော့ Skill နဲ့ ငွေရှာခြင်းသည် ကျွန်တော်တို့ရဲ့ အဓိကကောင်းကျိုးက အချိန်ပေါ်မှာ မူမတည်ဘူး။ လုပ်အားပေါ်မှာ မူမတည်ဘူး။ဒါကြောင့် ငွေရှာနိုင်တဲ့ Limit က အများကြီးမြင့်သွားတယ်။ ကျွန်တော်တို့ဆို လက်ရှိက Skill နဲ့ ငွေရှာတယ် လို့ပြောလို့ရတယ်။ ထားပါတော့...ကျွန်တော်တို့ HR Company System တစ်ခုကို စနစ်တစ်ခုချပေးမယ်။
ကိုယ့်ရဲ့ ကျွမ်းကျင်မှုပေါ်မူတည်ပြီးတော့ တစ်လနဲ့လည်း ပြီးနိုင်တယ်။နှစ်ပတ်သုံးပတ်နဲ့လည်းပြီးနိုင်တယ်။ သုံးလေးငါးလ ကြာမှလည်း ပြီးနိုင်တယ်။ ဒီအတွက် ပရောဂျက်တစ်ခုစာ ကျွန်တော်တို့ရဲ့ ConsultancyFees တွေ ကျွန်တော်တို့ ရရှိမှာဖြစ်တယ်။
အဲဒီတော့ ဒါဘာလဲ... Skill နဲ့ ငွေရှာတာဖြစ်ပါတယ်။နောက်ဆုံးနည်းလမ်းကတော့ ငွေကို ငွေနဲ့ပြန်လဲပြီးတော့ ငွေရှာတဲ့နည်းဖြစ်ပါတယ်။
အဲဒီတော့ ထားပါတော့ဗျာ... သိန်း ၁ဝဝ ရင်းနှီးမြှုပ်နှံလိုက်မယ်။သိန်း ၁၅ဝ ပြန်ရမယ်။ သိန်း ၁ဝဝဝ ရင်းနှီးမြှုပ်နှံလိုက်မယ်။ သိန်း၁၁ဝဝ ပြန်ရမယ်။ ဒါဘာလဲ... ငွေကို ငွေနဲ့ပြန်ရှာတဲ့နည်း။ တစ်နည်းအားဖြင့်တော့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်တာ ဖြစ်ပါတယ်။ အဲဒီတော့ကျွန်တော်တို့က ဒါကတော့ အရမ်းရှင်းပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေလုပ်မယ်။ မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံ မှုကိုလုပ်နိုင်ရင် ငွေကိုငွေနဲ့ ပြန်ရှာမယ်။အဲဒီတော့ ခင်ဗျားက ခွန်အားလည်း သုံးစရာမလိုဘူး။ အချိန်တွေလည်း သုံးစရာ မလိုဘူး။ ရင်းနှီးမြှုပ်နှံမှုကောင်းရင် ကောင်းသလောက် Return ကောင်းကောင်းရမယ်။ ဒါသည် နောက်ဆုံးနည်း ဖြစ်ပါတယ်။
အဲဒီတော့ ပြန်ပြောရရင် (၄)နည်း ရှိတယ်။
၁။ ငွေကိုလုပ်အားနဲ့လဲမယ်။
၂။ ငွေကို အချိန်နဲ့လဲမယ်။
၃။ ငွေကို ကျွမ်းကျင်မှုနဲ့လဲမယ်။
၄။ ငွေကို ငွေနဲ့ပြန်လဲပြီးတော့ရှာတယ်။
အဲဒီတော့ ငွေကိုငွေနဲ့လဲ ပြန်ရှာဖို့ဆိုတာသည် ကျွန်တော်တို့မှာရင်းနှီးမြှုပ်နှံမှု အတွေ့အကြုံလေးတွေ ရှိဖို့လိုတယ်။ နောက် တစ်ခါ ငွေကြေးဆိုင်ရာ အသိပညာလေးတွေ ရှိဖို့လိုတယ်။ ဒါဆိုရင် အဆင်ပြေမှာဖြစ်တယ်။
အဲဒီတော့ နောက်ဆုံး နိဂုံးချုပ် ကျွန်တော်က ဘာပြောချင်လဲဆိုတော့ခင်ဗျားတို့ဘဝမှာ ငွေကြေး အဆင်ပြေချင်တယ်၊ ချမ်းသာချင်တယ်ဆိုရင်ခုန ငွေရှာတဲ့နည်းလမ်း လေးခုထဲမှာ နံပါတ် (၃) နဲ့ (၄) နှစ်ခုပေါ့။တစ်နည်းအားဖြင့် Skill နဲ့ ငွေကို လဲရင်လဲ၊ မလဲရင် ငွေကို ငွေနဲ့ပြန်လဲပြီးရှာတဲ့နည်းနှစ်ခုနဲ့ ငွေရှာမှသာ ငွေများများ အတိုင်းအဆမရှိ ပမာဏမရှိ ရနိုင်မှာ ဖြစ်တယ်။ တစ်နည်းအားဖြင့်တော့ ငွေကြေးအဆင်ပြေတဲ့ဘဝချမ်းသာတဲ့ဘဝကို အဲဒီနှစ်နည်းနဲ့ပဲ ရှာမှရမှာဖြစ်တယ်။
အဲဒီတော့ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ဖို့လိုတယ်။ ကိုယ်ကလက်ရှိ ဘယ်လိုနည်းလမ်းနဲ့ ငွေရှာနေတာလဲ။ လုပ်အားနဲ့လား၊ အချိန်နဲ့လား။ ဒါဆို ကျွန်တော်တို့သည် နောက်ထပ်တစ်ဆင့် ကျွမ်းကျင် မှုရအောင်တက်ဖို့လိုပါတယ်။ ကျွမ်းကျင်မှုမရှိဘဲ ခင်ဗျား အချိန်နဲ့ငွေရှာနေမယ်ဆိုရင် အချိန်မပေးနိုင်တော့တဲ့အချိန်မှာ၊ အလုပ်အတွက် အချိန်မပေးနိုင်တော့တဲ့အချိန်မှာ၊ ကျန်းမာရေးမကောင်းတော့တဲ့အချိန်မှာ၊ ခင်ဗျား အလုပ်မလုပ်နိုင်တော့တဲ့ ခွန်အားတွေ မရှိတော့တဲ့အချိန်မှာ ဘယ်လိုငွေ ရမလဲဆိုတာအရမ်း ကြီးမားတဲ့အခက်အခဲကြီးဖြစ်လာမှာ ဖြစ်ပါတယ်။ဒီလောက်ဆိုရင် ကျွန်တော့်ရဲ့ မျှဝေမှုလေးကို နားလည်ကြပြီထင်ပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်။
ကျွန်တော် ကောင်းဟိန်းစိုးပါ။
Keep Reading